Sunday, January 31, 2010

မိဘတွေကို ကြည့်ရင်ကိုယ့်ရဲ့ပုံရိပ်ကိုမြင်ရတယ်

မိဘတွေကို ကြည့်ရင်ကိုယ့်ရဲ့ပုံရိပ်ကိုမြင်ရတယ်
မိဘတွေရှိနေကြသေးရင်….
တစ်ရက်….မီးဖိုချောင်ဟာအရင်လိုမသန့်ရှင်းတော့ရင်….
တစ်ရက်….ပန်းကန်ဆေးတာမပြောင်တော့ရင်….
တစ်ရက်….အိုးခွက်တွေဟာအရင်လိုမတောက်ပြောင်တော့ရင်….
တစ်ရက်….ပန်းပင်တွေဟာပေါင်းမြက်တွေနဲ့ဖြစ်နေရင်….
တစ်ရက်….ကြမ်းပြင်နဲ့စင်တွေမှာ ဖုန်တွေထူနေရင်….
တစ်ရက်….ဟင်းတွေငန်လာရင်….
တစ်ရက်….အရာရာကိုမေ့လွယ်လာရင်….
တစ်ရက်….အလေ့ထေတွေဟာပျက်ပြယ်ကုန်ရင်….
တစ်ရက်….သစ်သီးတွေစားရတာကိုမကြိုက်တော့ရင်….
တစ်ရက်….ဆန်ပြုတ်စားရတာကြိုက်လာရင်….
တစ်ရက်….အသွားအလာအရမ်းနှေးကွေးလာရင်….
သူတို့ကအအေးမိရုံလောက်ပဲဆိုပြီး မနေပါနဲ့…အဲဒါဟာ…အိုလာတာပါ…..
တစ်ရက်….သူတို့အပြင်မထွက်တော့ရင်…
သူတို့တကယ်အိုလာပါပြီ။
သားသမီးတွေရဲ့ပြုစုမှုကိုလိုလားတဲ့အချိန်ပါ….
သူတို့ကိုအချိန်ပေးပါ…
စိတ်ရှည်ပါ…သည်းခံပါ…
သူတို့ဘာလုပ်လုပ်အရင်လိုမဟုတ်တော့ဘူး။
သူတို့ရဲ့အိပ်ယာတွေကို လဲပေးပါ…..သူတို့ဒါတွေကို သတိထားမိတော့မှာမဟုတ်ပါဘူး….
မိဘဆိုတဲ့ ဂုဏ်အတိုင်း တင့်တယ်အောင်ထားပါ……
ရေချိုးပေးပါ….ကိုယ်တိုင်သန့်စင်အောင်သူတို့မလုပ်နိုင်တော့ပါဘူး…..
သူတို့တွေစားလို့ရနိုင်တဲ့ အစားတွေချက်ထားပေးဖို့လည်း မမေ့ပါနဲ့…..
ကောင်းကောင်းဝါးနိုင်တဲ့ သွားတွေမရှိတော့ပါဘူး….
မွေးကင်းစကတည်းက မိဘတွေလုပ်ပေးနေတဲ့ အရာအားလုံးကိုမမေ့ပစ်ပါနဲ့…..
လမ်းလျှောက်တာတွေ၊ စာရေးတာတွေ၊ အစစအရာရာ အခြေခံကနေ သင်ပေးခဲ့တယ်….
သူတို့တကယ် ဘာမှအလုပ်မလုပ်နိုင်တော့ဘူးဆိုရင်…ကိုယ်ပြန်လုပ်ပေးရမဲ့အလှည့်ပါ….
အားလုံးမှတ်ထားကြပါ….မိဘတွေဟာကိုယ့်ရဲ့ပုံရိပ်ပါ…
အားလုံးလဲတနေ့အိုလာကြမှာပါ….
အိုတဲ့အချိန်မှာ ဘယ်လိုနေထိုင်ခြင်တယ်ဆိုတာ စဉ်းစားထားလား။
အခုလို လူလွတ်ဖြစ်နေတဲ့အချိန်မှာတောင် သင့်မိဘကို ဂရုစိုက်ဖူးလား။
သင့်မိဘကကော သင့်ကိုဘယ်အချိန်ထိစောင့်နေနိုင်အုန်းမှာလဲ။

သစ္စာပန္နက် အောင်ရှစ်ချက် ဂါထာ

သစ္စာပန္နက် အောင်ရှစ်ချက် ဂါထာ

ဇယစက္ကော ဇယန္တော ယော၊ ဇယိတဗ္ဗေ ဇယာသနေ။
ဇယာပေသိ ဇယေသီနံ၊ ဇယံ ဒေတု ဇယုတ္တရော။

ယော ဇယစက္ကော-ပါရမီတော်ဆယ်ချက် အောင်လက်နက်ပိုင်ရှင် အကြင်ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။
ဇယာသနေ-အောင်သိဒ္ဓိဆင်မြန်းသည့် ပလ္လင်နန်းမှန်ကင်း အောင်ဗောဓိပင်ရင်း၌။
ဇယိတဗ္ဗေ-အောင်အပ်သည့်တရား မာရ်ငါးပါး အပေါင်းတို့ကို။
ဇယန္တော-ပါရမီတော်စက် ဘုန်းလက်နက်ဖြင့် အကြွင်းမဲ့ချေမှုန်းလျက် ဖျက်ဖြုန်းကာ ပယ်ရှင်း၍ အောင်ခြင်းကြီး အောင်တော်မူခဲ့လေပြီ။

ဇယေသီနံ-မြတ်နိဗ္ဗာန်အောင်ခန်းနဲ့ အောင်ဘိသိက် ပန်းမဂ်ဖိုလ်ကို များထိုထိုဝဋ်အတွင်းမှ လွတ်ကင်းအောင် အာသာကြီးဖြင့် ရှာမှီးကာနေကြကုန်သော သူတို့အား။
ဇယာပေသိ-ကိုယ်တော်မြတ်နှင့်အတူ အောင်ပန်းကိုဆွတ်ချူ၍ ထွတ်အငူအမြိုက်ဓာတ်သို့ ဆိုက်ကပ်တော် မူစေ၍ အောင်စေတော်မူလေပြီ။

ဇယုတ္တရော-အောင်သူတကာတို့၏ မှန်ကင်း အောင်ခြင်းတကာတို့၏ ဦးသျှောင် ထွတ်ခေါင်မြတ်သရဖူ သယမ္ဘူမကိုဋ်ထီး အောင်ပွဲဝင်ပုဂ္ဂိုလ်ကြီး ဖြစ်ပေထသော။
သော ဇယစက္ကော-ထိုအောင်စက်သခင် ဘုရားရှင်သည်။
မေ-အောင်ဆုလိုငြား တပည့်တော်အား။
ဇယံ-အောင်ပန်းဝေမြိုင် အောင်ဖူးတွေ ကြိုင်လှိုင်သည့် အောင်သိဒ္ဓိ ပန်းခိုင်ကြီးကို။
ဒေတု-ကရာဏာရှေ့ထား၍ ပေးသနားတော်မူပါ့ အရှင်ဘုရား။

ဤဂါထာသည် ဇယ-အောင်ခြင်း-ဟု ရှစ်ကြိမ်တိတိ ပါ၍ အောင်ရှစ်ချက်ဂါထာ-ဟု အမည်တွင်သည်။ လူသားတို့သည် နေ့စဉ်နှင့်အမျှ စီးပွားရေး ကျန်းမာရေး ပညာရေး စသည့် လူမှုရေးရာ ကိစ္စအဖြာဖြာအတွက် သွာလာလှုပ်ရှားနေကြရသည်။ လှုပ်ရှားလုပ်ကိုင်ရသည့် ကိစ္စတိုင်းကိုလည်း အောင်မြင်လိုကြသည်။

ဤအောင်ရှစ်ချက် ဂါထာသည် ဘုရားရှင် ဗောဓိပင်နှင့် ရွှေပလ္လင်၌ အောင်သင့် အောင်ထိုက်သော အရာမှန်သမျှကို ကိုယ်တော်တိုင် အောင်မြင်၍ အောင်မြင်မှုကို ရယူလိုသူများကိုလည်း အောင်မြင်စေပုံကို ဖော်ညွှန်းထားသော ဂါထာဖြစ်သည်။ ယင်းဖော်ညွှန်းချက် အနက်အဓိပ္ပါယ်ကို အလေးအနက်အာရုံယူ၍ ဤဂါထာကို ရွတ်ဖတ်ပူဇော်လျှင် မိမိတို့ဆောင်ရွက်နေသော လူမှုကိစ္စအ၀၀ အောင်မြင်ရုံမျှမက ကိလေသာ တရား အားလုံးကိုပါ အောင်မြင်၍ မဂ်ဖိုလ်နိဗ္ဗာန်အထိ ဆိုက်ရောက်အောင်မြင်နိုင်သည်။

စွယ်တော်စေတီ လေးဆူ

စွယ်တော်စေတီ လေးဆူ

ငါတည်ထား ကိုးကွယ်တော်မူအပ်သော စွယ်တော်မြတ်လေးဆူကို
အကြင်သူသည် နောက်နေ့မကူး၊ နေ့ချင်းဖူး၏၊
လှူသည့်ကုသိုလ်၊ မပိုတူ၏၊
တောင်းဆိုစကား၊ မမှားတူ၏၊
သီလငါးချက်၊ မပျက်လုံ၏၊
ထိုသည့်သူအား၊ မကြာချက်ချင်း၊
လက်ငင်းကောင်းကျိုး၊ ထူးစေသတည်း။

အထက်ပါစာပိုဒ်မှာ အနော်ရထာမင်းကြီး၏ သစ္စာအဓိဋ္ဌာန်ဖြစ်သည်ဟု အစဉ်အလာ ဆိုရိုးရှိပါသည်။ ယခုအခါ ပုဂံဘုရားဖူးများသည် အထက်ပါ ဆိုရိုးစကားအတိုင်း ပုဂံတ၀ိုက်ရှိ စွယ်တော်စေတီလေးဆူကို ကြိုးစား၍ နေ့ချင်းဖူးမြော်လေ့ရှိကြပါသည်။ စွယ်တော်စေတီလေးဆူမှာ -
၁။ ရွှေစည်းခုံ စေတီတော်
၂။ တန့်ကြည့်တောင် စေတီတော်
၃။ လောကနန္ဒာ စေတီတော်
၎။ တုရင်တောင် စေတီတော် တို့ဖြစ်သည်။

(ရွှေစည်းခုံစေတီတော်)
အနော်ရထာမင်းကြီးသည် နန်းစံသက် ၁၄-နှစ်မြောက် သက္ကရာဇ် ၃၉၃-ခုနှစ်တွင် သီဟိုဠ်ကျွန်း (သီရိလင်္ကာ) သို့ တမန်စေလွှတ်၍ စွယ်တော်ပွားကို ပင့်ဆောင်စေသည်။ သီဟိုဠ် (သီရိလင်္ကာ) မင်း ဓာတုသေနသည် မြတ်စွာဘုရား၏ စွယ်တော်ပွားကို ပေးအပ်ခဲ့သည်။ အနော်ရထာမင်းကြီးသည် ရှင်အရဟံ၏ သြ၀ါဒကို ခံယူ၍ ပုဂံမြို့ အရှေ့မြောက်အရပ်တွင် စွယ်တော်ကို ဌာပနာ၍ ရွှေစည်းခုံစေတီတော်ကို တည်တော်မူသည်။ စေတီတော် မပြီးမီ မင်းကြီး နတ်ရွာစံသောကြောင့် သက္ကရာဇ် ၄၄၆-ခုနှစ်တွင် ထီးနန်းဆက်ခံသော သားတော် ကျန်စစ်သားမင်းကြီးက ဆက်၍ တည်တော်မူရာ သက္ကရာဇ် ၄၅၂-ခုနှစ် ကဆုန်လပြည့်နေ့တွင် ရွှေထီးတော် တင်လှူနိုင်ခဲ့သည်။

(တန့်ကြည့်တောင် စေတီတော်)
ပုဂံမြို့တဖက်ကမ်း တန့်ကြည့်တောင်ထိပ်ပေါ်တွင် တည်ရှိသည်။
မြတ်စွာဘုရား ဒေသစာရီ ကြွချီတော်မူစဉ် ရပ်တန့်၍ ကြည်ရှုတော်မူရာ တောင်ထိပ်ဖြစ်သောကြောင့် တန့်ကြည့်တောင်ဟု အမည်တွင်ခဲ့သည်။ သီရိဓမ္မာသောကမင်းကြီးက စေတီပေါင်း ရှစ်သောင်းလေးထောင် တည်ခဲ့ရာတွင် တန့်ကြည့်တောင်ထိပ်၌ စေတီတော်တဆူ တည်ခဲ့သည်။

ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးသည် ရှင်အရဟံ၏ မိန့်ကြားချက်အရ သီဟိုဠ် (သီရိလင်္ကာ)မှ ရသော စွယ်တော်ပွားတဆူကို ထိုစေတီတွင် ဌာပနာ၍ ပြုပြင်တည်ထားတော်မူခဲ့ခြင်း ဖြစ်သည်။

( လောကနန္ဒာ စေတီတော်)
ပုဂံမြို့တောင်ဘက် ဧရာဝတီ မြစ်ကမ်းနားထိပ်တွင် တည်ရှိသည်။
သီဟိုဠ်ကျွန်း (သီရိလင်္ကာ) မှ ပင့်ဆောင်လာသော စွယ်တော်များ တင်ဆောင်သည့် သင်္ဘော ဆိုက်ကပ်ရာ ဤနေရာတွင် စွယ်တော်တဆူကို ဌာပနာပြီး အနော်ရထာမင်းကြီးက တည်ထားခဲ့ခြင်း ဖြစ်သည်။ ဤစေတီတော်တွင် သက္ကရာဇ် ၅၆၉-ပါသော ကျောက်စာတချပ် အခိုင်အမာ တွေ့ရှိရသည်။

(တုရင်တော် စေတီတော် )
ပုဂံမြို့၏ အရှေ့တောင်ဘက် ခြောက်မိုင်ခန့်အကွာ တုရင်တောင်ပေါ်တွင် တည်ရှိသည်။
သီဟိုဠ်ကျွန်း (သီရိလင်္ကာ) မှ ပင့်ဆောင်လာသော စွယ်တော်ပွားတဆူကို သက္ကရာဇ် ၃၉၃-ခုနှစ်တွင် အနော်ရထာမင်းကြီးက တည်ထားတော်မူခြင်း ဖြစ်သည်။

လူငယ်များတွင် ရှိသင့်ရှိထိုက်သော ဂုဏ်ရည်များ

( လူငယ်များတွင် ရှိသင့်ရှိထိုက်သော ဂုဏ်ရည်များ)

( အချိန်မှန်ခြင်း)

လူငယ်မောင်မယ်များတွင် ရှိသင့်သောဂုဏ်ရည်တရပ်မှာ အချိန်မှန်ခြင်း (Punctuality) ပင် ဖြစ်ပါသည်။ အချိန်သည် တန်ဖိုးရှိပါသည်။ အချိန်နှင့် ဒီရေသည် လူကို မစောင့်-ဟူသော စကားပုံရှိပါသည်။ အချိန်သည် မှန်မှန်ကုန်လွန်နေသည်။ လူကိုစောင့်ဆိုင်းနေမည် မဟုတ်။ မိမိလုပ်ကိုင်ဆောင်ရွက်ရန်ရှိ
သည်တို့ကို သူ့အချိန်နှင့် သူ့အခါ လုပ်ကိုင်ဆောင်ရွက်မှသာ လိုရာကိစ္စ ပြီးမြောက်နိုင်ပါသည်။

လသာတုန်း ဗိုင်းငင်၊
နေပူတုန်း စပါးလှန်း၊
မိုးရွာတုန်း ရေခံ-ဟူ၍ လူကြီးသူမတို့က အချိန်ကာလ၊ အခွင့်အလမ်းကို လက်လွတ်မခံဘဲ သူ့အချိန်နှင့်သူ၊ သူ့အခါနှင့်သူ သတိပြု ဂရုစိုက်လျက် လုပ်ကိုင်သင့်ကြောင်း အကြံဉာဏ်ပေးတိုက်တွန်းထားပါသည်။ အချိန်ရှိခိုက်တွင် လုံ့လစိုက်ရပါမည်။

နေ၀င်မှ စပါးလှန်းလျှင်၊ မိုးလွန်မှ ထွန်ချလျှင်၊ လမိုက်ရက်တွင် ဗိုင်းငင်လျှင် လိုရာကိစ္စများ မပြီးမြောက်နိုင်ပါ။ အချိန်ကို ဂရုမထား၊ အချိန်လွန်မှ လုပ်ငန်းလုပ်လျှင် အကျိုးမရှိပါ။ အချိန်မှန်ဖို့၊ အချိန်အခါကာလကို သတိထားဖို့ လွန်စွာအရေးကြီးလှပါသည်။ ကျမ်းဂန်စာပေတွင် အချိန်သည် လူကို ၀ါးမျို၏ ဟူ၍ ဆိုစမှတ်ပြုသည်ကို သတိပြုရပါမည်။ အချိန်ကို မလေးစား၊ အချိန်မှန်မှန် လုပ်ကိုင်ဆောင်ရွက်စရာ ရှိသည်တို့ကို မလုပ်ပါက အချိန်ကုန်၊ အကျိုးပျက် ဖြစ်ရတတ်ပါသည်။ စက္ကန့်မှ မိနစ်၊ မိနစ်မှ နာရီ၊ နာရီမှ ရက်၊ ရက်မှ လ၊ လမှသည် နှစ် စသည်ဖြင့် တရွေ့ရွေ့ ကုန်လွန်သွားတတ်သော အချိန်ကို သတိထားလျက် အချိန်မှန်မှန် လုပ်ရမည့်အလုပ်ကို လုပ်ဆောင်ကြရန် အရေးကြီးလှပေသည်။


ကျောင်းတက်ချိန်တွင် ကျောင်းချိန်အမီ သွားရမည်။
စာကျက်ချိန်တွင် အချိန်မှန် ကျက်ရမည်။
အစာစားချိန်၊ အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန်၊ မှန်ရမည်။ အလေ့အကျင့်လုပ်၍ အချိန်မှန်မှန် ပြုမူဆောင်ရွက်တတ်ရန် ဂရုပြုရပါမည်။

အချိန်မှန်မှန် ပြုလုပ်တတ်သော အလေ့အကျင့်မျိုးရှိအောင် သတိမူဆောင်ရွက်လျက် အချိန်၏တန်ဖိုးရှိပုံကိုလည်း သတိပြုကြရပါမည်။
ဤတွင် တိပိဋကဓရ ယော-ဆရာတော်၏ အချိန်တန်ဖိုး-ကဗျာကို လူငယ်များအတွက် ဖော်ပြလိုက်ပါသည်။

(အချိန်တန်ဖိုး-)
အချိန်တိုင်းဟာ၊ တကြိမ်သာ၊ နှစ်ခါ မပေးချေ။
မသုံးတတ်မူ၊ ဖြုန်းလေသူ၊ အပူတိုး၍နေ။
သုံးနိုင်သူကား၊ ပြုံးနိုင်ငြား၊ စွမ်းအားတိုး၍ အေးမြပေ။
အချိန်တိုင်းသိ၊ စွမ်းအားရှိ၊ သတိမြဲအောင် ကြိုးစားလေ။
အချိန်ကိုထိန်း၊ အပူငြိမ်း၊ တွက်ကိန်းကိုက်ကြစေ။
အချိန်တန်ဖိုး၊ လူ့တန်ခိုး၊ ကောင်းကျိုးစည်ပင်စေ။

( ဦးသန်းထွန်း ပါမောက္ခ-ငြိမ်း)

သင်ဟာ ဘယ်လိုသူငယ်ချင်းမျိုးလဲ?

တစ်ယောက်ထဲ ဘတ်စ်ကား ဒါမှမဟုတ် ရထားစီးတဲ့အချိန် သင်အမြဲလုပ်တတ်တဲ့ အပြုအမှုတစ်ခုက

(၁) နားကျပ်နားထောင်တတ်တယ်

သင့်အပြင်ပန်းသဏ္ဍာန်က အေးတိအေးစက်ရှိပေမယ့် သင့်အတွင်းစိတ်က ဖော်ရွေသူဖြစ်တယ်။ တခြားလူကို အရင်စမိတ်ဆက်ဖို့ သင်ဝန်လေးတတ်သူဖြစ်တယ်။ သင့်အကြောင်းမသိသူက သင့်ကို မဖော်ရွေသူ အေးစက်စက်နိုင်လွန်းသူလို့ ထင်မှတ်တတ်တယ်။ ဒါပေမယ့် ရင်းနှီးတဲ့လူရှေ့မှာ သင်ဟာ စကားတွေ အများကြီးဖောင်ဖွဲ့တတ်သူဖြစ်တယ်

(၂) စာအုပ် သို့မဟုတ် စာရွက်စာတန်း ဖတ်နေတတ်တယ်

သင်ဟာ ကုတ်ကမြင်းဖြစ်တယ်။ ရင်းနှီးသူ၊ မရင်းနှီးသူရှေ့မှာ သင်ဟာအိနြေ္ဒတခွဲသားနဲ့ ဟန်ဆောင်တတ်သူဖြစ်တယ်။ ဒါကြောင့် အဖွဲ့အစည်း၊ အပေါင်းဖော်ကြားမှာ သင်ဟာလျှစ်လျှူရှူ ခံရတတ်သူဖြစ်တယ်။ ဒါပေမယ့် စိတ်တူကိုယ်တူ သူငယ်ချင်းတွေရှေ့ရောက်ရင် သင့်နဂို စကားများတတ်တဲ့ အကျင့်က ပေါ်လာတတ်တယ်။

(၃) အပြင်ကိုငေးမောနေတတ်တယ်

ကိုယ်နဲ့အကျင့်စရိုက် နည်းနည်းတူတယ်လို့ထင်ရင် ဘယ်သူငယ်ချင်းမျိုးမဆို သင်လက်ခံ စကားပြောနိုင်သူဖြစ်တယ်။ တစ်ဖက်သားနဲ့ သူငယ်ချင်းလုပ်ဖို့ ဝန်မလေးတတ်သူဖြစ်တယ်။ ဒါပေမယ့် စိတ်တူကိုယ်တူမဟုတ်တဲ့ သူငယ်ချင်းမျိုးကို သင်ဘယ်တော့မှ သင့်ခံစားချက်၊ သင့်ကိုယ်ရေးကိုယ်တာကို ရင်မဖွင့်ပြတတ်ဘူး။ များသောအားဖြင့် တခြားလူရင်ဖွင့်တာကိုပဲ သင်နားထောင်လေ့ရှိတယ်။ သင်နဲ့ ပေါင်းဖက်တာကြာပြီဖြစ်တဲ့ သူငယ်ချင်းကတောင် သင့်ရဲ့ တကယ့်စိတ်ကိုသိဖို့ဆိုတာ မလွယ်လှဘူး။

(၄) အိပ်နေတတ်တယ်

သူငယ်ချင်းတွေကြားမှာ သင်ဟာ ပျော်တော်ဆက်ဖြစ်တယ်။ ရင်းနှီးသည်ဖြစ်စေ၊ မရင်းနှီးသည်ဖြစ်စေ သင်ဟာ ဒဲ့ဒိုးနဲ့ ပွင့်ပွင့်လင်းလင်း ပြောတတ်သူဖြစ်တယ်။ သိပ်ဟန်မဆောင်တတ်သူဖြစ်တယ်။ ဒါပေမယ့် ဒီလိုပြုမှုတတ်တဲ့ သင်က လုံးဝပျော်ပျော်ရွှင်ရွှင်နေတတ်သူလို့ မဆိုနိုင်ပါဘူး။ လူတွေကိုနောက်ပြောင်တာနဲ့ ကိုယ်လည်းပျော်ရွှင်မှုတွေရမယ်လို့ သင်ထင်နေလို့ဖြစ်တယ်။

ကျွန်မက အပြင်ကို ငေးမောနေတတ်သူပါ။ မှန်သင့်သလောက်တော့ မှန်ပါတယ်။ အဖြေကို ကျေနပ်ကြမယ်လို့ မျှော်လင့်ပါတယ်။ ဗို့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်....

သူငယ်ချင်းတွေ ကိုယ့်ဆီဘာချေးတာကို ကိုယ်မကြိုက်ဆုံးလဲ?

သူငယ်ချင်းတွေ ကိုယ့်ဆီဘာချေးတာကို ကိုယ်မကြိုက်ဆုံးလဲ?

(၁)
ပိုက်ဆံချေးတာမကြိုက်သူ


သင်ဟာ တစ်ဘက်သားကို ၈ဝ% မငြင်းဆန်တတ်သူဖြစ်တယ်။
သင်ဟာအရာရာOKဆိုတဲ့ အမျိုးစားထဲကဖြစ်တယ်။ တစ်ဘက်သားကို ထောက်ခံအားပေးတတ်သူဖြစ်တယ်။ သူငယ်ချင်းကြားမှာ မျက်နှာအပျက်မခံသူဖြစ်တယ်။ အရောင်းအဝယ်မဖြစ်သည့်တိုင် ထောက်ထားညှာတာစိတ် သင့်မှာရှိတယ်။ ပိုက်ဆံပေးမချေးတာနဲ့ အခင်အမင်ပျက်တဲ့ သူငယ်ချင်းမျိုး သင့်ဆီမှာမရှိဘူး။

(၂) ကားချေးငှားတာမကြိုက်သူ

သင်ဟာ တစ်ဘက်သားကို ၂ဝ% မငြင်းဆန်တတ်သူဖြစ်တယ်။
သင်ဟာ မျက်နှာပုပ်နဲ့ အေးစက်သူဖြစ်တယ်။ တစ်ဘက်သားကို အလိုမကျရင် မျက်နှာဆူပုပ်ပြတတ်တဲ့ ဟန်မဆောင်တတ်သူဖြစ်တယ်။ ဒီလိုလူမျိုးက တစ်ဘက်သားကို အလွယ်တကူ အထင်လွဲစေတယ်။

(၃) လက်ဝတ်ရတနာချေးငှားတာမကြိုက်သူ

သင်ဟာ တစ်ဘက်သားကို ၄ဝ% မငြင်းဆန်တတ်သူဖြစ်တယ်။
တစ်ဘက်သားပြောစကားကို နားမလည်သလိုလို ဒါမှမဟုတ် အလုပ်များချင်ဟန်ဆောင်ပြီး ရှောင်ထွက်သွားတတ်သူဖြစ်တယ်။ တစ်ဘက်သားအထင်လွဲမှာကိုလည်း စိုးရိမ်တတ်သူဖြစ်တယ်။ တစ်ဘက်သားကို ဘယ်လိုငြင်းဆန်ရမှန်းမသိလို့ ရှောင်ဖယ်တတ်သူလည်းဖြစ်တယ်။

(၄) အိမ်မွေးတိရစ္ဆာန်ချေးငှားတာမကြိုက်သူ

သင်ဟာ တစ်ဘက်သားကို ၉၉% မငြင်းဆန်တတ်သူဖြစ်တယ်။
တစ်ဘက်သားနဲ့ဆွေးနွေးပြီး အကောင်းဆုံးဖြေရှင်းနည်းကို သင်ပေးတတ်တယ်။ ဒီလိုလူမျိုးဟာ မေတ္တာနဲ့ သည်းခံစိတ်ရှိသူဖြစ်ပြီး သူငယ်ချင်းမိတ်ဆွေတွေနဲ့အတူ အခက်အခဲကို ဖြေရှင်းတတ်သူဖြစ်တယ်။

သင်္ချာနဲ့လောဂျစ်



တစ်ခါက သင်္ချာလို့ခေါ်တဲ့ မယ်သီလရှင်နဲ့ လောဂျစ် (Logic) လို့ခေါ်တဲ့ မယ်သီလရှင်တို့ရှိကြတယ်။ မယ်သီလရှင်နှစ်ဦးဟာ ညကြီးမိုးချုပ်ညတစ်ညမှာ အဝေးတစ်နေရာကနေ ကျောင်းကိုပြန်ခဲ့ကြတယ်။

သင်္ချား နင့်သတိထားမိလား? ငါတို့နောက်မှာ လူတစ်ယောက်လိုက်နေတာ ၃၈မိနစ်နဲ့ စက္ကန့် ၃ဝရှိပြီ။ သူဘာလုပ်ချင်တာလဲ မသိဘူး?

လောဂျစ်း ဒါယုတ္တိတန်တယ်။ ငါတို့ကို စော်ကားချင်လို့ဖြစ်မယ်။

သင်္ချား ဘုရားသခင်ရေ! ဒီလိုခြေလှမ်းမျိုးနဲ့ဆို (၁၅)မိနစ်အတွင်း ငါတို့ကို သူမီလိမ့်မယ်။ ဘယ်လိုလုပ်ရမလဲ?

လောဂျစ်း ယုတ္တိတန်အောင် ငါတို့မြန်မြန်လျှောက်ရအောင်..

သင်္ချား မရတော့ဘူးထင်တယ်။

လောဂျစ်း အင်း.. မရတော့ဘူး။ အဲဒီလူက ယုတ္တိရှိရှိ မြန်သထက်မြန်လာခဲ့ပြီ။

သင်္ချား ငါတို့ဘယ်လိုလုပ်ကြမလဲ? ဒီလိုခြေလှမ်းမျိုးနဲ့ဆို တစ်မိနစ်အတွင်း ငါတို့ကို သူမီနိုင်တယ်။

လောဂျစ်း တစ်ခုတည်းသော ယုတ္တိတန်တဲ့နည်းက ငါတို့လမ်းခွဲပြီး ပြေးကြဖို့ပဲ။ နင်ဟိုဖက်ကသွား၊ ငါဒီဖက်ကသွားမယ်။ နှစ်ယောက်လုံးကို သူဖမ်းမှာတော့ မဟုတ်ဘူး။

ဒီလိုနဲ့ မင်္သကာစရာယောက်ျားက လောဂျစ်နောက် ဆက်လိုက်သွားခဲ့တယ်။ သင်္ချာကကျောင်းကို ချောချောမောမော ရောက်သွားခဲ့ပေမယ့် လောဂျစ်ကို စိတ်ပူနေခဲ့တယ်။ ခဏကြာတော့ ကျောင်းပေါက်ဝကို လောဂျစ်ရောက်လာခဲ့တယ်။

သင်္ချား အိုး.. ဘုရားသခင် ကျေးဇူးတင်လိုက်တာ နင်ပြန်လာပြီ! ဘာတွေဖြစ်ခဲ့လဲ ငါ့ကို မြန်မြန်ပြောပါဦး!

လောဂျစ်း အင်း... နှစ်ယောက်လုံးနောက် သူမလိုက်နိုင်တော့ ငါ့နောက်ကို ယုတ္တိရှိရှိ သူလိုက်ခဲ့တယ်။

သင်္ချား အဲဒီနောက် ဘာဖြစ်လဲ!

လောဂျစ်း ယုတ္တိရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ခဲ့တယ်။ ငါ အားကုန်ပြေးတယ်။ သူအားကုန်လိုက်တယ်။

သင်္ချား ပြီးတော့ရော?

လောဂျစ်း ယုတ္တိရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ခဲ့တယ်။ ငါ့ကို သူဖမ်းမိသွားတယ်။

သင်္ချား ဘုရားသခင်! နင့်ကို သူဘာလုပ်လိုက်လဲ?

လောဂျစ်း ယုတ္တိရှိတဲ့ လုပ်ရပ်တစ်ခုက ငါ ဂါဝန် မ,လိုက်တယ်။

သင်္ချား ဘုရား.. ဘုရား.. အဲဒီလူရော!

လောဂျစ်း သူလဲ ယုတ္တိရှိတဲ့ လုပ်ရပ်တစ်ခုလုပ်လိုက်တယ်။ သူ သူ့ဘောင်းဘီကိုဆွဲချတယ်။

သင်္ချား ဘုရား.. ဘုရား.. အဲဒီနောက်?

လောဂျစ်း အဲဒီနောက်.... ဂါဝန်မ,ထားတဲ့ သီလရှင်တစ်ယောက်က ဘောင်းဘီဆွဲချထားတဲ့ ယောက်ျားတစ်ယောက်ထက် ပိုအပြေးမြန်ခဲ့တယ်လေ။ ကဲ ယုတ္တိမတန်ဘူးလား! ခုနားက နင် လျှောက်တွေးနေတယ် မဟုတ်လား! "အာမင်" လို့ မြန်မြန်ရွတ်လိုက်...

သမ္မာဒိဋ္ဌိ အမြင်မှန်(၁၀)ချက်




(၁) အလှူ ဒါနပြုလျှင် ကောင်းကျိုးကိုခံစားရ၏ဟုယုံကြည်ခြင်း
(၂)ပူဇော်မှု၏အကျိုးရှိကြောင်းယုံကြည်ခြင်း
(၃)လက်ဆောင်ပေးကမ်းပူဇော်မှု၏ အကျိုးရှိကြောင်းယုံကြည်ခြင်း
(၄)ကုသိုလ်ကံ၊အကုသိုလ်ကံတို့၏ကောင်းကျိုးဆိုးကျိုး၊
အကျိုးရင်း၊အကျိုးဆက်ရှိကြောင်းယုံကြည်ခြင်း
(၅)မိခင်အပေါ်ပြုစုလုပ်ကျွေးခြင်း၏ကောင်းကျိုး နှင့်
ပြစ်မှားခြင်း၏ဆိုးကျိုးရှိကြောင်းယုံကြည်ခြင်း
(၆)ဖခင်အပေါ်ပြုစုလုပ်ကျွေးခြင်း၏ကောင်းကျိုးနှင့်
ပြစ်မှားခြင်း၏ဆိုးကျိုးရှိကြောင်းယုံကြည်ခြင်း
(၇)လူတို့မမြင်နိုင်သည့်ငရဲ၊ပြိတ္တာ၊နတ်၊သိကြား၊ဗြဟ္မာ
ဟူသောသတ္တ၀ါတို့ရှိကြောင်းယုံကြည်ခြင်း
(၈)ဤမျက်မှောက်လောကရှိကြောင်းယုံကြည်ခြင်း
(၉)သေပြီးနောက်ဘ၀တမလွန်လောကရှိကြောင်းယုံကြည်ခြင်း
(၁၀)ဤလောက၌ငြိမ်သက်ကောင်းမွန်စွာကျင့်ကြသော
သမဏ ဗြာဟ္မဏတို့ရှိကြကြောင်း
(ယင်းတို့ကဤလောကတမလွန်လောကကိုကိုယ်တိုင်သိမြင်၍
လူများကိုပြန်လည်ဟောပြကြောင်းယုံကြည်ခြင်း)

ဗုဒ္ဓဘာသာဝင်တစ်ယောက်သည် ဖော်ပြပါ ရတနာသုံးတန် ကံ ကံ၏အကျိုး စသောအချက်တို့ကိုသံသယကင်းစွာယုံကြည်ကြရမည်ဖြစ်ပါသည်။



ဝဋ်မှာအမြဲ

ဝဋ်ဟူသည် သံသရာလည်ပတ်ခြင်း၊အကြောင်းပြီးအကျိုး
အကျိုးပြီးအကြောင်းဆက်စပ်ဖြစ်ပျက်ခြင်း၊မကောင်းမှု ပြုသည့်အတွက်သံသရာဘ၀ခရီး၌ဆိုးကျိုးတစ်စုံတစ်ရာကို
ခံစားရခြင်း စသောသဘောအဓိပ္ပာယ်ဖြစ်ပါသည်။
ဝဋ် ခေါ် မကောင်းကျိုးကို မြတ်စွာဘုရားသည်ပင်ရှောင်လွှဲ၍မရနိုင်ခြေ။


ဂေါတမမြတ်စွာဘုရား၏၀ဋ်တော်

လွန်လေပြီးသောအခါက ဂေါတမ မြတ်စွာဘုရားအလောင်းတော်သည်
သူကြွယ်မျိုး၌ဖြစ်၏။ဖခင်တူညီငယ်နှင့်စည်းစိမ်ဥစ္စာကိုအကြောင်းပြုပြီး
ခိုက်ရန်ဖြစ်ရာညီငယ်ကိုလိမ်လည်လှည့်ဖျားခေါ်ပြီးတောင်ချောက်ကြား၌
ကျောက်ဖြင့်ထုခတ်သတ်လေ၏။ဤမကောင်းမှုအကုသိုလ်ကြောင့်
ငရဲ၌ခံရရုံမျှမကနောက်ဆုံးဘုရားဖြစ်သောဘ၀၌ပင်အရှင်ဒေ၀ဒတ်၏
ဝေဘာရတောင်စောင်း၌ကျောက်မောင်းဆင်လုပ်ကြံခြင်းကိုခံခဲ့ရလေသည်။
တောင်ထိပ်မှကျောက်တုံးကြီးလိမ့်လာသောအခါဘုရားရှင်၏ဘုန်းတော်ကြောင့်
လမ်းခုလတ်မှကျောက်တုံးတတုံးကဆီးကြိုခံလင့်၏။
ထိုကျောက်တုံးခြင်းထိခတ်စဉ်ကျောက်လွှာတစ်ခုပဲ့စင်ထွက်၍
ဘုရားရှင်၏ခြေမတော်ကိုထိခိုက်ပြီးဆင်းရဲဒုက္ခများစွာခံစားရလေသည်။

ထိုကျောက်ထိခတ်မှုနှင့်ဆက်စပ်၍နောက်ထပ်ရှေးဘ၀အကြောင်းကံတခုရှိသေး၏။

ဘ၀တစ်ခု၌ဘုရားအလောင်းသည်ကလေးငယ်သဘာဝကစားနေစဉ်
အရှင်ပစ္စေကဗုဒ္ဓါတစ်ပါးဆွမ်းခံဝင်လာ၏ကလေးငယ်သည်ပျော်ရွှင်လိုသဖြင့်
အရှင်ပစ္စေကဗုဒ္ဓ၏ခြေမတော်ကိုကျောက်ဖြင့်ပစ်ခတ်၏
ခြေမတော်ကိုထိသဖြင့်အလွန်နာကျင်သောဝေဒနာကိုခံစားရ၏
ထိုမကောင်းမှုဒဏ်ကြောင့် ခြေမတော်ကိုကျောက်ထိရုံမျှသာမဟုတ်
သွေးစိမ်းတည်သည်အထိဒဏ်ရာအနာတရဖြစ်ပြီးဆင်းရဲဝေဒနာကို
ကြာရှည်စွာခံစားရလေသည်။

ထိုကျောက်ထိမှုနှင့်ဆက်စပ်၍နောက်ထပ်ရှေးဘ၀အကုသိုလ်ကံအကြောင်း
တစ်မျိုးလည်းရှိနေသေးသည်။

ဂေါတမဘုရားအလောင်းတော်သည်ပဒေသရာဇ်မင်းဖြစ်ခဲ့ဖူး၏
ထိုဘ၀တွင်လူယုတ်မာနှင့်ပေါင်းမိပြီးသောက်စားမူးယစ်အပြစ်မရှိသူအား
ဓါးဖြင့်ခွဲစိတ်ခဲ့ဖူးလေသည်။ထိုအကုသိုလ်ကံကြောင့်ငရဲ၌ခံရပြီးနောက်
ဘုရားရှင်ဖြစ်တော်မူလာသောဘ၀မှာပင်ခြေတော်ကိုကျောက်ထိရုံ
သွေးစိမ်းတည်ရုံနှင့်မပြီးသေးဆေးဆရာဇီဝက၏ဓါးဖြင့်ခွဲ၍
ခြေမ၌တည်နေသောသွေးခဲကိုထုတ်ယူကုသမှုအတွက
ပြင်းစွာသောဝေဒနာကိုခံစားရလေသည်

အရှင်မောဂ္ဂလာန်၏၀ဋ်တော်

တစ်ခုသောဘ၀၌မယား၏အလိုဆန္ဒအရိဘနှစ်ပါးကိုတောသို့ ထုတ်ပြီး
သူခိုးဓါးပြအယောင်ဆောင်ကာရိုက်ခဲ့ဖူး၏ထိုအကုသိုလ်ကံကြောင့်သေလျှင်
ငရဲသို့ကျခဲ့၏။နောက်ဆုံးအရှင်မောဂ္ဂလန်ဘ၀၌တန်ခိုးအရာမှာဧတဒဂ်ရပါလျှက်
ခိုးသူတို့၏ရိုက်နှက်မှုကိုခံရပြီးပရိနိဗ္ဗာန်စံခဲ့ရလေသည်။
ပြုခဲ့မိသောအကုသိုလ်ကံကြောင့်ငရဲကျရောက်ရုံမျှမပြီးသေးအခွင့်သင့်သောဘ၀မှာ
ဝဋ်ဆင်းရဲဒုက္ခကိုဆက်လက်ခံစားရသေးသည်။
မခံစားရအောင်မည်သူမျှမရှောင်လွဲနိုင်ကြချေ။

ငရဲမှာအပ

ဂုင်္လိမာလကိုကားလူတိုင်းသိကြမှာပါ လက်ညှိုးပေါင်းတစ်ထောင်ပြည့်အောင်
ဖြတ်မည်ဟုတစ်ချောင်းသာလိုတော့သည့်နေ့တွင်မြတ်စွာဘုရားက
ကယ်ချွတ်တော်မူသဖြင့်အကျွတ်တရားရလေသည်။ရဟန္တာ ဖြစ်တော်မူပြီးပြုခဲ့မိသောအကုသိုလ်ကံကြောင့်ငရဲသို့မလားရောက်ပေ။
ရဟန္တာဖြစ်သည်အထိတရားဓမ္မကိုနာယူကျင့်ကြံသောကုသိုလ်ကံဖြင့်
ငရဲကို အပ ပြု လိုက်ခြင်းဖြစ်ပေသည်။

အစားအသောက်များသည် ကျန်းမာရေးအတွက် အမြဲ ကောင်းပါသလား

မြန်မာနိုင်ငံ ဆရာဝန်အသင်း(ဗဟို) ဇီဝကမ္မဗေဒအဖွဲ့နှင့် ဇီဝဓာတုဗေဒအဖွဲ့တို့ ပူးပေါင်း၍ Can Food Always Buy Your Health? "အစားအသောက်များသည် ကျန်းမာရေးအတွက် အမြဲကောင်းပါသလား။" ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ပွဲတစ်ရပ် ကို ၁၅၊၈၊၂၀၀၉ ရက်နေ့က ရန်ကုန်မြို့၊သိမ်ဖြူလမ်းရှိ မြန်မာနိုင်ငံ ဆရာဝန်အသင်း (ဗဟို) ခန်းမဆောင်(အေ)၌ ပြုလုပ်ခဲ့ပါတယ်။
အဲဒီပွဲမှာ ပါမောက္ခကြီးများ၊ ဆရာဝန်ကြီးများက စာတမ်းအသီးသီးကို ဖတ်ကြားတင်ပြသွားပါတယ်။ စိတ်ဝင်စားဖွယ်ခေါင်းစဉ်များဖြင့် ဆွေးနွေးသွားရာမှာ သူငယ်ချင်းတို့ ဖတ်ရှုအဆင်ပြေစေဖို့ ခေါင်းစဉ်ခွဲ (၅)ခုဖြင့် တင်ပြသွားမှာပါ။ ဖတ်ရှုအဆင်ပြေစွာဖြင့် ကျန်းမာရေးဗဟုသုတများရရှိပါစေကြောင်း ဆန္ဒပြုလိုက်ရကြောင်းပါ။
(၁) Junk Food
အမှိုက်သရိုက်အစားအစာများ (Junk Food) ဟူသောခေါင်းစဉ်ဖြင့် ဟောပြောမှုမှ ကောက်နှုတ်တင်ပြပါသည်။
(Junk Food) ဟူသော စကားလုံးသည် လွန်ခဲ့သည့်နှစ်ပေါင်း၃၅နှစ်ခန့်က မိုက်ကယ်ဂျက်စ်ကော့ဘ်စင်(Michael Jacobson) ဆိုသူက ပထမဦးဆုံး သုံးစွဲခဲ့ကြောင်းသိရသည်။ စောစောပိုင်းနှစ်များက အဟာရဓာတ်ကြွယ်ဝပြီး လူကြီးများ အတွက် ရည်ရွယ်၍ ထုတ်လုပ်ထားခြင်းမဟုတ်သော အစားအစာများကို ဆန့်ကျင်ပြောဆိုခဲ့ခြင်းဖြစ်သည်။ Junk Food ဆိုသည်မှာ ကယ်လိုရီမြင့်မားစွာ ပါဝင်ပြီး အဟာရဓာတ်နည်းပါးကာ လူတို့အတွက် များသောအားဖြင့် ဆိုးဝါးသောအစား အစာများကို ဆိုလိုသည်။
၎င်းအစားအစာများတွင် –
(၁) သကြားဓာတ်မြင့်မားစွာ ပါဝင်ခြင်း သို့မဟုတ်၊
(၂) အဆီဓာတ်လွန်ကဲစွာ ပါဝင်ခြင်း သို့မဟုတ်၊
(၃) ဆားဓာတ်မြင့်မားစွာပါဝင်ခြင်း သို့မဟုတ်၊
ဖော်ပြခဲ့သည့် သကြား၊ အဆီ၊ အငန်မြင့်မားစွာပါဝင်သော အစားအစာအမျိုးအစားအားလုံးကိုခေါ်ပါ သည်။
မရှိမဖြစ် လိုအပ်သော အဟာရဓာတ်များမှာ –
(၁) လုံလောက်သောရေ၊ (၂) လုံလောက်သောကယ်လိုရီ၊ (ကာဗိုဟိုက်ဒရိတ်၊ ပရိုတိန်းဓာတ်နှင့် အဆီတို့မှ တစ်ဆင့် ရရှိသည်)။ (၃) သတ္တုဓာတ်များ၊ (၄) ဗီတာမင်ဓာတ်များဖြစ်သည်။
မည်သည်အစားအစာကို စားမည်နည်းဟုရွေးချယ်ရာတွင် သိထားသင့်သော အချက်များရှိပါသည်။ ကယ်လိုရီဖြည့်ပေးခြင်း ကို အဆုံးအဖြတ်ပေးနေသည့်အချက်များမှာ –
(၁) ဇီဝကမ္မဗေဒဆိုင်ရာအချက်များ၊ (၂) အရသာ၊ (၃) စီးပွားရေးအခြေအနေတို့ ဖြစ်ကြောင်းသိရသည်။ ခန္ဓာကိုယ် အားတည်ဆောက်ပေးမည့် အသားဓာတ်၊ စွမ်းအင်ထုတ်လုပ်ပေးမည့် ကာဗိုဟိုက်ဒရိတ်နှင့် အဆီ၊ရောဂါကာကွယ်မှုပေး သောအစားအစာများ၊ ဗီတာမင်၊ သတ္တုဓာတ်နှင့် ရေတို့ မှန်ကန်သော ပမာဏပါဝင်သည့် အစားအစာတစ်ခုဖြစ်ဖို့လိုသည်။
အသားဓာတ်နှင့် အမိုင်နို အက်စစ်ဓာတ်များ ဘာကြောင့်လိုအပ်ရသလဲဆိုလျှင် ၄င်းတို့က ခန္ဓာကိုယ်ကိုတည်ဆောက်ပေး ခြင်း၊(စီးထရစ်) အက်စစ်စက်ဝန်းတွင် ပြောင်းလဲပါဝင်ခြင်း၊ ဟော်မုန်းများ ထုတ်လုပ်ရာတွင်ပါဝင်ခြင်း၊ ယူရီးယားစက်ဝန်း တွင် ပါဝင်ခြင်းနှင့် သက်ရှိများအတွက် အရေးကြီးသော ဒြပ်ပေါင်းဖြစ်သည့် CoA တွင် ပါဝင်ခြင်းတို့ကြောင့်ဖြစ်ပါသည်။ တိရစ္ဆာန်မှရရှိသော အသားဓာတ်သည် Grade (1) ဖြစ်ပြီး ဟင်းသီးဟင်းရွက်၊ပဲ စသည်တို့မှရရှိသော အသားဓာတ်သည် Grade (2) ဖြစ်သည်။ အသားဓာတ် (1) ဂရမ်တွင် ကယ်လိုရီ(4.1) ရရှိနိုင်သည်။
အဆီများလိုအပ်ရခြင်း အကြောင်းရင်းမှာ ၄င်းတို့က စွမ်းအင်ကိုပေးသည့် ကလာပ်စည်းနံရံ(cell membrance)တွင် ပါဝင် သည်။ စတီးရွိုက်ဟော်မုန်း၊ ဗီတာမင် ဒီနှင့် သည်းခြေဆားများ ထုတ်ထုပ်မှုတွင် ပါဝင်သည်။ အပူဓာတ်၊ လျှပ်စစ်ဓာတ် တို့နှင့် ပတ်သက်၍လည်း ပါဝင်ပြီး အဆီတွင်ပျော်ဝင်သော ဗီတာမင်များကိုလည်း သယ်ယူပို့ဆောင်ပေးသည်။ အခြားသော ဟော်မုန်းများဖြစ်ပေါ်မှုတွင် ပါဝင်သည်။
ကာဗိုဟိုက်ဒရိတ်ဓာတ်ကို လိုအပ်ခြင်းအကြောင်းရင်းက ၄င်းတို့သည်အရေးကြီးသော လုပ်ငန်းစဉ်များအတွက် အကောင်း ဆုံးသော အင်အားအရင်းအမြစ်ဖြစ်သည်။ ဦးနှောက်အတွက် အင်အားများထောက်ပံ့ပေးသည်။ ထို့အပြင် အခြားသော အရေးကြီးလုပ်ငန်းတာဝန်များတွင် ပါဝင်ကြောင်းသိရသည်။
ဗီတာမင်နှင့် သတ္တုဓာတ်များ ဘာကြောင့် လိုအပ်သလဲဆိုသည်ကိုလည်း ဆွေးနွေးခဲ့သည်။ ဥပမာ – ဟီမိုဂလိုဘင်အတွက် သံဓာတ်၊ အင်ဆူလင်ဟော်မုန်းအတွက် ဇင့်သတ္တုဓာတ်အရေးကြီးပုံစသည်တို့ကို ပြောပြခဲ့သည်။
ယဉ်ကျေးမှုပြောင်းလဲခြင်း Cultural Shift ကြောင့် စားသောက်မှုပုံစံပြောင်းလဲလာပုံကိုလည်း ဆွေးနွေးခဲ့သည်။
လွန်ခဲ့သည့်မျိုးဆက်တစ်ခုတုန်းက အမြန်စာ Fast Food ဆိုသည်မှာ တစ်ခါတစ်ရံမှသာ စားလေ့ရှိသော အစားအစာဖြစ်ပြီး ယနေ့ခေတ်တွင်မူ တိုးတက်များပြားလာသော ကလေးငယ်များအတွက် နေ့စဉ်စားသော အစားအစာတစ်ခု ဖြစ်နေသည်။ ယနေ့ခေတ်မျိုးဆက်သစ်ကို the Junk Food Generation ဟုပင်ခေါ်ဆိုနေရကြောင်း သိရသည်။ ကုန်ထုတ်လုပ်မှု မြှင့်တင်လာသည်နှင့်အမျှ အစားအစာနှင့် ကစားစရာများသည် ဆက်နွှယ်လျက်ရှိကြောင်း ရှင်းပြခဲ့သည်။
အမြန်စာ Fast Food များသည် ညစ်ညမ်းစာပေ Pornography နှင့်အလားတူပင်ဖြစ်သည်ဟု ဆိုထားကြောင်းသိရ၏။
အမှိုက်သရိုက်စာ Junk Food နမူနာများမှာ ဘာဂါမုန့်၊အိုက်စ်ခရင်မ်၊ ခရက်ကာ၊ ဝေဖာမုန့်များ၊ ဒိုးနတ်မုန့်၊ သကြားလုံး၊ အားလူးချောင်းကြော်၊ပေါက်ပေါက်၊ ဆိုဒါအချိုရည်၊ အရသာရှိအောင် လုပ်ထားသော ပီကေစသည်တို့ဖြစ်သည်။
အမှိုက်သရိုက်စာများကို စားခြင်းကြောင့် ကယ်လိုရီလွန်ကဲစွာရရှိပြီး နောက်ဆုံးတွင် ခန္ဓာကိုယ်ထဲ၌ အဆီအဖြစ်သိမ်း ဆည်း သိုလှောင်ထားရသည်။ ၄င်းတို့ကိုနှစ်ပေါင်းများစွာ စားသုံးနေခဲ့ကြပြီး ဗီတာမင်ချို့တဲ့သည့်ပြဿနာများ၊ နှလုံးရောဂါ၊ ပန်းသေပန်းညှိုးဖြစ်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ သွေးတိုးရောဂါဖြစ်ခြင်း၊သွေးတွင်းကိုလက်စထရောဓာတ် မြင့်မားခြင်း၊ သည်းခြေအိတ်ကျောက်တည်ခြင်း၊ အဆစ်ရောင်ခြင်း၊ဂေါက်ရောဂါဖြစ်ခြင်း စသည်တို့ ဖြစ်ပေါ်လာရသည်။
Junk Food များကို လုံးဝငြင်းပယ်သင့်သလားဆိုရာတွင် အဟာရပြည့်ဝလုံလောက်သော ခန္ဓာကိုယ်အနေဖြင့် Junk Food များတစ်ခါတစ်ရံ စားခြင်းကို ခွင့်ပြုနိုင်ကြောင်း၊ သို့သော် ယနေ့ခေတ်လူအများစုသည် များကိုရှောင်ရှားရန် ရင်ဆိုင်နိုင်ခြင်း မရှိကြောင်း သိရသည်။
Junk Food များကိုစားသုံးရခြင်းအကြောင်းရင်းမှာ ၄င်းတို့သည် (၁) ဈေးနှုန်းချိုသာခြင်း၊ (၂)အလွယ်တကူ ရရှိနိုင်ခြင်း၊ (၃) အရသာရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။
၎င်းအစားအစာ အများစုသည် စီမံထုတ်လုပ်ထားသော လုပ်ငန်းစဉ်ဖြင့် ပြုလုပ်သည့် အစာများဖြစ်လေ့ရှိပြီး ၄င်းတို့အထဲ တွင် အဟာရဓာတ်အနည်းငယ်မျှ သို့မဟုတ် လုံးဝမပါရှိသော အစာများဖြစ်သည်။
ထိုအစာအများစုကို တာရှည်ခံရန်အတွက် ဓာတုပစ္စည်း ဥပမာ – Hydrogenated Vegetable Oil ကိုထည့်သွင်း အသုံးပြုထားသည်။
ထိုအစာများထဲတွင် အသုံးပြုသော ဟင်းသီးဟင်းရွက်များနှင့် အသားများသည် အမြန်အထွက်တိုးရန်အတွက် ဟော်မုန်းဓာတုပစ္စည်းများ သုံးထားသည်။
ထိုအစာများကို မျက်စိပသာဒဖြစ်စေရန် ဆိုးပေးလေ့ရှိသော ဆိုးဆေးအမျိုးအစားများ၏ စာရင်းနှင့် မည်ကဲ့ သို့သောအစားအစာမျိုးတွင် တွေ့နိုင်သည်၊ မည်ကဲ့သို့သော ဆိုးကျိုးများပေးနိုင်သည် စသည်တို့ကိုလည်း ရှင်းလင်းဆွေးနွေးခဲ့သည်။
Junk Food များနှင့် ပတ်သက်၍ သုတေသနပြုလုပ်ထားမှုများနှင့် တွေ့ရှိထားချက်များအကြောင်းကိုလည်း နမူနာများပေး၍ ဆွေးနွေးခဲ့သည်။
ဟင်းချိုမှုန့်ဟု အသိများသော Monosodium Glutamate (MSG) ၏ ဆိုးကျိုးများအကြောင်းကို အသေးစိတ် ဆွေးနွေးခဲ့သည်။
ချိုစေသော သကြားတုများအကြောင်းကိုလည်း ဆွေးနွေးခဲ့သည်။
Aspartame ကဲ့သို့သော သကြားတုဆိုလျှင် သာမန်သကြားထက် အဆ၂၀၀ခန့်ပို၍ချိုသည်။ ဖွံ့ဖြိုးကြီးထွားစ အရွယ်ကလေးများ၏ ဦးနှောက်အပါအ၀င် အာရုံကြောစနစ်ကို ထိခိုက်ပျက်စီးစေနိုင်ကြောင်းသိရသည်။ ခန္ဓာကိုယ်ထဲရောက်သည့်အခါ ဓာတုပစ္စည်းများအဖြစ် ပြိုကွဲသွားပြီး တက်ခြင်း၊ ဦးနှောက်ဖွံ့ဖြိုးမှုထိခိုက်ခြင်းစသည်တို့ ဖြစ်စေနိုင်သည်။ ကိုယ်ဝန်ဆောင်မိခင်များတွင် အချင်းမှ တစ်ဆင့်ဖြတ်၍ သန္ဓေသားထံရောက်ကာ ထိခိုက်စေနိုင်သည်။ အ၀လွန်ခြင်းရောဂါဖြစ်စေနိုင်သည်
Saccharine ဆိုလျှင်သာမန် သကြားထက် အဆ၃၅၀ပို၍ချိုသည်။ သွေးတွင်းသကြားဓာတ်နှင့် အစာခြေလုပ်ငန်း၊ သွေးခဲ ခြင်းဖြစ်စဉ်တို့ကို ထိခိုက်စေနိုင်သည်။ ဆီးအိမ်၊ သားအိမ်၊ သားဥအိမ်၊အရေပြားနှင့် ၄င်းသွေးကြောများကို ကင်ဆာ ဖြစ်စေ နိုင်ကြောင်း တိရစ္ဆာန်များတွင် စမ်းသပ်တွေ့ရှိထားရသည်။ ကို ပျက်စီးစေပြီး မွေးရာပါ ချို့ယွင်းမှုများလည်း ဖြစ်စေနိုင် ကြောင်း တိရစ္ဆာန်များတွင် စမ်းသပ်တွေ့ရှိထားသည်။ အ၀လွန်ခြင်းကိုလည်း ဖြစ်စေနိုင်သည်။
ဖျော်ရည်များတွင် အသုံးပြုလေ့ရှိသော အချိုတု High Fructose Corn Syrup (HFCS) အကြောင်းကိုလည်းဆွေးနွေး ခဲ့ပါသည်။
အမှိုက်သရိုက်အစားအစာများစားခြင်းကြောင့် ကျောင်းသားငယ်များသည် စာသင်ခန်းအတွင်းအနုတ်လက္ခာဏာ ဆောင်သော အပြုအမူ တံ့ပြန်မှုများ Negative Behaviour Reactions ဖြစ်ပေါ်စေသည်။
ဆရာဝန်များအနေဖြင့် ပြဿနာ၏အရင်းအမြစ်ဖြစ်သော အမှိုက်သရိုက်အစာကို မစဉ်းစားမိကြဘဲ ထိုအပြုအမူများကို ဖုံးကွယ်သွားစေသည့် ဆေးဝါးများပေးတတ်ကြသည်။ ထိုဆေးဝါးများကြောင့် ဘေးထွက်ဆိုးကျိုးများ၏ ဒဏ်ကိုလည်း ခံကြရပြန်သည်ဟူ၍ စသည်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
Hydrogenated Oils များ၏ ဆိုးကျိုးများအကြောင်းကိုလည်းရှင်းလင်းခဲ့သည်။
ကိုယ်ဝန်ဆောင်မိခင်တစ်ဦးစားသုံးသော အစားအစာများကြောင့် မွေးလာသည့်ကလေးအပေါ်မည်ကဲ့သို့ အကျိုး သက်ရောက်မှုများဖြစ်ပေါ်လာနိုင်သည်ဆိုသော အချက်နှင့်ပတ်သက်၍လည်း ဆွေးနွေးရှင်းလင်းခဲ့သည်။
အိုမီဂါ(၃)အဆီအက်စစ်၏ ဦးနှောက်အတွက် မရှိမဖြစ်လိုအပ်ပုံအကြောင်းနှင့် အိုမီဂါ(၆)အဆီအက်စစ်၏ ထိခိုက် စေနိုင်ပုံအကြောင်းများကိုလည်း ပြောပြခဲ့ပါသည်။
လူတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးသည် မိမိတို့စားသောက်သော အစားအစာများ အပေါ်တွင် မူတည်လျက်ရှိကြောင်းနှင့် Junk Food အမှိုက်သရိုက်အစားအစာများအား ပုံမှန်သဘောမျိုး စားသောက် ခြင်းမပြုရန်၊ သို့မှသာလျှင် အရွယ်မတိုင်မီ ကျန်းမာရေး ချို့ယွင်းမှုမဖြစ်စေနိုင်မှာဖြစ်ကြောင်း ဆွေးနွေးရင်း နိဂုံးချုပ်ခဲ့ ပါသည်။
စာကြွင်း ။ ။ ပါမောက္ခဒေါက်တာမြတ်သန္တာ၊ ဌာနမှူး ၊ ဇီဝကမ္မဗေဒဌာန၊ ဆေးတက္ကသိုလ်(၁)ရန်ကုန် ၏ အမှိုက်သရိုက်အစားအစာများ စာတမ်းမှ။

Contaminants in Food

Contaminants in Food
အစားအစာများထဲတွင် အန္တရာယ်ပေးနိုင်သောဓာတုပစ္စည်းများ သို့မဟုတ် ၄င်းတို့အပြင် ကျန်းမာရေး ပြဿနာများဖြစ်ပေါ်စေနိုင်သည့် အဏုဇီဝပိုးမွှားများပါရှိနေခြင်းကို Food Contamination ဟုခေါ်သည်။
ဓာတုပစ္စည်းများ ပါရှိမှုကြောင့် စားသုံးသူ၏ ကျန်းမာရေးကို ထိခိုက်ခြင်းသည် အဆိုပါ ဓာတုပစ္စည်းအား နည်းနည်းစီဖြင့် နှစ်ကာလ ကြာမြင့်စွာ ထိတွေ့မှုဖြစ်ပြီးနောက်ပိုင်းမှ ဖြစ်ပေါ်လာတတ်ကြောင်း သိရသည်။ (ဥပမာ-ကင်ဆာရောဂါ)
ညိတွယ်ကပ်နေသော ဓာတုပစ္စည်းများသည် ၄င်းအစားအစာကို အပူပေးလိုက်သော်လည်း အကျိုးသက်ရောက်မှုမရှိပါ။ တစ်နည်းအားဖြင့် ဖယ်ရှားသွားခြင်းမပြုပါ။(ဤအချက်သည် အဏုဇီဝပိုးမွှားအများစုနှင့် မတူညီသည့်အချက်ဖြစ်သည်။)စိုက်ပျိုးမွေးမြူသည့်နေရာမှ စားမည့်သူ၏ ပါးစပ်ထဲအထိရောက်အောင် အဆင့်ဆင့်ဖြတ်သန်းလာစဉ်တွင် ကပ်ညိတွယ်မည့် ပစ္စည်းများ ပါလာနိုင်သည်။ အစားအစာများကို စုဆောင်းရယူခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်သိမ်း ဆည်းခြင်း၊ ဖြန့်ဝေခြင်း၊ စီမံပြုပြင်ခြင်း၊ တည်ခင်းကျွေးမွေးခြင်း စသည့်အဆင့်ဆင့်တွင် ညိတွယ်နိုင်သည်။
ဘေးကင်းစိတ်ချရရေးအတွက် လက်ခံနိုင်ဖွယ်ရာရှိသော နေ့စဉ်စားသုံးမှု Acceptable Daily Intake (ADI)နှင့် ခံနိုင်ရည်ရှိသော ပမာဏပါဝင်မှုသည် အစားအစာတစ်ခုချင်းအပေါ်တွင် အခြေခံအချက်ဖြစ်သော Non Observed Adversed Effect Level (NOAEL) ကို တိရစ္ဆာန်များတွင် စမ်းသပ်ပြီးမှ ဆုံးဖြတ်လေ့ရှိသည်။
အစားအစာများတွင် ပါဝင်သော ဓာတုပစ္စည်းများမှာ (၁) ထပ်ဖြည့်အစားအစာများ (Additives) ဖြစ်သည်။ တမင်ရည်ရွယ် ၍ ထည့်ခြင်းဖြစ်သည်။ (က) တာရှည်ခံအောင်ထည့်ရ သောပစ္စည်း၊ (ခ) အရောင်၊ (ဂ) ချိုအောင်ထည့်ခြင်း (အဟာရဓာတ် တန်ဖိုးမရှိ)၊ (ဃ) တာရှည်ခံအောင် ပြုပြင်ခြင်း(Curing)တို့အတွက် additivesများကိုသုံးရသည်။ (၂) တားမြစ်ထားသော ပစ္စည်းများ၊ (၃) ကပ်ညိတွယ်သောပစ္စည်းများ(ရည်ရွယ်၍ ပြုလုပ်ခြင်းမဟုတ်) တို့ဖြစ်သည်။
ထိုပစ္စည်းများထဲတွင် (က) ဆေးဝါးများအတွင်း ထည့်သွင်းအသုံးပြုသော ပစ္စည်းများ (Drug Residues) ၊ (ခ) ပိုးသတ်ဆေးအကြွင်းအကျန်များ (Pesticide Residues) ၊ (ဂ) အဆိပ်များ(ဥပမာ-အက်ဖလာတောက်ဆင် Aflatoxinများ) စသည်တို့ဖြစ်ကြောင်းသိရသည်။
အစားအစာများတွင် ကပ်ညိတွယ်မှုများ လျှော့ချရန်အတွက် လမ်းညွှန်များကို ထုတ်ပြန်ထားကြောင်း၊ ၄င်းတို့မှာ ပိုးသတ်ဆေးများ သုံးစွဲခြင်းကို လျှော့ချရန်၊ အဆိပ်ဖြစ်စေသော ပိုးသတ်ဆေးများကို အကန့်အသတ်နှင့် သုံးရန်၊ အန္တရာယ်ဖြစ်စေနိုင်သော အညစ်အကြေးများကို သေချာစွာစွန့်ပစ်ရန်၊ မွေးမြူရေးလုပ်ငန်းတွင် ဆေးများသုံးခြင်းကို လျှော့ချရန်၊ သိုလှောင်ခြင်းနှင့် ထုပ်ပိုးမှုဆိုင်ရာ ပစ္စည်းများကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်ရန်၊ စားသုံးသူများ၏ အသတိုးတက်လာအောင် ပြုလုပ်ရန်တို့ဖြစ်ကြောင်း တင်ပြခဲ့သည်။
အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို ကပ်ညိတွယ်သောပစ္စည်းများ စင်ကြယ်အောင်ဆေးကြောခြင်းအကြောင်းကို လည်းဆွေးနွေးခဲ့သည်။ Garbage Enzemy ကိုအသုံးပြု၍ ဆေးကြောပုံအကြောင်းနှင့် ၄င်းအင်ဇိုင်းပြုလုပ်နည်းအကြောင်း များကိုလည်း ရှင်းပြခဲ့သည်။

ဒေါသကို ဘယ်လိုပယ်မလဲ

ဒေါသကို ဘယ်လိုပယ်မလဲ?
ဒီမေးခွန်းရဲ့ အဖြေကို စာရေးသူ ကိုယ်တိုင်လည်း သိပ်သိချင်နေတာပါ။
ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတစ်လေ ဒေါသ ဖြစ်မိတဲ့အခါ ရင်ထဲက "ဒုတ်. ဒုတ်" “ဒုတ်. ဒုတ်"နဲ့ အိပ်မပျော်တော့ပါဘူး။ ဒေါသဖြစ်တာထက် အိပ်မပျော်တာက ပိုတောင် စိတ်ဆင်းရဲရပါတယ်။ အဲဒီ အိပ်မပျော် တာ တစ်ချက်နဲ့တင် ဒေါသမဖြစ်ချင် တာပါ။ မဖြစ်ချင်ပေမယ့် ဖြစ်နေရတုန်းပါ။ အနာဂါမ် မဖြစ် သရွေ့တော့ ဖြစ်နေရဦးမှာပါ။ ဒါကြောင့် ဒေါသကို ဘယ်လို ပယ်ရမလဲ ဆိုတာကို သိပ်သိချင်တာပါ။
မဟာစည်ဆရာတော်ဘုရားကြီးက ဒေါသနဲ့ ပတ်သက်လို့ ၀မ္မိကသုတ်တရားတော်မှာ မျက်မှောက်ခေတ် တကယ့်ဖြစ်စဉ် ဇာတ်လမ်းလေးတစ်ပုဒ်ကို ထည့်ဟောထားဖူးပါတယ်။
ဟောစဉ်တရားတော်က ဒီလိုပါ။
“တစ်ခါက.. သုဓမ္မ၀တီပုံနှိပ်တိုက်က တိုက်အုပ် ဦးပန်းမောင်ဆိုတဲ့ ဒကာကြီးက မှတ်ဖွယ် ၀တ္ထုကလေး တစ်ခုကို ပြောပါတယ်။ ဦးပန်းမောင်ဆိုတာ ဒကာလူ ကြားကောင်း ကြားဖူးပါ လိမ့် မယ်။ အဲဒီ ဦးပန်းမောင်က ရေဒီယိုထဲက နေပြီးတော့ "မဖြစ်စလောက်တရားတော်" ဟောမယ်ဆိုလို့ "ဘာများ ဟောမှာ ပါလိမ့်မတုန်း"လို့ ဘုန်းကြီးက နားထောင်နေတယ်။ သူ ပြောပုံက မဖြစ်စလောက်ကလေးနဲ့လည်း ဒုက္ခဖြစ်တတ်တယ်၊ မဖြစ်စလောက်ကလေးပဲ ဆို ပြီးတော့ မရိုမသေ မလုပ်လိုက်ပါနဲ့တဲ့။ ဒကာလူရော အဲဒီတုန်းက မကြားလိုက်ဘူးလား၊ မကြားဖူးတဲ့သူတွေကပဲ များပါလိမ့်မယ်။ မဖြစ်စလောက် တရားတော်တဲ့၊ သူ့  ဥစ္စာကောင်း တယ်၊ အမည်ပေးပုံကလေးကိုက သိပ်ကောင်းနေတယ်။ ဖြစ်ပုံကလည်း ဆန်းတယ်၊ ဘယ်လို လဲဆိုတော့ တစ်ခါက အင်မတန် ရင်းရင်းနှီးနှီး အတူနေကြတဲ့ ဦးပဉ္စင်း နှစ်ပါး ရှိပါသတဲ့ ။ တစ်ပါးက ရေချိုးနေတယ်။ အဲဒီလို ရေချိုးနေတုန်း သူ့ဖိနပ်ကို တစ်ပါးက ကျီစယ်လိုတဲ့အနေနဲ့ ၀ှက်ထားတယ်။ ဟိုရေချိုးနေတဲ့ ဦးပဉ္စင်းက ရေးချိုးပြီးတဲ့အခါ ဖိနပ် စီးမယ်လို့ ကြည့်လိုက် တော့ သူဖိနပ် ကို မတွေ့ရဘူး။ မတွေ့ရတော့ အဲဒီ ဦးပဉ္စင်းကလည်း သူ့ဖိနပ်ဝှက်ထားမှန်းသိလို့ ရယ်စရာအနေနဲ့ သူက ပြောတယ်။ ပေါ့ပေါ့ဆဆ ပြောလိုက်တာပါပဲ။ " ဟေ့… ငါ့ဖိနပ်ကို ဘယ်ခွေးချီသွားမှန်း မသိဘူး" လို့ ပြောလိုက်သတဲ့။ ဒီတော့ ဖိနပ် ၀ှက်ထားတဲ့ ဦးပဉ္စင်းက စိတ်နာလိုက်တာ မပြောပါနဲ့တော့။ " ငါ့ကို ခွေးဖြစ်အောင် ဆိုတယ်"လို့ အတွေးခေါင်ပြီးတော့ စိတ်နာလိုက်တာတဲ့။ ဟို ဖိနပ်ရှင် ဥိးပဉ္စင်းကတော့ စေတနာ မပါပါဘူး၊ ခပ်ပေါ့ပေါ့ ပြောလိုက်တာပါပဲ၊ စိတ်နာလောက်အောင်လို့ ပြောလိုက်တာ မဟုတ်ပါဘူး။ သူ့ဖိနပ် ပျောက်သွားတော့ ဒီလိုပြောရမှာပဲ။ ဖိနပ် ခွေးချီတယ်လို့ ပြောတာဟာ ပြောရိုး ပြောစဉ်ပဲ။ အပြောခံရတဲ့ ဦးပဉ္စင်းကတော့"ငါ့ ကိုခွေးဖြစ်အောင် ပြောရမလား"ဆိုပြီး စိတ်ဆိုးတာနဲ့ အုတ်ခဲကြီးနဲ့ ဖိနပ်ရှင် ဦးပဉ္စင်းရဲ့ ခေါင်းကိုထုလိုက်တာ ပျံလွန်တော်မူရှာသတဲ့။ အောင်မယ် ပြောတာကတော့ သူ့ ဥစ္စာ မဖြစ်စလောက်ပဲ။ ဒါပေမဲ့ ပြောတဲ့ ဦးပဉ္စင်းမှာ ပျံလွန်တော်မူရတယ်။ အုတ်ခဲနဲ့ ထုတဲ့ ပုဂ္ဂိုလ်လည်း ရာဇ၀တ်ပြစ်မှုကြီး ဖြစ်ရတယ်"။
(၀မ္မိကသုတ်တရားတော် - နှာ -၁၃၉၊ ၁၄၀၊ ၁၄၁။)
စာရေးသူတို့ မမီလိုက်တဲ့ တရားတစ်ပုဒ်ကို ဆရာတော်ဘုရားကြီး ပြန်ဟောပြလို့ သိခွင့် ရတာပါ။
ဇာတ်လမ်းလေးက စာကတစ်ဆင့် ဖတ်ရရုံနဲ့တင် ကြက်သီးထစရာပါ။ စိတ်သဘော မွန်မြတ်မှု လေးတွေကတော့ အတိုင်းအတာတစ်ခုအထိ ရှိနေမှာပါ။ ဒါပေမယ့် ဖြစ်လာတဲ့ဒေါသကို မထိန်းလိုက်နိုင်တဲ့ အတွက် ကာယကံမြောက် ကျူးလွန် မိသားဖြစ်သွားရတာပါ။ ဒါမျိုးလေးတွေက လူလောကမှလည်း အများကြီးပါပဲ။ ဒေါသအလျောက် ရာဇ၀တ်သင့်နေတဲ့ ထောင်ထဲက သူတွေကို လော့လာကြည့်ရင် ပင်ကိုယ် ဓာတ်ခံအားဖြင့် စိတ်ထားလေးတွေက ကောင်းကြပါတယ်။ ဒါပေမယ့် ဖျက်ခနဲ ဖြစ်လိုက်တဲ့ ဒေါသကို ဖျက်ခနဲ မထိန်းလိုက်နိုင်တဲ့အတွက် ဖျတ်ခနဲ ပြုမိသွားကြတာပါ။ သတိဝင်တဲ့အခါမှာ အားလုံးကျူးလွန် ပြီးသား ဖြစ်နေပါပြီ။ ဒီလို ကျူးလွန်မိလိုက်တာကို "ငါ ပြုမိလိုက်တာမှ ဟုတ်မှ ဟုတ်ပ့ါမလား" ဆိုပြီး ကိုယ့်ကိုယ်ကိုတောင် မယုံပါဘူး။ ဒါပေမယ့် အရာအားလုံးက နောက်ကျ သွားခဲ့ပါပြီ။ နောက်ဆုံးတော့ လောကပြစ် ဓမ္မပြစ်တွေကို နင့်နင့်ကြီးခံစားသွား ရတော့တာပါ။
တကယ်လို့ ဒေါသမဖြစ်ဘဲ မနေနိုင်လို့ ဖြစ်မယ်ဆိုရင်လည်း မနောကံအဆင့် လောက် မှာပဲ ဖြစ်နေပြိး ၀စီကံ ၊ ကာယကံကို ကောင်းကောင်း စောင့်ထိန်း ထားလိုက်နိုင် ရင် အခုလို အဖြစ်ဆိုးကြီးနဲ့ ကြုံရမှာ မဟုတ်ပါဘူး။
အနာဂါမ်မဖြစ်သရွေ့ တော့ ဒေါသက ရှိနေဥိးမှာပါ။ ဒါပေမယ့် ဖြစ်ဦးတော့ မနောကံ အဆင့်မှာပဲ ထိန်းထားလိုက်နိုင်အောင် ကြိုးစားရပါမယ်။ မနောကံ အဆင့် မှာပဲ ဖြစ်နေတာ ဆိုတော့ သူတစ်ပါး မသိပါဘူး။ ဒီတော့ ကိုယ့်ကိုလည်း သူတစ်ပါးက အထင်မသေးတော့ ပါဘူး။ တကယ်လို့ ပက်ကနဲ ပြန်ပြောမိလိုက်ရင် ကိုယ် ဒေါသ ထွက်တာ လူသိသွားပါပြီ ၊ ဒါဆို ကိုယ့်ကိုလည်း အထင်သေးသွားပါပြီ။
ဦးဇင်လေးနှစ်ပါးရဲ့  ဖြစ်စဉ်ကို အားလုံးကြားဖူးတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ နှိုင်း ယှဉ် ကြည့် ရအောင်ပါ။
တစ်ခါတုန်းက ရဟန်းတစ်ပါးဟာ ကျောင်းဆောက်ဖို့ သစ်ပင် ခုတ်ပါတယ်။ အဲဒီ သစ်ပင်မှာ သားငယ်တစ်ဥိးနဲ့ နေနေတဲ့ နတ်သမီးက သူနေနေတဲ့ ဗိမာန်ကို မဖျက်ဆီးဖို့ တောင်းပန်ပါတယ်။ ဒါပေမယ့် မရပါဘူး။ ရဟန်းက စိတ်လက်မာန်ပါနဲ့ ခုတ်ချလိုက်တာ နတ်သမီးရဲ့  သားငယ်လေးလက်ကို ထိခိုက်သွားပါတယ်။ ဒီတော့ နတ်သမီးက ဒေါသအကြီး အကျယ် ထွက်ပြီး ရဟန်းကို သတ်ပစ်မလို့ ကြံလိုက်ပါတယ်။ ဒါပေမယ့် ဖြစ်နေတဲ့ ဒေါသကို ထိန်းသိမ်းပြီး မြတ်စွာဘုရားရှင်ကို အကျိုးအကြောင်း သွားလျှောက်ပြပါတယ်။
ဒီတော့ မြတ်စွာဘုရားက "ချစ်သမီး..ကိုယ့်ရဲ့ ဒေါသကို သိမ်းဆည်းနိုင်ခဲ့တာ သိပ် ကောင်းတာပဲ။ တကယ်လို့ ချစ်သမီးက အဲဒီအရဟန်းရဲ့ အသက်ကို အန္တရယ်ပြုလိုက်ရင် ချစ်သမီးအတွက် အကုသိုလ်တွေ တိုးပွားသွားလိမ့်မယ်"လို့ အားပေးနှစ်သိမ့်စကား ပြောလိုက် ပါတယ်။ ပြီးတော့ မြတ်စွာဘုရားရှင် ကျောင်းအနီးမှာရှိတဲ့ သစ်ပင်တစ်ပင်မှာ နေဖို့ ပေးလိုက် ပါတယ်။
အုတ်ခဲနဲ့ ထုတဲ့ ရဟန်းငယ်လေးကော၊ နတ်သမီးလေးကော ဒေါသတော့ ဖြစ်လိုက်ကြတာပါပဲ။ ဒါပေမဲ့ ရဟန်းငယ်လေးက ကာယကံနဲ့ ၀စီကံကို မထိန်းလိုက်နိုင်ပါဘူး။ နတ်သမီးလေးက ကာယကံ နဲ့ ၀စီကံကို ထိန်းလိုက်နိုင်ပါတယ်။ ဒေါသ ဖြစ်တာချင်းအတူတူ ကာယကံနဲ့ ၀စီကံကို ထိန်း နိုင်ခြင်းနဲ့ မထိန်းနိုင်ဖြင်း ကွာသွားပါတယ်။
ဖြစ်စဉ်လေးက စက္ကန့်ပိုင်း ၊ မိနစ်ပိုင်း အတွင်းလေးပါ။ ကိုယ်က ဒီစက္ကန့်ပိုင်း၊ မိနစ်ပိုင်း အတွင်းလေးကို ကောင်းကောင်း ထိန်းလိုက်နိုင်ဖို့ပါ။ မထိန်းလိုက်နိုင်ရင် ကြီးမားတဲ့ အပြစ်ဆိုးကျိုးကြီးကို ရလိုက်တော့တာပါ။
ဒီနေရာမှာ နည်းယူဖို့ကောင်းတာက နတ်သမိးလေးရဲ့ အပြုအမူပါ။ နတ်သမီးလေးက ဖြစ်လာတဲ့ ဒေါသကို ထိန်းပြီး အားကိုးလေးစားရာ မြတ်စွာဘုရားကို သွားလျှောက်တာပါ။ သွား လျှောက်တော့ အမှားမဖြစ်တော့ပါဘူ။
ကိုယ်က ဒါလေးကို နည်းယူပြီး ဒေါသဖြစ်လာတဲ့ အခါ ကိုယ်လေးစားရတဲ့ တရားအသိ အတော်အတန်ရှိတဲ့ ဆရာသမား၊ မိဘ မိတ်ကောင်းဆွေကောင်း တစ်ဥိးဥိးဆီ ပြောပြလိုက်ဖို့ ပါ။ ဆရာမိတ်ဆွေတွေရဲ့ တရားစကားလေး တစ်ခွန်းလောက် ကြားလိုက်ရရင် ဖြစ်နေတဲ့ ဒေါသ က ပြေသွားတာများပါတယ်။ ဒါလည်း နည်းယူရမယ့် ဒေါသဖြေနည်းတစ်ခုပါ။ ဒေါသ ဖြစ်လာတဲ့အခါ ကိုယ်တိုင် မဆုံးဖြတ်ဘဲ ကိုယ့်ထက်အသိဉာဏ် အတွေ့အကြုံရှိတဲ့သူကို တိုင် ပင်ပြီးမှ လုပ်တာက အကောင်းဆုံးပါ။ ဒေါသဖြစ်နေတုန်း ကိုယ့်သဘောနဲ့ ကိုယ် ဆုံးဖြတ်ရင် မှား တာများပါတယ်။
ဒီတော့ ဒေါသဖြစ်လာပြိဆိုရင် ကိုယ်လေးစားရသူ တစ်ဥိးဦးကို ရင်ဖွင့် ပြောပြလိုက်ပါ။ ရင်ဖွင့်လိုက်ရင် စိတ်က ပေါ့သွားတာ များပါတယ်။
တစ်ခု သတိထားရမှာက ကိုယ်တိုင်ပင် နည်းခံတဲ့သူက တရားအသိ အားနည်းပြီး "ကိုယ့်ကို ဒီလို စောကားတာ ငြိမ်ခံမနေနဲ့၊ ပြန်သာ ဆော်ပစ်လိုက်ပါလား၊ ငါဘာကူညိရမလဲ" ဆိုပြီ မြှောက်ပေးတဲ့သူ မဖြစ်ဖို့တော့ လိုပါတယ်။ အဲဒီလို တရားအသိအားနည်းတဲ့ သူမျိုးများ သွားတိုင်ပင်မိရင် ကိုယ်က မကျူးလွန်ချင်ဥိးတော့ သူကြောင့် ကျူးလွန်ချင် စိတ်တောင် ဖြစ်သွား ဦးမှာပါ။
လူ သုံးမျိုးတွေ့ရပါတယ်။
ဒေါသမဖြစ်အောင်နေတဲ့သူရယ်၊ ဒေါသဖြစ်ပေမယ့် ကိုယ့်ဖြစ်တဲ့ ဒေါသကို သိပြီး ရတဲ့နည်းတစ်ခုခုနဲ့ ပယ်ပစ်တဲ့သူရယ်၊ ဒေါသဖြစ်ပေမယ့် ကိုယ် ဒေါသ ဖြစ်နေမှန်း မသိဘဲ ဆက်ကာ ဆက်ကာ ဖြစ်နေတဲ့သူ ရယ်ပါ။
တစ်ချို့ က ဒေါသမဖြစ်အောင်ကို နေတာပါ။ သူ့ကို ကြည့်လိုက်ရင် ပြုံးပြုံးပြုံးပြုံး နဲ့ပါ။ မျက်နှာ ကလည်း ကြည်လင် နေတာပါ။ ဒေါသမဖြစ်တော့ စိတ်က ကြည်နေ၊ စိတ်ကြည်နေတော့ ရုပ် ကပါ လိုက် ကြည်လင်နေတာပါ။
တစ်ချို့ ကျတော့ အလိုမရှိတဲ့ အာရုံ တစ်ခုခုကို တွေ့ပြီး ဒေါသတော့ ဖြစ် လိုက် တာ ပါပဲ။ ဒါပေမယ့် ကိုယ်ဒေါသဖြစ်နေမှန်းကို ချက်ချင်းသိလိုက်ပါတယ်။ သိတာနဲ့ ပယ်လို့ရ တဲ့ နည်း တစ် ခုခုနဲ့ ပယ်ပယ်ပစ်တာပါ။ ဒေါသဖြစ်ပေမယ့် ဖြစ်တဲ့ ဒေါသက အကြာကြီး တည် မနေ တော့ပါဘူး။
တချို့ ကျတော့ ကိုယ်ဒေါသဖြစ်ပေမယ့် ဖြစ်မှန်းကို မသိတော့တာပါ။ ဒါကြောင့် ဒေါသကို ဆက်ကာ ဆက်ကာ ဖြစ်နေတော့တာပါ။ မနေနိုင်တော့တဲ့ အဆုံး မပြောသင့်တဲ့စကားတွေ ပြောချလိုက်မိရော။ မလုပ်သင့်တာတွေ လုပ်ချလိုက်မိရော၊ နောက်ဆုံးတော့ ကြီးမားတဲ့ လောကပြစ်၊ ဓမ္မပြစ်ကြီးတွေပါ ကျူးလွန်မိသူ ဖြစ်သွားတော့တာပါ။ ဒီအခြေနေမျိုး ရောက် သွား ရင် သိပ်ကြောက်ဖို့ ကောင်းတာပါ။
ကိုယ်က ပါရမီအားနည်းသေးလို့ ပထမ အမျိုးအစားမှာ မပါသေးရင်တောင် ဒုတိယ အမျိုးအစားတော့ ပါအောင် ကြိုးစားရမှာပါ။
ဒေါသဖြစ်လာပြီဆိုရင် ကိုယ်ဒေါသဖြစ်နေတာကို သိလိုက်ဖို့ပါ။ ကိုယ်ရှေ့မှာရှိတဲ့ ခွက် ကလေးကို ထိုင်ကြည့်နေသလို ဖြစ်နေတဲ့ ဒေါသလေးကို စိတ်ကလေးနဲ့ ထိုင်ကြည့်နေဖို့ပါ။ တတ်နိုင်သရွေ့ ဒေါသရဲ့ သဘောလေးကို မိနိုင်သမျှ မိအောင် ကြည့်နေလိုက်ဖို့ပါ။ ဒေါသလေးက ဘယ်လိုလေးလဲ။ ဘယ်လိုလေးဖြစ်နေတာလဲဆိုပြီး ဒေါသရဲ့ သဘော လေးကို သိနေလိုက်ဖို့ပါပဲ။
ဒီတော့ ဒေါသဖြစ်ဖြစ်လာပြီဆိုရင် နှုတ်က လည်း ပြောလိုက်ပါဦး။"ကိုင်း… ဒေါသရေ ကြိုက်သလောက် ဖြစ်စမ်း၊ ငါကတော့ မင်းကို စိုက်ကြည့်နေမှာပဲ" လို့ပြောပြီး ဒေါသကို သေချာသာစိုက်ကြည့်နေလိုက်ပါ။ မျက်စိနဲ့ကြည့်ရမှာတော့ မဟုတ်ပါဘူး။ စိတ်နဲ့ ကြည့်နေ ရမှာပါ။ ရှေ့မှာချထားတဲ့ ကော်ဖီခွက်ကလေးကို သေချာစိုက်ကြည့်နေရင် ခွက်ကလေးရဲ့ သဘောလေးကို သိရသလို ဖြစ်နေတဲ့ ဒေါသလေးက ဘယ်လိုလေးလဲ၊ ဘယ်လိုသဘော လေး ဖြစ်နေတာလဲ ဆိုတာ သိအောင် ကြည့်ရမှာပါ။
သိစ ကြည့်စမှာတော့ ဒေါသကလေးက ပျောက်ဦးမှာ မဟုတ်သေးပါဘူး။ သိပါ၊ သိပါ၊ ကြည့်ပါ ကြည့်ပါ များလာရင် ဒေါသလေးက လျော့လျော့သွားတာ များပါတယ်။ လိုရင်းကတော့ ဒေါသဖြစ်လာရင် ဒေါသကို ပြန်ကြည့်နေလိုက်ဖို့ပါ။
အဲဒီလို ဒေါသဖြစ်တာလေးကို သိလိုက် တာဟာ အဆင့်မြင့် ၀ိပဿနာနဲ့ ပယ်လိုက် တာပါပဲ။
မဟာသတိပဋ္ဌာန်သုတ်မှာ ဒေါသဖြစ်ရင် ဖြစ်တယ်လို့ သိလိုက်ပါတဲ့ ။ မြတ်စွာဘုရားက ရိုးရိုးလေးပဲ ပြထားတာပါ။
ကျင့်စမှာတော့ ခက်နေမှာပါ။ ကျင့်ပါများသွားရင် အလေ့အကျင့်ဖြစ်ပြီး လွယ်သွားလိမ့် မယ်။ မခက်လှတဲ့ ကျင့်စဉ်လေးကို လက်တွေ့ကျင့်သုံးကြည့်သင့်ပါတယ်။ ကျင့်နေတဲ့ အချိန် မှာ တစ်ဖက်ကလည်း "ငါ မြတ်စွာဘုရားကို အကျင့်နဲ့ ပူဇော်နေတယ်၊ ငါ မြတ်စွာဘုရား ကို အကျင့်နဲ့ ပူဇော်နေတယ်"လို့ နှလုံးသွင်းနေလိုက်ပါ။ မြတ်စွာဘုရားကို အကျင့်နဲ့ ပူဇော် နေတာဆိုတော့ မြတ်စွာဘုရားရဲ့ မျက်နှာတော်လေးကို မြင်ယောင်ပြီး မြတ်စွာ ဘုရားကို အားနာသွားပြီး ဒေါသကို ဆက်ပြီး မဖြစ်ရက်တော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်က မြတ်စွာဘုရားကို အနှို်င်းမဲ့ ကြည်ညိုထားရလို့ပါ။
"ဒေါသ ဖြစ်လိုက်တာနဲ့ သိလိုက်ပြီး မြတ်စွာဘုရားကို အကျင့်နဲ့ ပူဇော်လိုက်လိုက်"၊ "ဒေါသဖြစ်လိုက်တာနဲ့ သိလိုက်ပြိး မြတ်စွာဘုရားကို အကျင့်နဲံပူဇော်လိုက်လိုက်"နဲ့ ကြာလာတော့ ဒုတိယ အမျိုးအစားထဲမှာ ပါသွားပါလိမ့်မယ်။ ဆက်လက်ပြီး ကျင့်သွားမယ်ဆိုရင်တော့ ပထမ အမျိုးအစားထဲမှာတောင် ပါသွားတော့မှာပါ။
အဲဒီလိုမှ မပျောက်ရင်" ငါ ဒေါသဖြစ်နေတယ်၊ ငါ ဒေါသဖြစ်နေတယ်"လို့ ထပ်ကာ ထပ်ကာ ဆိုနေလိုက်ပါ။ တကယ်လို့ ဒေါသက အင်အားသိပ်ကောင်းနေရင်လည်း "ငါ ဒေါသဖြစ်နေတယ်၊ ငါ ဒေါသ ဖြစ်နေတယ်"လို့ အသံကို မြှင့်ပြီး ခပ်ကျယ်ကျယ်လေးသာ အော်ဆိုနေလိုက်ပါ။ ကိုယ်အော်နေတဲ့အခါ အနားမှာ လူမရှိဖို့ တော့ လိုပါတယ်။ လူကင်းတဲ့ တစ်နေရာကို သွားအော်ပါ။ ရွတ်ဆိုရင်းနဲ့ အသိဉာဏ် ၀င်လာတဲ့အခါ ဒေါသက လျော့သွားတာ များပါတယ်။
အဓိက ကတော့ ဒေါသကို ပယ်ချင်တဲ့ စိတ်ရှိဖို့ ပါပဲ။ ပုထုဇဉ်အလျှောက် ဒေါသကို မပယ်နိုင်သေးလို့ ဒေါသဖြစ်နေရသေးပေမယ့် ကိုယ်က ဒေါသကို ပယ်ချင်စိတ်ရှိဖို့ပါပဲ။ ပယ် ချင်စိတ်ကို အခြေခံပြီး ရွတ်နေရင် လျော့လျော့သွားတာ များပါတယ်။
နောက်တစ်ခု သတိ ထားရမှာက ဒေါသဖြစ်နေတဲ့ အချိန်မှာ ကိုယ်ဒေါသ ဖြစ်ရ သူနဲ့ ဘာစကားမှ မပြောမိအောင်ရယ်၊ ဘာမှ မလုပ်မိအောင်ရယ် အထူးသတိထားရပါမယ်။ ဒေါသထွက်နေတုန်း ပြောလိုက် ပြုလိုက်ရင် မှားသွားတာများလို့ပါ။
စာထဲမှာ ဘာဖြစ်လို့ ဒေါသဖြစ်ရသလဲလိုတော့ အနိဋ္ဌာရုံနဲ့ အယောနိသောမနသိကာရ ကြောင့်ပါတဲ့။
အနိဋ္ဌာရုံဆိုတာ ကိုယ်မနှစ်သက်တဲ့ အာရုံ၊ ကိုယ်အလိုမရှိအပ်တဲ့ အာရုံပါ။
ကိုယ်မနှစ်သက်တဲ့အဆင်း အသံ အနံ့ အရသာ အတွေ့အထိ ကိုယ်မနှစ်သက်တဲ့ အစား အစာ၊ ကိုယ်မနှစ်သက်တဲ့ ပစ္စည်း၊ ကိုယ်မနှစ်သက် တဲ့လူ စသည် စသည်တွေကြောင့် ဒေါသဖြစ်ရပါတယ်။
နောက်တစ်ခုက အယောနိသောမနသိကာရ = နှစ်လုံးသွင်းမှားမှုကြောင့်လည်း ဖြစ်ရ ပါတယ်။
ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံကြောင့်လည်း ဒေါသဖြစ်ရတာဆိုတော့ အနိဋ္ဌာရုံတွေကို မမြင်အောင် မကြားအောင် ကြိုရှောင်ထားလိုက်ရင်လည်း ဒေါသကို ကြိုတားပြီးသား ဖြစ်နေပါတယ်။
စာမှာတော့ ဒေါသဖြစ်ရခြင်းရဲ့ အကြောင်းရင်းဖြစ်တဲ့ အနိဋ္ဌာရုံနဲ့ အယောနိသော မနသိ ကာရ ကြောင့်လို့ ဆိုပေမယ့် အယောနိသောမနသိကာရ အဓိကကျပါတယ်တဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံနဲ့ တွေ့ဦးတော့ ယောနသောမနသိကာရနဲ့  နှလုံးသွင်း လိုက်ရင် ဒေါသ မဖြစ်တော့ပါဘူးတဲ့။
ဒေါသကို ပယ်ချင်တဲ့သူက ဒီစာမှတ်ချက်ကလေးကို သေချာအာရုံပြုထားရမှာပါ။ ကြုံလာတဲ့ အာရုံတိုင်းကို ယောနိသော မနသိကာရနဲ့ နှလုံးသွင်းထားလိုက်ရင် ဒေါသဖြစ်နိုင် စရာ မရှိတော့ပါဘူး။
စာထဲမှာ ထပ်ပြထားတာကတော့ အနိဋ္ဌာရုံကို တားလို့မရပါဘူးတဲ့။ ဟုတ်လည်း ဟုတ် ပါတယ်။ ပတ်ဝန်းကျင်နဲ့ နေရတာဆိုတော့ ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံကတော့ အရှေ့ အနောက် တောင် မြောက် ၀ဲ ယာကနေ ပေါ်ချင်သလို ပေါ်ပေါ်နေမှာပါ။ ဘယ်လိုမှ တားလို့ ရမှာ မဟုတ်ပါဘူး။
ဒါတွေကိုထောက်ပြီး ဒေါသမဖြစ်ချင်တဲ့သူဟာ ယောနသောမနသိကာရကို လက်ကိုင်ထားရမှာပါ။
ဒီတော့ ကိုယ်မနှစ်သက်တဲ့ အာရုံကို ယောနိသော မနသိကာရနဲ့ နှလုံးသွင်းတဲ့ အလေ့လေး ကို ထပ်ကာ ထပ်ကာ လေ့ကျင့်ထုံနိုင်ရပါမယ်။ လေ့ကျင့်စမှာတော့ ရချင်မှ ရမှာပါ။ လေ့ကျင့်ပါ များလာရင်တော့ အတိုင်းအတာ တစ်ခုအထိတော့ ရင့်ကျက် သွား တော့မှာပါ။
ဒါကြောင့် ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံတွေ့လိုက်တာနဲ့ "ငါ ယောနိသောမနသိကာရနဲ့ နေမယ်" "ငါ ယောနိသောမနသိကာရနဲ့ နေမယ်" လို့ ငါးခါ ခြောက်ခါလောက် ဆင်ခြင်ပစ် လိုက်ပါ။
ဆင်ခြင်မှုကို လျှော့မတွက်ပါနဲ့။ ဆင်ခြင်ပါများရင် အဲဒီဆင်ခြင်မှုကပဲ ယောနိသော မနသိကာရ ဖြစ်ဖို့ အတွက် ကူညီသွားပါလိမ့်မယ်။ ဇာတ်ဝတ္ထုတွေ ထဲမှာ ဆင်ခြင်ရင်းနဲ့ သံဝေဂကိုပဲ အခြေခံပြီး ၀ိပဿနာ ဆက်ကူးသွားတာ၊ တရားထူး၊ တရားမြတ် ရသွားတဲ့ သာဓကတွေ အများရယ်ပါ။ ဆင်ခြင်မှုက တရားထူး၊ တရားမြတ် ရဖို့အထိတောင် အထောက်အပံ့ ဖြစ်တာပါ။ ဒီတော့ ရတာ မရတာထား၊ ဆင်ခြင် စရာရှိတာ တင်းတင်းသာ ဆင်ခြင်နေလိုက်ပါ။ ဆင်ခြင်မှုရဲ့ အကျိုးကိုတော့ ခံစား ရပါလိမ့်မယ်။
ဒေါသ ပယ်နည်းတွေကတော့ စာထဲမှာ အများကြီးပါပဲ။ ဒီတော့ ဆင်ခြင် နှလုံးသွင်းပြီး ပယ်တာရယ်၊ ၀ိပဿနာနဲ့ ပယ်တာရယ်ပဲ ရေးပြလိုက်ပါတယ်။
ကဲ… စာဖတ်သူ၊ ဒေါသဖြစ်လာတဲ့အခါ "ကဲ… ဒေါသ ၊ မင်းကြိုက်သလောက် ဖြစ်စမ်း၊ ငါကတော့ မင်းကို သေချာထိုင်ကြည့်နေမှာပဲ" ဆိုပြီး ဖြစ်လာတဲ့ ဒေါသကလေးကို စိုက်ကြည့် နေလိုက်ပါ။ ကြည့်ပါ ကြည့်ပါများလာရင် တစ်နေ့သောအခါမှာ ဒေါသနည်းသူ တစ်ယောက် ဖြစ်သွားပါလိမ့်မယ်။
ရဝေနွယ်(အင်းမ)
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း
ဇူလိုင်၊ ၂၀၀၈
ကျမ်းကိုး
၁။ ဒေါသကထာ
(မောင်းထောင်ဆရာတော် ဘုရားကြီး)
၂။ ဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့်
(လောဘ၊ ဒေါသ၊ မောဟ)
သာသနာရေး ဦးစီးဌာန။

လောကမာရဇိန် စေတီတော်

လောကမာရဇိန် စေတီတော်
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်မှာ ကြန်တောကျေးရွာရှိပါတယ်။ ကြန်တောကျေးရွာရဲ့ ရွာဦးထိပ်မှာ ပြိုပျက်နေတဲ့ စေတီတော်ဟောင်း တစ်ဆူ ရှိပါတယ်။ စေတီတော်ဟောင်းကိုဖြိုဖျက်ပြီး အသစ်ပြန်လည်တည်ဆောက်ရန် ကျောင်းထိုင် ဆရာတော်ကြီး အရှင်စန္ဒာသီရိထံ ဂေါပကအဖွဲ့က လျှောက်ထား ခွင့်ပန်ခဲ့ပါတယ်။ ဆရာတော်ကြီးရဲ့ ခွင့်ပြုချက်ရပြီး ဆရာတော်ကြီးအား ဦးထိပ်ထားကာ ရယက ဥက္ကဋ္ဌက ဥက္ကဋ္ဌတာဝန်ယူပြီး အဖွဲ့ဝင် ၂၇ ဦး ပါဝင်တဲ့ ဂေါပကအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။
တိလောကမာရဇိန်စေတီတော် ကြီးကို ၁၂ဝ၅ ခုနှစ်တွင် ကြန်တော ရွာသား ဦးမြမောင်က ကိုးတောင်ပြည့် စေတီတော်အဖြစ် စတင်၍တည်ထား ကိုးကွယ်ခဲ့ကြောင်း ရှေးလူကြီးများ က ပြောပြခဲ့ကြပါတယ်။
ဂေါပကအဖွဲ့ ဖွဲ့စည်းပြီး ၂ဝဝ၇ ခု မတ်လ ၁၂ ရက်နေ့မှာ စေတီ တော်ဟောင်းကြီးကို စတင်ရှင်းလင်း ပြုပြင်ကြပါတယ်။ နောက်တစ်နေ့မှာ သပိတ်မှောက်နေရာမှ ရဟန္တာရုပ်တု၊ ရှင်ဥပဂုတ္တမထေရ် ဆင်းတုတော်နဲ့ အိုးကွဲများကိုတွေ့ရပါတယ်။ မတ်လ ၁၈ ရက်နေ့မှာ ဆယ့်နှစ်တောင်ပြည့် စေတီတော်ထဲမှ ကိုးတောင်ပြည့်စေ တီတော်ကိုဖူးတွေ့ရပါတယ်။ မတ်လ ၁၉ ရက်နေ့တွင် ဆယ့်ခုနစ်တောင် ပြည့်စေတီ တနင်္ဂနွေထောင့်၊ ပထမ ပဉ္စယံမှ သတ္တဋ္ဌာနတစ်စုံကိုဖူးတွေ့ရ ပါတယ်။ မတ်လ ၂၁ ရက်နေ့မှာ မြေအောက်ဋ္ဌာပနာတိုက်မှ သတ္တဌာန တစ်စုံနဲ့ ရုပ်ပွားတော်ကြေးဆင်းတု ၈ဝ ကျောက်ဆင်းတု ၂ဝ နဲ့ ရေ အပြည့်ပါဝင်ပြီး ရေမခန်းတဲ့ ရေအိုး ငယ်တစ်လုံးကို ရရှိခဲ့ပါတယ်။ ရေ မခန်းတဲ့အိုးငယ်ကို မြေအိုးဖုံးနဲ့ဖုံးအုပ် ထားပါတယ်။ ဓာတ်တော်များပါတဲ့ အိုးကိုလဲ ဖူးတွေ့ရပါတယ်။
ကြန်တောရွာစေတီဟောင်းမှ ဓာတ်တော်များ ဖူးတွေ့ရတဲ့ သတင်း ကြောင့် ရပ်ဝေးရပ်နီးမှ ဗုဒ္ဓဘာသာဝင် သူတော်စင်များတဖွဲဖွဲလာရောက်ဖူး မျှော်ကြည်ညိုကြပါတယ်။ စေတီ တော်ပြုပြင်ရာမှာ လိုအပ်နေတဲ့ စိန် ဖူးတော်၊ ထီးတော်၊ တန်ဆောင်း၊ ပြာသာဒ်၊ အုတ်တံတိုင်း စသည့်အလှူ ရှင်များလဲ ပေါ်ပေါက်လာပါတယ်။ စေတီတော်ကြီးကိုပြုပြင်ရန် အလှူ ဒါယကာများအားလုံး ပြည့်စုံနေတာ ကြောင့် ဆရာတော်ကြီးက စေတီ တော်ဟောင်းမှရရှိထားသော ဌာပနာ ပစ္စည်းများကို အမြန်ဆုံးဌာပနာသွင်း ပြီး ဋ္ဌာပနာပိတ်ခဲ့ပါတယ်။
စေတီတော်ကြီးအား ထီးတော် မတင်မီ မဟာရံတံတိုင်း၊ တံခွန်တိုင် နဲ့ရင်ပြင်တော်ကျောက်ပြားခင်းသည့် လုပ်ငန်းဆောင်တာများကို ဂေါပက အဖွဲ့ဝင်များနဲ့ ပန်းရံဆရာများလုပ် ကိုင်ဆောင်ရွက်ကြပါတယ်။ ကျေးရွာ လူထုကလဲ လုပ်အားဒါနပါဝင် လှူဒါန်းကြပါတယ်။
ဇူလိုင်လ ၇ ရက်နေ့ စနေနေ့ ညနေ ငါးနာရီခွဲခန့် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင် လတ်၊ အတွင်းရေးမှူး ဦးအောင် ကြွယ်၊ စာရင်းကိုင် ဦးဘအုန်း (အမကအုပ်)အဖွဲ့ဝင် ဦးဆိုက်တိုး၊ ဦးအောင်မောင်း၊ ဦးကျော်ခင်တို့ စေတီတော်ရဲ့ အင်္ဂါထောင့်မှာ မြေ ညှိနေကြတုန်း ဥက္ကဋ္ဌ ဦးခင်မောင် လတ်က မြေကြီးထဲမှတွေ့ရတဲ့ ပဲစေ့ ခန့် အလုံးကလေး သုံးလေးလုံးကို ကောက်ပြီး'' ဓာတ်တော်နဲ့တူတယ်'' လို့ပြသပြီး ပြောဆိုလိုက်ပါတယ်။ ကျန်ပုဂ္ဂိုလ်များကလဲ မြေကြီးထဲမှ ဓာတ်တော်များ ရရှိဖူးကြောင်း မကြား ဖူး၍သိပ်ပြီးမထင်မှတ်ကြပါ။ သာမန် စကားအဖြစ်နဲ့သာ သဘောထားကြ ပါတယ်။ ညနေလူစုခွဲပြီး အိမ်ပြန် သွားကြတဲ့အခါ ပန်းရံဆရာဦးမြင့်ဝင်း ရဲ့ ကိုးနှစ်ရွယ် သမီးလေး မစုမြတ် အောင်က အနီးမှာရှိပြီးကြားလိုက် တာကြောင့် ဂေါပကလူကြီးများ ပြန် သွားကြတဲ့အခါ ဓာတ်တော် လေးငါး ဆူကိုကောက်ယူပြီး သူ့ဖခင်ကိုသွား ရောက်ပြသပါတယ်။ ပန်းရံဆရာ ဦးမြင့်ဝင်းကလဲ ဓာတ်တော်ဖြစ်နိုင် ကြောင်း ခန့်မှန်းပြီး ပို၍ သေချာရန် ဆရာတော်ကြီးထံသွားရောက်ပြီး ချက်ချင်းပြသ လျှောက်ထားပါတယ်။ ဆရာတော်ကြီးက ဓာတ်တော်များ အား စစ်ဆေးကြည့်ရှုပြီး ဓာတ်တော် အစစ်များဖြစ်ကြောင်း မိန့်တော်မူပါ တယ်။
ဘုရားစေတီရင်ပြင်တော်မှ ဓာတ် တော်များထူးခြားစွာပေါ်ပေါက်လာ တဲ့သတင်းကြောင့် အနယ်နယ်အရပ် ရပ်မှ ပရိသတ်များလာရောက်ဖူးမြှော် ကြပါတယ်။ လာရောက်ပြီးကြည်ညို ကြရင်းနဲ့ ရွှံ့ခဲမြေကြီးများကို ကျုံး ယူကြပြီး ဓာတ်တော်များကိုရွေးခြယ် သန့်စင်ကာ ပုလင်းများနဲ့ ထည့်ပူဇော် ကြပါတယ်။ နောက်ပိုင်းဓာတ်တော် များပေါ်ထွန်းရာ စေတီတော်ရဲ့ အင်္ဂါ ထောင့်မှာ ဓာတ်ပေါင်းစုစေတီတော် တည်ထားကိုးကွယ်မည်ဖြစ်၍ ပန္နက် ရိုက်ပြီး ရာဇမတ်ကာရံထားပါတယ်။ မြေကြီးခဲများကိုလဲ ယူဆောင်ခွင့်မပြု တော့ဘဲ ပူဇော်လိုတဲ့ဧည့်ပရိသတ် များအား ဓာတ်တော်များကို ပုလင်းနဲ့ ထည့်ပြီး ဆရာတော်ကြီးကိုယ်တိုင် ချီးမြှင့်ပေးပါတယ်။
ဘုရားရင်ပြင်မှ မြေကြီးခဲကို ကျုံးယူတိုင်းဓာတ်တော်များ ရရှိပါ တယ်။ ကျေးရွာအလှူအတန်းများ မှာချက်ပြုတ်ရာ၌ အသုံးပြုတဲ့ ဒန်အိုး ကြီးဆယ်လုံးခန့်နဲ့ ရွှံ့ခဲ မြေကြီးများ ကို ကျုံးယူပြီး ကျောင်းပေါ်မှာ ရေ စိမ်ထားပါတယ်။ နောက်ပြီး ရွှံ့ခဲ များကို လက်နဲ့ခြေမွရပါတယ်။ ပြီး တော့ ချောင်းထဲသို့သွားပြီး ဓာတ် တော်များကိုရွေးချယ်ကာ ရေဆေး ကြပါတယ်။ ကျောင်းပေါ်မှာ အခြောက်လှန်းပြီး ဆန်ကော၊ လင် ပန်း၊ ဒန်အိုးဖုံးများနဲ့ သဲများ ခဲများ နဲ့ရောနှောနေတဲ့ ဓာတ်တော်များကို ကျောင်းပေါ်မှာပဲ ရွေးကြပါတယ်။ ကြန်တောရွာ ဒါယိကာမများက လုပ် အားပေးကုသိုလ်ပြုကြပါတယ်။
ဓာတ်တော်များရဲ့ အရွယ်အစား မှာ မုန်ညှင်းစေ့မှ ပဲနောက်စေ့၊ ပဲ လွန်းစေ့အရွယ်များဖြစ်ကြပါတယ်။ ရွှေရောင်ဝင်းနေတဲ့ ဓာတ်တော်များ လဲ ဖူးတွေ့ရပါတယ်။
ထူးခြားသော ရှေးဟောင်းစေတီ တော်နှင့် ထူးခြားစွာဘုရားရင်ပြင် တော်မှထွက်ပေါ်လာတဲ့ ဓာတ်တော် များကို ဒေသအသီးသီးမှ ဗုဒ္ဓဘာသာ များလာရောက်ဖူးမြှော်ကြည်ညိုကြပါ တယ်။ ဘုရားထီးတော်တင်ပြီး နောက်ပိုင်း စေတီတော်မှ ရောင်ခြည် တော်များ ညစဉ်လွှတ်ပါတယ်။ ရောင် ခြည်တော်လွှတ်ခါနီး ဆယ်မိနစ်ခန့် အလိုမှာ စေတီတော်ကဆည်းလည်း များက အသံမြည်ပေးပါတယ်။ လေ တိုက်လို့မမြည်တဲ့ ဆည်းလည်းများ က သတိပြုကြဖို့အသံပေးတာ ဖြစ် ကြောင်းပြောဆိုနေကြပါတယ်။ ဥပုသ်နေ့ညမှာ ရောင်ခြည်တော်များ ပိုပြီးကွန့်မြူးပါတယ်။
ပို၍ ထူးခြားအံ့သြဖွယ်ကောင်း တာက မင်းတပ်မြို့နယ် ပန်းအော့ ကျေးရွာမှာ သာသနာပြုနေတဲ့ ဖျာပုံ သားဦးပဉ္ဇင်းက သူ့မှာပါတဲ့ ဒစ်ဂျစ် တယ်ကင်မရာနဲ့ ဓာတ်ပေါင်းစုစေတီ တည်မည့်နေရာမှာ အဖွဲ့များနဲ့ ပရိသတ်များကြည်ညိုနိုင်အောင် ပြသထားတဲ့ ဓာတ်တော်များကို ရိုက် ကူးပြီး ဖွင့်ကြည့်တဲ့အခါ စေတီတော် မှ ရောင်ခြည်တော်ကွန့်မြူးနေပုံများနဲ့ ဆရာတော်ကြီး အရှင်စန္ဒာသီရိပုံတော် များပါ ထူးထူးခြားခြားပေါ်ပေါက်လာ ပါတယ်။ အချိန် ၃၁ စက္ကန့်သာကြာ ပါတယ်။ တစ်ဆင့်ကူးယူပြီးကြည်ညို ကြတာလဲ မင်းတပ်နဲ့ ယောနယ်မှာ ပျံ့နှံ့သွားပါပြီ။
တန်ခိုးကြီးပြီး ထူးခြားတဲ့ တိ လောကမာရဇိန်စေတီတော်မြတ်အား သွားရောက်ဖူးမြော်ကြည်ညိုလိုပါက ပခုက္ကူကျောက်ထုကံကြီးရွာသို့ နေ့ စဉ်လိုင်းကားများရှိပါတယ်။ မန္တလေး မှ မင်းတပ်သို့ ပြေးဆွဲတဲ့ ဘတ်စ် ကားလဲ မန္တလေးမှ တနင်္လာနေ့နဲ့ သောကြာနေ့များမှာ ညနေ ၆ နာရီ ထွက်ပါတယ်။ ဗုဒ္ဓဘာသာဝင်များ သွားရောက်ဖူးမြော်နိုင်ပါရန် လမ်း ညွှန်လိုက်ပါတယ်။

သဂါထာသုတ်-

သဂါထာသုတ်-

သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူစဉ်...
ရဟန်းတို့ သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ယုတ်ညံ့သော နှလုံးသွင်း ရှိကုန်သော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။

ရဟန်းတို့ လွန်ပြီး {အတိတ်} အခါ၌လည်း သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာ လျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်ပြီ။ ယုတ်ညံ့သော နှလုံးသွင်းရှိကုန် သော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်း တည်း တသားတည်း ဖြစ်ကုန်ပြီ။

ရဟန်းတို့ နောင် {အနာဂတ်} အခါ၌လည်း သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာ လျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်လတ္တံ့၊ ယုတ်ညံ့သော နှလုံးသွင်းရှိ ကုန်သော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်း ရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်လတ္တံ့။

ရဟန်းတို့ ယခု {ပစ္စုပ္ပန်} အခါ၌လည်း သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။

ရဟန်းတို့ ဥပမာသော်ကား ...
မစင်ကျင်ကြီးသည် မစင်ကျင်ကြီးနှင့် တပေါင်းတည်း တသားတည်းဖြစ်၏၊
ကျင်ငယ်သည် ကျင်ငယ်နှင့် တပေါင်းတည်း တသားတည်း ဖြစ်၏၊
တံတွေးသည် တံတွေးနှင့် တပေါင်းတည်း တသားတည်း ဖြစ်၏၊
ပြည်သည် ပြည်နှင့် တပေါင်းတည်း တသားတည်း ဖြစ်၏၊
သွေးသည် သွေးနှင့် တပေါင်းတည်း တသားတည်း ဖြစ်၏။

ရဟန်းတို့ ဤအတူသာလျှင် သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်း တည်း တသားတည်း ဖြစ်ကုန်၏၊ ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့ သည် ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။

လွန်ပြီး {အတိတ်} အခါ၌လည်း။ပ။
နောင် {အနာဂတ်} အခါ၌လည်း။ပ။
ယခု {ပစ္စုပ္ပန်} အခါ၌လည်း သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်း တည်း တသားတည်း ဖြစ်ကုန်၏၊ ယုတ်ညံ့သော နှလုံးသွင်းရှိ ကုန်သော သူတို့ သည် ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တ သားတည်း ဖြစ်ကုန်၏။

ရဟန်းတို့ သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့သည် ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။

ရဟန်းတို့ လွန်ပြီး {အတိတ်}အခါ၌လည်း သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာ လျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်ပြီ၊ ကောင်းသော နှလုံးသွင်းရှိကုန် သော သူတို့သည် ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်း တည်း တသားတည်း ဖြစ်ကုန်ပြီ။

ရဟန်းတို့ နောင် {အနာဂတ်}အခါ၌လည်း။ပ။

ရဟန်းတို့ ယခု {ပစ္စုပ္ပန်}အခါ၌လည်း သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့သည် ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။

ရဟန်းတို့ ဥပမာသော်ကား ...
နို့ရည်သည် နို့ရည်နှင့် တပေါင်းတည်း တသားတည်း ဖြစ်၏၊
ဆီသည် ဆီနှင့် တပေါင်းတည်း တသားတည်း ဖြစ်၏၊
ထောပတ်သည် ထောပတ်နှင့် တပေါင်းတည်း တသားတည်း ဖြစ်၏၊
ပျားရည်သည် ပျားရည်နှင့် တပေါင်းတည်း တသားတည်း ဖြစ်၏၊
တင်လဲသည် တင်လဲနှင့် တပေါင်းတည်း တသားတည်း ဖြစ်၏။

ရဟန်းတို့ ဤအတူသာလျှင် သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်း တည်း တသားတည်း ဖြစ်ကုန်၏၊ ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့ သည် ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့နှင့် အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊

လွန်ပြီး {အတိတ်}အခါ၌လည်း။
နောင် {အနာဂတ်} အခါ၌လည်း။
ယခု {ပစ္စုပ္ပန်}အခါ၌လည်း သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်း တည်း တသားတည်း ဖြစ်ကုန်၏၊ ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့ သည် ကောင်းသောနှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသား တည်း ဖြစ်ကုန်၏ဟု မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူ၏၊

မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူပြီး၍ ထိုမှ နောက်၌
ဤဂါထာတို့ကို မိန့်တော်မူ၏-
{{ရဟန်းတို့ တဏှာဖြင့် ကပ်ငြိခြင်းကြောင့် ကိလေသာတောကြီးသည် ပေါက် ရောက် ဖြစ်ပေါ်လာ၏၊ မကပ်ငြိခြင်းကြောင့် ပြတ်၏။ မဟာသမုဒ္ဒရာ၌ သေးငယ် သော သစ်တုံးကို တက်စီးမိ၍ နစ်မြုပ်ရလေသကဲ့သို့ ဤအတူ ပျင်းရိသော သူကို အစွဲပြု၍ ကောင်းသော အသက်မွေးမှုရှိသော သူသော် မှလည်း နစ်မြုပ်ရ၏။ ထို့ကြောင့် ယုတ်ညံ့သော လုံ့လရှိသော ပျင်းရိသော ထိုသူကို ရှောင်ကြဉ်ရာ၏။

ဆိတ်ငြိမ်ရာသို့ ကပ်ကုန်သော, ဖြူစင်ကုန်သော, နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိကုန်သော, ဈာန်ဝင်စားလေ့ရှိကုန်သော, ထက်သန်သော လုံ့လရှိကုန်သော, ပညာရှိတို့နှင့်သာလျှင် အတူတကွ ပေါင်းဖော်နေထိုင်ရာ၏}} ဟု (မိန့်တော်မူ၏)။

၆ - သဂါထာသုတ်၊ ဒုတိယ၀ဂ်၊ နိဒါန၀ဂ္ဂသံယုတ်ပါဠိတော်။

မြန်မာတို့ရဲ့ တပေါင်းလ

မြန်မာတို့ရဲ့ တပေါင်းလ

မြန်မာလများတွင် ၁၂ကြိမ်မြောက်လသည် တပေါင်းလဖြစ်လေသည်။ ပဌမလ၀က်သည် ဆောင်းရာသီစက်မှ မလွတ်သေးချေ။ ဒုတိယလ၀က်သို့ရောက်မှသာ နွေရာသီစက်သည် စတင်လေသည်။ ထို့ကြောင့် တပေါင်းလ သည် ဆောင်းတ၀က် နွေတ၀က်ဖြစ်၍ နေ့ပူလို့ ညချမ်း၊ တပေါင်းလ သရမ်း ဟု လူတို့ဆိုစမှတ် ပြုကြသည်။

၂၇လုံးသော နက္ခတ်များ စုပေါင်းထွက်ပေါ်လာခြင်းကြောင့်လည်းကောင်း၊ ထန်းရည်များ ပေါင်းစပ်ကျိုချက်သဖြင့် ထန်းပေါင်း ဟူသောစကားမှ ရွေ့လျားလာခြင်းကြောင့်လည်းကောင်း တပေါင်းလ ဟုခေါ်တွင်သည်ဟုဆိုသည်။ ဗေဒင်အလိုအားဖြင့်ကား တပေါင်းလသည် မိန်ရာသီဖြစ်၏။ မိန်ရာသီ၏ အရုပ်မှာ ငါး၂ကောင်ဖြစ်သည်။ စန်းယှဉ်နက္ခတ်ကား ဥတ္တရ ဘရဂုဏ္ဏီတည်း။ သရဖီ ကိုရာသီပန်းအဖြစ် အသိအမှတ်ပြုကြသည်။ ယင်းလတွင်မြစ်များ ချောင်းများ ရေစစ်ကာ သောင်ခုံသဲပြင်များပေါ်ထွန်းသဖြင့် သဲပုံစေတီတည်သော ရာသီပွဲများ ကျင်းပလေ့ရှိသည်။ ထိုလ၌ နေထွက်ချိန် ၆နာရီ ၁၀မိနစ်ဖြစ်၍ နေ၀င်ချိန်မှာ ၅နာရီ ၅၀မိနစ်ဖြစ်သည်။ ထို့ကြောင့် နေ့တာ အနည်းငယ်တို၍ ညတာရှည်သည်။


တပေါင်းလသည် ဆောင်ကြွင်း နွေဦးလဖြစ်သဖြင့် လောက သဘာဝအလုံးသည် သစ်ပင်များ ရွက်ဟောင်းစွန့်၍ ရွက်သစ်လွန့်ကာ အညွန့်အညှောင့်များ ပေါ်ထွက်ခြင်းဖြင့် တင့်တယ်သာယာလှပေသည်။ မြန်မာစာပေ လောကတွင် ရှေးစာဆိုများသည် တပေါင်းလကို အထူးဖွဲ့ဆိုရေးသားခဲ့ကြလေသည်။ အင်းဝခေတ် ရဟန်းစာဆိုရှင် ဥတ္တမကျော်သည် သူ၏တောလားကဗျာကြီး၌ တပေါင်း၏တင့်တယ် သာယာပုံကို လေခမြေသက်၊ ဈာန်ဝိတက်သို့၊ သစ်ရွက်ယော်ယီ၊ ဣန္ဒနီဝယ်၊ သိင်္ဂီတ၀က်၊ ဖက်၍ဆေးစုံ၊ ခြယ်သောပုံသို့၊ ရဂုံမြိုင်တွင်း၊ တောလုံးလင်းသား ဟု ချီးကျူးဖွဲ့ဆိုခဲ့၏။


ရှင်အုံးညိုကလည်း တပေါင်းလ၏ ကြည်နူးရှုချင်ဖွယ်ကောင်းပုံကို ဂါထာ၆၀ပျို့တွင် ကာဠုဒါယီအမတ် က မြတ်စွာဘုရားအား လျှောက်ထားသည့်ဟန်ဖွဲ့စပ်ဆိုထားခဲ့သည်။ ကုန်းဘောင်ခေတ် ပြဇာတ်ဆရာကြီး ဦးကြင်ဥကမူ ရှစ်ခွင်တိုင်း မှုန်မှိုင်းတဲ့ပတ်လည် သဇင်ကြွင်းငယ်နှင့် အင်ကြင်းသန္တာညွန့်ငယ်တို့ ၊ ဖူးကွန့်ကိုက်စည်။ ဘမရာ ရွှေပိတုန်းငယ်တို့၊ ချွေသုံးကြ၀တ်ရည်၊ ဆွတ်ကြည်ဘွဲ့ဖော် ကွဲ။ ယင်းသည့်နေ့ဆိုင်၊ ရသေ့သူတော်ထိုင်မှ၊ ညာဏ်မခိုင် ဈာန်ယိုင်လျောရတယ်၊ ရာသီတွင် ခါညီပြောပေပ၊ ကြော၍သာမြဲ။ ဟု တပေါင်းလ ၏ စာပန်းချီကိုသီကုံးခဲ့ပေသည်။
" တပေါင်းလဖွဲ့"


ပန်းရွှေဖီ ကြိုင်လှောက်လို့၊
ပန်းတောက်ကယ်တဲ့ သင်းချို။
ဥတ္တရာ ဘရဏ်ဂုက၊တိမ်ဘုံမှာ ရောင်ခြည်လင်းလို့၊
လမင်းသော်တာနှင့်၊တူမကွာ ထိန်ဝါလဲ့၊ထွန်းတဲ့ခါကို။
သောင်သဲငယ်မို့၊ရေညိုကရစ်မို့။
လေးညင်းငယ်လာ၊စုံဟေမာမြိုင်ထဲက
ဝမ်းဘဲ ရွှေစင်ရော်တို့၊
ဖော်ခေါ်သံ မောင်မယ်ကျူးတယ်၊
မြူးပျော်ကြလို့။


တပေါင်းလသည် မြန်မာလများ၏ တစ်ဆယ့်နှစ်လမြောက်ဖြစ်၍ တစ်နှစ်တာ၏ နောက်ဆုံးလဖြစ်သည်။ ဆောင်းကူးနွေစ သာယာလှသော လရာသီဖြစ်၍ ဖေဖော်ဝါရီလနှင့် မတ်လတွင် ကျရောက်လာသည်။ ထို့ကြောင့် နေ့ပူလို့ ညချမ်း၊တပေါင်းလသရမ်းဟု ဆိုထုံးပြုခဲ့ကြသည်။ တပေါင်းလ၏ ရာသီပွဲတော် သည် သဲပုံစေတီပွဲတော် ဖြစ်သည်။သဲများကို စုပုံ၍ စေတီအသွင်တည်ကာ သဗ္ဗညုတ မြတ်စွာဘုရားအား ရည်မှန်းထား ၍ ပူဇော်ခြင်းဖြစ်သည်။ သဲပုံစေတီပွဲတော်သည် ဗုဒ္ဒသာသနာ စတင်ထွန်းကားလာချိန်မှပင် ရှိခဲ့သော ပွဲတော်ဟု ယူဆရပေသည်။မြန်မာနိုင်ငံတွင် တပေါင်းလ သို့ရောက်သည့်အခါ မြစ်များ၊ချောင်းများ၌ ရေစစ်ကာ သဲခုံ သောင်ခုံ ဖြူဖြူဖွေးဖွေးများ ပေါ်ထွန်း လာလေ့ရှိသည်။ တောင်သူဦးကြီးတို့သည် လယ်ယာလုပ်ငန်းများမှ အနားယူချိန်လည်းဖြစ်သည်။ထိုအချိန်တွင် ရှေးမြန်မာမင်းများသည် ထိုသဲပုံစေတီပွဲကို ရာသီပွဲအဖြစ် သတ်မှတ် ကာ ရွှေနန်းတော်ကြီးမှ သည် ကျေးလက်တောရွာများ အထိ ခြိမ့်ခြိမ့်သဲ ဆင်ယင်ကျင်းပခဲ့ကြသည်။
သဲပုံစေတီပွဲတော်သည် ယခုခေတ်၌ ပျောက်ကွယ်လုနီးပါ ရှိလေပြီ။မန္တလေးစသည့် မြန်မာနိုင်ငံ အထက်ပိုင်း မြို့ရွာအနည်းငယ်၌ သာ ကျင်းပတော့သည်။ယခုအခါ သဲပုံ စေတီတော်အစား စေတီပုထိုးများ၌ ဗုဒ္ဒပူဇနိယ ပွဲတော်များကို ကျင်းပ ကြသည်။ ယင်းဘုရားပွဲတော်ကို ’တပေါင်းပွဲ ’ ဟုခေါ်ကြသည်။


Tabaung


It is the 12th Myanmar month, falling March. In ancient days it was a time for what was known as festivals of sand pagodas, in which people built sand pagodas on the sandbanks and hold festivities on the occasion. Now the practice is on the wane, except in some cities and towns in upper part of the country, but the time is still held sacred for holding of Buddha Pujayanti ceremonies, that is occasions for rededication of the pagodas.

Saturday, January 30, 2010

သရဏဂုံအကြောင်းသိကောင်းစရာ

တောင်ပုလုဆရာတော်ဘုရားကြီး ၏ ဘာသာရေးနဲ့ ပတ်သတ်တဲ့ ဆောင်းပါးကောင်းလေးကို
မျှဝေပေးလိုက်ပါတယ် ..


ဗုဒ္ဓဘာသာဝင်တို့ရဲ့ အသက်သွေးကြော၊ မူလပဓါနဖြစ်တဲ့ သရဏဂုံ ဆောက်တည်ခြင်း
အကြောင်း သိမှတ်ဖွယ်ရာထပ်လောင်း တင်ပြလိုက်ပါတယ်။ သရဏဂုံသီလကို မတောင်းဘဲ
ဆောက်တည်လို့ ရပါတယ်။ ဘုရားရှင်လက်ထက် သရဏဂုံ ဆောက်တည်ကြတာလဲ
တောင်းခံပြီးဆောက်တည်တာ မဟုတ်ပါဘူး။ ဘုရားရှင်ဟောတဲ့ တရားတော်တွေကို
နှစ်သက်ကြည်ညိုတဲ့စိတ်၊ ဘုရားရှင်ကို ကြည်ညိုလေးစားစိတ် ဖြစ်ပေါ်လာတဲ့အခါ
ယနေ့ကစပြီး တစ်သက်ပတ်လုံး ဘုရား၊ တရား၊ သံဃာကို ကိုးကွယ်ဆည်းကပ်ပါ၏လို့
ဆောက်တည်လိုက်တာပဲဖြစ်ပါတယ်။


သရဏဂုံဟာ ကလေး၊သူငယ်ကအစ လူတိုင်းလူတိုင်းနဲ့သင့်လျော်ပါ တယ်။
ဘာမှမကုန်မခန်း မပင်ပန်းလှဘဲနဲ့ အကျိုးကြီးလှတဲ့ သရဏဂုံတည်မှုကို
ရနိုင်တယ်။သရဏဂုံတည်တယ်ဆိုတာဟာ ဘာလဲလို့မေးရင်-(၁) ဘုရား၊တရား၊သံဃာဆိုတဲ့
ရတနာသုံးပါးအား သဒ္ဓါယုံကြည်စိတ်ဖြင့် မိမိကိုယ်ကိုအပ်နှင်းခြင်း၊(၂)
ဘုရား၊တရား၊သံဃာ ရတနာသုံးပါးကို မှီခိုအားထားခြင်း၊(၃) ဘုရား၊တရား၊သံဃာ
ရတနာသုံးပါး၏ တပည့်အဖြစ်ကိုခံယူခြင်း၊(၄) ဘုရား၊တရား၊သံဃာရတနာသုံးပါးကို
ရိုသေစွာရှိခိုးခြင်း အဲဒီ (၄)ပါးအနက်မှ တပါးပါးကိုပြုလုပ်ရင်
ပြုလုပ်တဲ့သူဟာ သရဏဂုံတည်တယ်လို မှတ်ယူရပါတယ်။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ စသည်ကို
သရဏဂုံသုံးပါး ကိုးကွယ်ဆည်းကပ်ခြင်းလို့ ခေါ်ပါတယ်။ ဘုရားရှင်ကို
ကိုးကွယ်ဆည်းကပ်ပါ၏၊ တရားတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏။ သံဃာတော်ကို
ကိုးကွယ်ဆည်းကပ်ပါ၏လို့ မြန်မာလို စိတ်ထဲကသိပြီး ဆိုရပါမယ်။

လောကမှာ ဘုရား၊တရား၊ သံဃာလိုဆိုတဲ့ ရတနာသုံးပါးဟာ အထွတ်အထိပ်
အမြင့်ဆုံး၊အမြတ်ဆုံးဖြစ်တယ်။ အဲဒီရတနာသုံးပါးထက်
မြင့်တာ၊မြတ်တာမရှိတော့ပါဘူး။ အဲဒီလိုအထွတ်အထိပ်
အမြင့်ဆုံး၊အမြတ်ဆုံးဖြစ်တဲ့ ရတနာသုံးပါးအား (အတ္တသမံ ပေမံနတ္ထိ =
မိမိကိုယ်ထက်ချစ်တာ မရှိဘူးလို့ဆိုတဲ့အတိုင်း) မိမိအချစ်ဆုံးဖြစ်တဲ့
မိမိခန္ဓာကိုယ်ကို အပ်နှင်းလှူဒါန်းခြင်းဟာ အင်မတန်အကျိုးများပါတယ်။

ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ယုံကြည်လေးစားစွာနဲ့ စိတ်စေတနာပါပြီး
ကိုးကွယ်ဆည်းကပ်မှ သရဏဂုံဆောက်တည်ရာ ရောက်ပါတယ်။ ဘုန်းကြီးဆိုပေးလို့
လိုက်ဆိုတာမျိုး၊ ကိုယ့်ဘာသာရထားလို့ အလွတ်ဆိုတာမျိုးဆိုရင်တော့
အကျိုးမများလှဘူး။ ဘာသာရေးဆိုင်ရာ ပါဠိတွေရွတ်ဆိုတဲ့အခါ
ဆိုလိုရင်းအနက်အဓိပ္ပါယ်ကိုသိမှ ကျေးဇူးများပါတယ်။

သုံးကြိမ်ဆိုတာလဲအထူးလေးနက်စေချ င်လို့ပါ။တစ်ကြိမ်တစ်ခါဆိုတာကော့စိတ်မပါလက်မပါ၊
ဝတ်ကျေတန်းကျေဆိုတာလဲဖြစ်နိုင်ယ်။ အခုသရဏဂုံ ဆောက်တည်တဲ့ လူကတော့ တကယ့်
ယုံယုံကြည်ကြည် စိတ်ပါလက်ပါ ကိုးကွယ်ဆည်းကပ်ခြင်း ဖြစ်တယ်ဆိုတာ
သိစေချင်လို့ သူ့ရဲ့ ကိုးကွယ်ဆည်းကပ်မှုကို လေးနက်စေချင်လို့
သုံးကြိမ်ထပ်ဆိုခြင်း ဖြစ်တယ်။ဘာသာရေး ကိစ္စတွေမှာ
သုံးကြိမ်ထပ်ဆိုမှုမှန်သမျှဟာ လေးနက်စေချင်လိုဖြစ်ပါတယ်။

ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးဟာ ကိုးကွယ်ဆည်းကပ်သူတို့ရဲ့
ကြောက်ရွံခြင်း၊ ထိတ်လန့်ခြင်း၊ အပါယ်ဆင်းရဲ၌ဖြစ်ခြင်းစတဲ့
ဆင်းရဲဒုက္ခတွေကိုပယ်ပျောက်၊ ချမ်းသာကိုရောက်တက်လို့ သရဏ=
ကိုးကွယ်ရာလို့ခေါ်ပါတယ်။ အများအားဖြင့် ဗုဒ္ဓဘာသာတွေက ဗုဒ္ဓံသရဏံဂစ္ဆာမိ
ဆိုတဲ့စာပိုဒ်သုံးခု (သို့) ဒီစာပိုဒ်သုံးခုကို နှုတ်ကရွတ်ဆိုတာကို
သရဏဂုံဆောက်တည်တာလို့ ထင်နေကြပါတယ်။ အမှန်မှာတော့ ဘုရား၊တရား၊သံဃာ
ရတနာသုံးပါးဟာ ဆင်းရဲပယ်ဖျောက်ချမ်းသာရောက်စေတဲ့
ဝတ္ထုမှန်သုံးပါးဖြစ်တယ်လို့ ယုံကြည်တဲ့သဒ္ဓါ၊ သိမှတ်နားလည်တဲ့ပညာကို
သရဏဂုံ(သို့) ကိုးကွယ်ဆည်းကပ်မှုလို့ခေါ်တယ်။

မိရိုးဖလာအလွတ်ရထားလို့ဖြစ်စေ၊ ဘုန်းကြီက ချပေးလို့ဖြစ်စေ၊
ဗုဒ္ဓံသရဏံဂစ္ဆာမိ စသည်ဆိုတဲ့အခါ ယုံကြည်မှုသဒ္ဓါတရားကို အသိဉာဏ်နဲ့မယှဉ်တဲ့
ဉာဏဝိပ္ပယုတ် သရဏဂုံလို့ခေါ်တယ်။ ဆင်းရဲပယ်ဖျောက်၊ ချမ်းသာရောက်စေတဲ့
ဝတ္ထုမှန်သုံးပါးဖြစ်ကြောင်းကို ယုံလဲယုံကြည်မယ်၊
သိရှိနားလည်မှုလဲရှိမယ်ဆိုရင် ယုံကြည်မှုသဒ္ဓါ၊ သိနားလည်မှုပညာနှစ်ပါးကို
အသိဉာဏ်နဲ့ယှဉ်တဲ့ ဉာဏသမ္ပယုတ်သရဏဂုံ လို့ခေါ်ပါတယ်။

ဒီနေရာမှာ ရတနာသုံးပါးဟာ ဘေးရန်ပယ်ဖျောက် ချမ်းသာရောက်စေတက်တဲ့
ဝတ္ထုမှန်သုံးပါးဖြစ်တယ်လို့
ယုံကြည်သိမှတ်ဆည်းကပ်ကိုးကွယ်သူ ၊ယုံကြည်သိမှတ်တဲ့သဒ္ဓါ၊ပညာဦးဆောင်တဲ့စိတ်အစဉ်နဲ့ရွတ်ဆိုတဲ့လူကိ
(လောကီသရဏဂုံ)ဆောက်တည်တဲ့လူလို့ခေါ်ပြီး၊ဝိပဿနာကမ္မဋ္ဌာန်းအားထုတှ်ရရှိတဲ့မဂ်စိတ်လေးပါးကိုရတဲ့
အရိယာပုဂ္ဂိုလ်ရှစ်ယောက်ကို (လောကုတ္တရာသရဏဂုံ) တည်တဲ့လူလို့
နှစ်မျိုးရှိပါတယ်။

လောကီသရဏဂုံဆောက်တည်တဲ့အတွက်ယခုဘဝမှာကြောက်ရွံ၊ထိတ်လန့်ခြင်းကင်းတယ်။
စိတ်ကြည်လင်တယ်၊ စည်းစိမ်ဥစ္စာ လာဘ်သပ်ပကာ တိုးတယ်၊ သေတဲ့အခါမှာ အပါယ်လေးဘ
ုံမရောက်ဘဲ လူစည်းစိမ်၊ နတ်စည်းစိမ်ခံစားရတယ်။ လောကုတ္တရာသရဏဂုံ၎ပါးကတော့
ဖိုလ်လေးပါးအကျိုးကို ခံစားရတယ်။ ဝဋ်ဒုက္ခမှကင်းပြီး နိဗ္ဗာန်ချမ်းသာကို
ရရှိခံစားနိုင်ပါတယ်။

လောကုတ္တရာသရဏဂုံကတော့ တစ်ခါရပြီးရင် ဘယ်တော့မှမပျက်စီးတော့ပါဘူး၊
နိဗ္ဗာန်ရတဲ့အထိ ဘဝအဆက်ဆက် တည်မြဲသွားတယ်။ တစ်ဆင့်ထက်တစ်ဆင့် မြင့်တက်ပြီး
နိဗ္ဗာန်တိုင် ရောက်သွားနိုင်ပါတယ်။ လောကီသရဏဂုံကတော့ အခြားဘာသာကို
ကူးပြောင်းကိုးကွယ်တဲ့အခါ၊ ဘဝတစ်ပါးပြောင်းသွား ကွယ်လွန်တဲ့အခါ
ပျက်စီးပါတယ်။ အသိစိတ်မရှိတဲ့ အလောင်းကောင်ကြီးကိုလဲ သရဏဂုံတင်တဲ့ကိစ္စကလဲ
အသိစိတ်မရှိတဲ့ အလောင်းကောင်ကြီးကတော့ သရဏဂုံမရပါဘူး။ ဒါပေမဲ့ သေတဲ့သူဟာ
ပြိတ္တာဖြစ်နေလို့ တရားလာနာရင်တော့ ကုသိုလ်ရပါတယ်။ သာဓုခေါ်နိုင်ပါတယ်။
သေဆုံးသွားတဲ့အခါ ခြောက်တာတို့၊ လှ့န်တာတို့၊ နှုတ်ဆက်တာတို့ဟာ ဝေမာနိက
ပြိတ္တာ၊တစ္ဆေ၊ သရဲ ဖြစ်လို့သာ ခြောက်လှန့်လိုရတယ်ဆိုတာ စကားချပ်အနေနဲ့
ပြောချင်ပါတယ်။ လူ့ဘဝမှာ မကောင်းတာအကုန်လုပ်၊ အကုသိုလ်အားကြီးတဲ့သူကတော့
သေတဲ့အခါ ငရဲကို တိုက်ရိုက်ရောက်သွားတဲ့ အတွက် ခြောက်လှန့်ဖို့၊
နှုတ်ဆက်ဖို့နေနေသာသာ သူကိုယ်တိုင်ငရဲဘုံမှာ ဒုက္ခပေါင်းစုံ
မရှုမလှခံစားနေရပါတယ်။

ရတနာသုံးပါးဟာ ကိုးကွယ်ဆည်းကပ်စရာ ဟုတ်မှဟုတ်ရဲ့လား၊ ရတနာသုံးပါးကို
ကိုးကွယ်ဆည်းကပ်လို့ရော
အကျိုးကျေးဇူးရှိပါ့မလားလို့သံယစိတ်တွေဝင်တဲ့အခါမှာလည်းသရဏဂံညစ်နွမ်းပါတယ်။
ဒါဟာလဲဗုဒ္ဓဘာသာဝင်တို့သတိထားသင့်တဲ့အချက်တစ်ခုဖြစ်ပါတယ်။ဒါကြောင့်အမြဲတမ်းဖြူစင်
လတ်ဆက်နေအောင် ရတနာသုံးပါးကို ယုံကြည်ကိုးစားစိတ်ရှိဖို့
လိုအပ်ပါတယ်။လောကုတ္တရာ သရဏဂုံကတော့ ဘယ်အခါမှမညစ်နွမ်းပါဘူး။

တစ်ကြိမ်ဆောက်တည်ထားတဲ့ လောကီသရဏဂုံဟာ ဘာသာပြောင်းရင်၊
သေရင်ပျက်စီးပါတယ်။ တစ်ခါသာမက အကြိမ်ကြိမ် ဆောက်တည်နိုင်တဲ့အတွက်
ကုသိုလ်အကြိမ်ကြိမ် ရနေပါတယ်။
၂၄ပစ္စည်းပဋ္ဌာန်းဒေသနာတော်မှာအာဝေနပစ္စည်းဆိုတာ ရှိပါတယ်။
ကုသိုလ်ကောင်းမှုကို ထပ်ခါ၊ ထပ်ခါပြုလုပ်ခြင်း၊ တစ်ခါလုပ်ထားတဲ့
ကုသိုလ်ကို ထပ်ခါ၊ထပ်ခါပွားများနေခြင်းဖြင့် ကုသိုလ်ဟာအင်အား
ကြီးမားလာပါတယ်။ဒီလို ကုသိုလ်အင်အား ကြီးမားလာအောင်လို့ သရဏဂုံက
ိုအထပ်ထပ် တည်ဆောက်စေတာ ဖြစ်ပါတယ်။

ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်တဲ့သူဟာ သေရင်အပါယ်မလားဘူး၊
သေရင်နတ်ပြည်တော့ အနည်းဆုံးရောက်တယ်လို့ ဓမ္မပဒ
ပါဠိတော်မှာဘုရားဟောထားပါတယ်။ နတ်သားချင်းတူတာတောင်
လူ့ပြည်မှာသရဏဂုံတည်သူ၊ပွာများ သူဟာနတ်ပြည်မှာအခြားနတ်သားတွေထက်အသက်၊အရောင်အဝါ၊
အခြွေအရံ၊ ချမ်းသာ၊ အစိုးရခြင်း၊ ရူပါရုံ၊ သဒ္ဓါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊
ဖောဋ္ဌဗ္ဗရုံ ဒီ ၁၀-ပါးတို့ဖြင့် အခြားနတ်သားများထက် လွန်ကဲတယ်လို့
တာဝတိံသာနတ်ပြည်သို့ကြွတော်မူတဲ့ ရှင်မောဂ္ဂလန် ကိုယ်တော်မြတ်ကြီးက
မိန့်ကြားတော်မူခဲ့ပါတယ်။

ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။ဘုရားရှင်လက်ထက်တော် ကသေရည်၊သေရက်
နေ့စဉ်ရက်ဆက်သောက်တဲ့ သရဏဥပါသကာဆိုတာရှိခဲတယ်။ သူဟာသရဏဂုံတည်တဲ့အတွက်
သူ့ကိုသရဏဥပါသကာလို ခေါ်ပါတယ်။ ဒီလူသေတဲ့အခါဘုရားရှင်က
နတ်ပြည်ကိုရောက်တယ်လို့ ဟောတော်မူတဲ့အတွက်ဘုရားရှင်ရဲ့ဆွေတော်၊
မျိုးတော်တွေက ဘုရားရှင်ကို ကဲ့ရဲ့ပြစ်တင်ကြပါတယ်။ ဘုရားရှင်စကားက ဟုတ်မှ
ဟုတ်ပါမလားပေါ့။ ဒါနဲ့မဟာနာမ်မင်းကကြားပြီး အရှင်ဘုရား..အရှင်ဘုရားရဲ့
ဆွေမျိုးတွေကအရှင်ဘုရားကို ကဲ့ရဲ့ပြစ်တင်ကြတယ်ဘုရား။
သေအရက်ကိုနေ့စဉ်သောက်တဲ့သူဟာ သေတော့ နတ်ပြည်ရောက်တယ်ဆိုတာ
အရှင်ဘုရားဟောတာကို ဘယ်သူမှမယုံကြဘူး ဘုရားလို့လျှောက်တယ်။

ဘုရားရှင်က…."သူဟာ သေတာနဲ့တပြိုင်နက်သောတပန်ဖြစ်သွားတယ်။ သေရည်၊သေရက်သောက်တဲ့ကံက
သူ့ကိုမတားမြစ်နိုင်ဘူး။ဘာကြော့်တုံးဆိုတော့ဘုရား၊တရား၊သံဃာဆိုတဲ့ရတနာသုံးပါးရဲ့
ဂုဏ်ကျေးဇူးတော်များက အတိုင်းမသိ ကြီးကျယ်မြင့်မြတ်တာကတကြောင်း၊ သူကလဲဘဲ
ရတနာသုံးပါးကို အသက်စွန့်၍ယုံကြည်ခြင်းဌါ
စွမ်းနိုင်တဲ့အဝေစ္စပဿဒဟုဆိုအပ်ဲ့ သဒ္ဓါတရားထားရှိတာကတကြောင်း
ဒီအကြောင်းများကြောင့် သေရည်၊သေရက်သောက်တဲ့ အကုသိုလ်ကံဟာ
သူ့ကိုမတားမြစ်နိုင်ဘူး လို့ မိန့်ကြားတော်မူပါတယ်။ "

သရဏဥပါသကာကိုတစ်ဖက်သားက“သရဏဥပါကာ..သင်ဘုရားကိုဘုရားမဟုတ်ဘူး၊ရားကိုတရား
မဟုတ်ဘူး၊သံဃာကိုသံဃာမဟုတ်ဘူးလို့
ပြောရင်ပြော၊မပြောရင်သင့်ခေါင်းဖြတ်မယ်လို့”ဆိုခဲ့ရင်တောင်
သရဏဥပါသကာကသင်..ငါ့ခေါင်းကိုဖြတ်ချင်ဖြတ်ပါ။
ကျွှန်ုပ်ဘုရားကိုဘုရားမဟုတ်ဘူး၊တရားကိုတရား
မဟုတ်ဘူး၊သံဃာကိုသံဃာမဟုတ်ဘူးလို့မပြောဝံ့ဘူးလို့
ပြန်ပြောနိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။

ဒါကြောင့်အင်မတန်စွန့်နိုင်ခဲတဲ့ တရားနှစ်ပါးအကြာင်းကို ဘုရားရှင်က ဤသို့
ဟောကြားတော်မူခဲ့ပါတယ်….

“ဒွေမာ ဘိက္ခဝေ အာသာ ဒုပ္ပဇဟာ၊
ကတမာ ဒွေ လာဘာသာ စ ဇီဝိတာသာ စ၊
ဣမာ ခေါ ဘိက္ခဝေ ဒွေ အာသာဒုပ္ပဇဟာ။”

အဓိပ္ပါယ်ကတော့- မိမိ၏အသက်၌ ကပ်ငြိတွယ်တာ သာယာမက်မောတက်တဲ့ အာသာကိုလည်း
စွန့်နိုင်ခဲတယ်။ လာဘ်၌ ကပ်ငြိတွယ်တာ သာယာမက်မောတက်တဲ့ အာသာကိုလဲ
စွန့်နိုင်ခဲတယ်။ အဲဒီလိုစွန့်နိုင်ခဲတဲ့ အကြောင်းတရားနှစ်ပါးတိုတွင်
တပါးပါးကိုစွန့်ပြီး ရတနာသုံးပါးကို ယုံကြည်ခြင်းဌါ စွမ်းနိုင်လို့ရှိရင်
တရားကိုအားမထုတ်ဘဲနဲ့ မဂ်တရားဖိုလ်တရားကို ရနိုင်တယ်လို့
ဟောတော်မူခဲ့ပါတယ်။

ရတနာသုံးပါးကို အထွတ်မြတ်ဆုံးဟု ယုံကြည်၍၊ သိ၍ ငါ့ရဲ့ကိုးကွယ်ရာပဲလို့
စိတ်၌ဖြစ်ပေါ်နေသမျှ ထိုသူမှာ သရဏဂုံတည်နေတော့တာပါဘဲ။ ထိုစိတ်ကို
မစွန့်သမျှကာလပတ်လုံး၊ ဗုဒ္ဓဘာသာဝင်အဖြစ်ကို စွန့်၍အခြားဘာသာထဲသို့
မဝင်သမျှကာလပတ်လုံး သရဏရုံမပျက်ဘဲ ဆက်လက်တည်နေပါတယ်။ ကာလရှည်ရှည်
သရဏဂုံတည်လေ အကျိုးများလေလေပါဘဲ။ ဒါကြောင့်အကျိုးများလှတဲ့ သရဏဂုံကို
တသက်လုံးအတွက် ရည်မှန်းဆောက်တည်ကြရန်၊ တသက်ပန်တည်ဆောက်ရန် သရဏဂုံကို
ရေးသားတင်ပြလိုက်ရပါတယ်။

“ တသက်ပန်တည်ဆောက်ရန် သရဏဂုံ ”

၁။ အဇ္ဇအာဒိံကတွာ အဟံ အတ္တာနံ ဗုဒ္ဓဿ နိယျာဒေမိ။
၂။ အဇ္ဇအာဒိံကတွာ အဟံ အတ္တာနံ ဓမ္မဿ နိယျာဒေမိ။
၃။ အဇ္ဇအာဒိံကတွာ အဟံ အတ္တာနံ သံဃဿ နိယျာဒေမိ။
၎။ ဇီဝိတ ပရိယန္တိကံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
၅။ ဇီဝိတ ပရိယန္တိကံ ဓမ္မံ သရဏံ ဂစ္ဆာမိ။
၆။ ဇီဝိတ ပရိယန္တိကံ သံဃံ သရဏံ ဂစ္ဆာမိ။

( ဒုတိယမ္ပိ၊ တတိယမ္ပိ ) အထက်ပါအတိုင်း တည်ဆောက်ပါ။

အနက်အဓိပ္ပါယ်

၁။ အဇ္ဇအာဒိံကတွာ - ယနေ့ကိုအစပြု၍၊ အဟံအတ္တာနံ- မိမိကိုယ်ကို၊
ဗုဒ္ဓဿ-မြတ်စွာဘုရားအား၊ နိယျာဒေမိ- အပ်နှင်းလှူဒါန်းပါ၏။
၂။ အဇ္ဇအာဒိံကတွာ - ယနေ့ကိုအစပြု၍၊ အဟံအတ္တာနံ- မိမိကိုယ်ကို၊
ဓမ္မဿ-တရားတော်မြတ်အား၊ နိယျာဒေမိ- အပ်နှင်းလှူဒါန်းပါ၏။
၃။ အဇ္ဇအာဒိံကတွာ - ယနေ့ကိုအစပြု၍၊ အဟံအတ္တာနံ- မိမိကိုယ်ကို၊
သံဃဿ-သံဃာတော်မြတ်အား၊ နိယျာဒေမိ- အပ်နှင်းလှူဒါန်းပါ၏။
၎။ဇီဝိတပရိယန္တိကံ - အသက်ဆုံးသည့်တိုင်အောင်၊ ဗုဒ္ဓံ - မြတ်စွာဘုရားကို၊
သရဏံ - ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏။
၅။ဇီဝိတပရိယန္တိကံ - အသက်ဆုံးသည့်တိုင်အောင်၊ ဓမ္မံ - တရားတော်မြတ်ကို၊
သရဏံ - ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏။
၆။ဇီဝိတပရိယန္တိကံ - အသက်ဆုံးသည့်တိုင်အောင်၊ သံဃံ -သံဃာတော်မြတ်ကို၊
သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏။


တသက်လုံး အသက်ဆုံးသည့်တိုင်အောင်၊ သရဏဂုံ အမြဲတည်ပါပြီ။ အားကိုးရာ၊
မှီခိုရာ၊ ဆောက်တည်ရာ ရပါပြီ။ မပျက်တော့ပါဘူး။

အယူတပါးများ - ယူသွားရင်၊ သရဏဂုံ ပျက်ပြီးလို့ မှတ်ကြပါ။ ။

ကျေးဇူးရှင် တောင်ပုလုဆရာတော်ဘုရားကြီး ၊ ဆရာသောင်းလွင် - ဘီအေ