Showing posts with label မိဘမေတ္တာ ဆောင်းပါးများ. Show all posts
Showing posts with label မိဘမေတ္တာ ဆောင်းပါးများ. Show all posts

Wednesday, February 3, 2010

ကျေးဇူးရှင်မိဘတို့၏...နောက်ဆုံးမျှော်လင့်ချက်...


...အောင်ဆန်းဆရာတော်ဘုရားဘဒ္ဒ န္တ သဒ္ဓမ္မကိတ္တိသာရ ဟောကြားတဲ့ တရားတော်ထဲက သားသမီးဝတ္တရားငါးပါးနဲ့ ပတ်သက်ပြီး ဆုံးမဟောပြထားတာလေးကောက်နုတ်ချက်နဲ့ ...လှူမျှဝေ၍ဆိုတဲ့သားသမီးများထံမှ ကျေးဇူးရှင်မိဘများ မျှော်လင့်သော နောက်ဆုံးမျှော်လင့်ချက်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန်အတွက် ရွှေညာ-မောင်ယဉ်စိုးမှ လက်တွေ့မဖြစ်မနေ လုပ်ဆောင်ရမည့်အချက်များ ရွေးထုတ်စီစဉ်ဖော်ပြထားခြင်းကို ကမ္ဘာသစ် ဓမ္မမိတ်ဆွေများ.သူငယ်ချင်းများအတွက် ပူးတွဲတင်ဆက် မျှဝေပေးလိုက်ပါတယ်ရှင်. ပိုပြီးပြည့်ပြည့်စုံစုံ.ရှင်းရှင်းလင်းလင်းလေးသိစေချင်တဲ့ ဆန္ဒပါရှင်.

...အောင်ဆန်းဆရာတော်ဘုရားဘဒ္ဒ န္တ သဒ္ဓမ္မကိတ္တိသာရ ဟောကြားတဲ့ တရားတော်ထဲက သားသမီးဝတ္တရားငါးပါးနဲ့ ပတ်သက်ပြီး ဆုံးမဟောပြထားတာလေးပါ.

***သားသမီးဝတ်***

*** ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊
ဝတ်ငါးသွယ် ကျင့်ဖွယ်သားတို့တာ။


...မိဘတိုင်း.မိဘတိုင်း မိမိတို့ သားသမီးလေးတွေ ပေါ်ပေါက်လာတာနဲ့ မိဘတို့ဝတ္တရားဆိုတာရှိလာတယ်.


* မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်၊
ဖခင်မယ်တို့တာ* ဟူသည်နှင့်အညီ မိဘ၀တ္တရားအရ အရွယ်အလိုက် အတတ်ပညာသင်ပေးရတာတွေ.
အရင်းအနှီး စိုက်ထုတ်ပေးရတာတွေ. ဒါတွေဟာ မိဘ၀တ္တရားတွေဘဲပေါ့.

...မိဘတို့က လက်ထပ်ထိမ်းမြားပေးလိုက်တာနဲ့ တစ်အိုးတစ်အိမ် ထူထောင်နေကြ၊ ဒီမှာကျွေးမွေးမပျက်ဆိုတဲ့
သားသမီးဝတ္တရားက ဒီကစရင်ပိုပြီး ပီပြင်ပါလိမ့်မယ်. ဘာလို့လဲဆိုတော့ ငယ်စဉ်ကလည်း ပညာတွေသင်ကြ.
ဘာကြညာကြဆိုတော့ မိဘကို လုပ်မကျွေးနိုင်သေးဘူး. အရွယ်လေးရောက်လာပြန်တော့လည်း ပညာလေးစုံမလို့ရှိသေး
ကြင်ယာလေးတွေ ဆုံလိုက်ကြရလို့ မိဘကို မလုပ်ကျွေးနိုင်ကြပြန်ဘူး. အချို့ဆိုရင် ပညာတောင်မစုံကြသေးဘူး.
အိမ်ထောင်ရက်သားကျကြ. ဒါနဲ့ဘဲ ကျွေးမွေးမပျက်ဆိုတာ မဖြစ်ခဲ့ကြဘူး.

...အေးဒီတော့ ကိုယ့်အိုးကိုယ့်အိမ်လေးနဲ့ တည်ထောင်ပြီးကြတဲ့အခါမှာတော့ မိမိတို့ရဲ့စီးပွားရေးအခြေအနေအရ
ဇနီးမောင်နှံတိုင်ပင်ပြီး သူ့ဘက်ကိုယ့်ဘက် သဘောမကွဲဘဲ မိအိုဖအိုတွေကို ကျွေးမွေးကြရင်ဖြင့် ကျွေးမွေးမပျက်ဆိုတဲ့
သားသမီးဝတ္တရားကျေတဲ့ သားရတနာ.သမီးရတနာတွေဖြစ်ကြမှာပါ
ဘဲ။ စီးပွားရေးနိမ့်ပါးလို့ သိသိသာသာ မကျွေးမွေး
မထောက်ပံ့နိုင်သည့်တိုင်အောင် မိမိတို့ရဲ့စားဦးစားဖျား. ဟင်းထူးဟင်းဆန်းလေးရှိရင်တောင်မှ မိဘတွေဆီကို တစ်ဇွန်းတစ်ယောက်မ. တစ်ပန်းကန်ဆိုသလို ရောက်အောင်ကြိုးစားကြပါ. ဒါမှ သားသမီးဝတ္တရားကျေတယ်လို့ဆိုရပါမယ်.

...ဆောင်ရွက်စီမံဆိုတာက မိတွေ.ဘတွေ အခြေတည်ပေးလိုက်တဲ့ လုပ်ငန်းကိုင်ငန်းတွေ.ဒါတွေကို ဦးဆောင်စီမံ ဆောင်ရွက်ရမယ်ပေါ့.
ဥပမာ-ကုမ္ပဏီကြီးတွေ ဘာတွေထောင်ထားရင်လည်း အဲဒီကုမ္ပဏီမှာ စီမံခန့်ခွဲအုပ်ချုပ်ပြီး မိဘတွေကိုယ်စား လုပ်တတ်ကိုင်တတ် ရမယ်. ဒါကဆောင်ရွက်စီမံ.

...မွေခံထိုက်စေ ဆိုတာက မိဘတွေရဲ့ ကောင်းမွေဆိုးမွေ . ကောင်းမွေဆိုတာက မိဘတွေပြုလုပ်ခဲ့တဲ့ အစဉ်အလာကောင်းတွေ. ကုသိုလ်ရေး.ဘာသာသာသနာရေးဆိုတဲ့ အစဉ်အလာကောင်းတွေကို သားသမီးတွေ ခံကြရပါတယ်.
အဲလိုကောင်းမွေခံရသလို ဆိုးမွေကိုလည်း သားသမီးတွေ ခံကြရပါတယ်. မိဘတွေကောင်းရင် ကောင်းသလောက် ဂုဏ်သရေရှိပြီး. ဆိုးရင်လည်း ဆိုးသလောက် သားသမီးတွေ မျက်နှာငယ်ကြရပါတယ်. ဘုရားဒကာဦးဖြူရဲ့သားဆိုလည်း အမွေပါဘဲ. အရက်သမားဦးမဲရဲ့သားဆိုလည်း အမွေပါဘဲ. ပစ္စည်းဥစ္စာကိုသာ အမွေခံကြရတာမဟုတ်ဘဲ မိဘတွေရဲ့နာမည် ကောင်းမွေဆိုးမွေ ကိုလည်း သားသမီးတွေခံကြရပါတယ်. ဆိုတော့ ကိုယ်က မိဘအလှည့်ရောက်တဲ့အခါမှာ ကိုယ့်သားသမီးလေးတွေ ကောင်းမွေခံ ဖြစ်ဖို့ဆိုတာ မိဘတိုင်းရဲ့သမိုင်းပေး တာဝန်ပါ. အဲဒီလို မိဘတွေရဲ့ကောင်းမွေကို ခံထိုက်တဲ့သားကောင်း.သမီးကောင်းလေးတွေ ဖြစ်ဖို့လည်း သားသမီးများမှာ တာဝန်ရှိပါတယ်.

...စောင့်လေမျိုးနွယ် ဆိုတာကလည်း အမျိုးချစ်စိတ်ရှိဖို့. အစဉ်အလာကောင်း ထိန်းသိမ်းဖို့ သွန်သင်ချက်ပါဘဲ.

...လှူမျှဝေ၍ဆိုတဲ့ သားသမီးများထံမှ ကျေးဇူးရှင်မိဘများ မျှော်လင့်သော နောက်ဆုံးမျှော်လင့်ချက်ကို
ရွှေညာ-မောင်ယဉ်စိုးမှ လက်တွေ့မဖြစ်မနေ လုပ်ဆောင်ရမည့်အချက်များကို ရွေးထုတ်တင်ဆက်ထားတာလေးပါ.



...သားသမီးတို့အပေါ်မိဘတို့သည် အောက်ဖော်ပြပါ အချက်ငါးရပ်ဖြင့် မျှော်လင့်ချက်ထားခဲ့ကြသည်။
(၁) ငါတို့ အိုမင်းသောအခါ သား.သမီးများက ငါတို့အား အတုံ့တစ်ဖန် ပြန်လည် လုပ်ကျွေးပြုစုကြလိမ့်မည်။
(၂) ငါတို့ပြုလုပ်ရမည့် အမှုကိစ္စ ကြီး.ငယ်တို့ကို သားသမီးများက ငါတို့ကိုယ်စား အားထုတ်ပြုလုပ်ကြလိမ့်မည်။
(၃) ငါတို့အမျိုးအနွယ်အဆက်ရှည်ကြာအောင် သားသမီးများက ပြုမူဆောင်ရွက် နေထိုင်ရစ်ကြလိမ့်မည်။
(၄) ငါတို့၏အမွေကို သားသမီးများက ခံယူရစ်ကြလိမ့်မည်။
(၅) ငါတို့ ကွယ်လွန်ပြီးသောအခါ သားသမီးများက ငါတို့အား ရည်စူး၍ ကုသိုလ်ကောင်းမှုပြုကာ ငါတို့အား အမျှအတန်း ပေးဝေခြင်းဖြင့် ထောက်ပံ့မှုပြုကြလိမ့်မည်။
(အင်္ဂုတ္တရ၊ ပဉ္စကနိပါတ်၊ ပုတ္တသုတ်)

...မိဘကိုပြုစုလုပ်ကျွေးခြင်း၊ မိဘ၏တာဝန်များကို ပခုံးပြောင်းတာဝန်ယူခြင်း၊ မျိုးနွယ်ဆက်ကြာရှည်တည်အောင်
ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ အမွေခံယူခြင်းဟူသော အချက်တို့ကို သားသမီးများ တာဝန်ကျေအောင် ဆောင်ရွက်
နိုင်သည်ထားဦး၊ နောက်ဆုံးအချက်ကိုကား ခြွင်းချက်ဖြင့်သာ လက်ခံရပေမည်။

...မိဘများ၏ ယင်းနောက်ဆုံးမျှော်လင့်ချက်ကို သားသမီးများသည် မိရိုးဖလာအစဉ်အလာအရကား ဆောင်ရွက်
နေကြသည်သာဖြစ်ပါ၏။ သို့သော်မိဘများ၏ မျှော်လင့်ချက်ကား *ပြည့်မှပြည့်ဝပါလေစ*ဟု စဉ်းစားစရာရှိပါသည်။
မျှော်လင့်ချက်ကိုတော့ ဖြည့်ဆည်းပေးပါ၏။ သို့ရာတွင် လုပ်နည်းလုပ်ဟန် (ဖြည့်ဆည်းပေးမှုလုပ်ရပ်) လွှဲမှားမှုများ၊
အားနည်း.ချို့ယွင်းချက်များကြောင့် မိဘများမျှော်လင့်ချက် မပြည့်ဝဘဲရှိနေရတတ်ပါသည်။ သားသမီးများ အလွန်တရာ
ဆင်ခြင်စဉ်းစားသင့်သောကိစ္စဖြစ်သည်။

...သားသမီးသံယောဇဉ်၊ ပစ္စည်းသံယောဇဉ် စသည်တို့ဖြင့် လူ့ဘောင်လောကမှ ခွဲခွာ(ကွယ်လွန်)သွားရရှာသော မိဘများသည် ဂတိငါးပါးတွင် (ပေတဂတိ)ခေါ် ပြိတ္တာဘ၀သို့လည်း ရောက်တတ်ပေသည်။ ထိုကဲ့သို့ အ၀တ်ဆင်းရဲ၊ အနေဆင်းရဲ၊ အစားဆင်းရဲ စသော ဆင်းရဲခြင်းတို့ဖြင့် နေရသော (ပြိတ္တာဖြစ်ရသူ) မိဘများ၏အဖြစ်ကို သားသမီးများ ကြီးမားမြင့်မြတ်သောဆန္ဒဖြင့် ထောက်ပံ့ကူညီပေးရမည်ဖြစ်ပေသည်။ ထောက်ပံ့ကူညီပေးပုံပေးနည်းကိုလည်း ဗုဒ္ဓဘုရား၏ လမ်းညွှန်ဟောကြားချက်များ၌ ၇ှိခဲ့ပြီးဖြစ်သည်။


(၁) ဒေ၀ဂတိ-နတ်ဘုံ၊ ဗြဟ္မာ့ဘုံ
(၂) မနုဿဂတိ-လူ့ဘုံ
(၃) တိရစ္ဆာနဂတိ-တိရစ္ဆာန်ဘဝ
(၄) ပေတဂတိ-ပြိတ္တာဘုံ၊ ပြိတ္တာဘဝ
(၅) နိရယဂတိ-ငရဲဘုံ ဟူ၍ ဂတိငါးမျိုးလားရောက်ရာ ဘုံဘ၀ငါးမျိုးရှိရာ ဤလူ့ဘုံလူ့ဘ၀မှ ကွယ်လွန်ကာ *ပေတဂတိ*-ပြိတ္တာဘ၀ရောက်ရှိသွားသူကို ရည်စူးပြုလုပ်သောဒါနသည် *ပေတဒါန*ဖြစ်သည်။ ထိုပေတဒါနသည် ပြိတ္တာဘုံဘ၀ရောက်ရသူအတွက်သာ အကျိုးသက်ရောက်မှုရှိပေသည်။ ကွယ်လွန်သူသည် အကယ်၍ နတ်.ဗြဟ္မာ့ဘုံ၊ လူ့ဘုံ၊ တိရစ္ဆာန်ဘ၀၊ ငရဲဘုံတို့သို့ရောက်ရှိသွားပါက ကျန်ရစ်သူပြုလုပ်သည့် ကုသိုလ်အဖို့သည် ကွယ်လွန်သူအတွက် အကျိုးသက်ရောက်မှု မ၇ှိချေ။ သို့သော် ထိုကုသိုလ်သည် အချည်းနှီးတော့မဖြစ်၊ မိမိတို့ ကုသိုလ်ပြုသူများသည် ယင်းကုသိုလ်၏အကျိုးကို ကျိန်းသေမုချ ပြန်လည်ရရှိကြမည်ဖြစ်သည်။ အမှန်မှာ ကွယ်လွန်သူကို ရည်စူးပြုလုပ်သော ကောင်းမှုအဖို့ကို ကွယ်လွန်သူရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ မိမိတို့ ကုသိုလ်ကောင်းမှုပြုသူတို့ကား(ရသင့်သလို) ရရှိကြမည်သာဖြစ်သည်။

...ဂတိငါးပါးအနက် ပြိတ္တာဂတိ-ပြိတ္တာဘ၀ရောက်ရသူသာ ကျန်ရစ်သူတို့ပြုသော ကုသိုလ်အကျိုးသက်ရောက်မှု ၇ှိနိုင်သည်ဟုဆိုလင့်ကစား ပြိတ္တာတိုင်းအတွက်ကား အကျိုးသက်ရောက်မှုမ၇ှိနိုင်ချေ။

(၁) ၀န္တာသိကပြိတ္တာ
(၂) ခုပ္ပိပါသိကပြိတ္တာ
(၃) နိဇ္ဈာမတဏှိကပြိတ္တာ
(၄) ပရဒတ္တူပဇီဝိတပြိတ္တာ ဟူသော ပြိတ္တာ(၄)မျိုးအနက် ပရဒတ္တူပဇီဝိတပြိတ္တာ အဖြစ်မျိုးသာလျှင် ကျန်ရစ်သူတို့ပြုသော ကုသိုလ်အဖို့အမျှပေးဝေမှုကို ရယူနိုင်သည်။ ကျန်ပြိတ္တာမျိုးဖြစ်ခဲ့ပါမူ အကျိုးသက်ရောက်မှု မ၇ှိနိုင်ပါချေ။
(မိလိန္ဒပဥှာ၊ ပါ-၂၈၄၊ ပုဗ္ပပေတာဒိပဥှ)

*


...ကွယ်လွန်ပြီးသူသည် မည်သည့်ဘ၀မှာပင်ရောက်နေစေကာမူ ကျန်ရစ်သူများအနေဖြင့် ထိုကွယ်လွန်သူအတွက် ရည်စူးလျက် ကုသိုလ်ကောင်းမှုပြုကာ အမျှပေးဝေသင့်လှသည်သာဖြစ်၏။ ဤသည်မှာ မလွှဲနိုင်သော ဆောင်ရွက်ချက်ပင်ဖြစ်သည်။ ကွယ်လွန်သူကို ရည်စူး၍ ကုသိုလ်ပြုအမျှပေးဝေရာတွင် နည်းမှန်လမ်းကျပြုလုပ်တတ်ဖို့ အရေးကြီးပေသည်။ ဤတွင်ဆရာကြီးဦးမြင့်ဆွေ(မြင့်ဆွေ)၏ *ကွယ်လွန်သူကောင်းကျိုးရအောင် ဒါနပြုနည်း*စာအုပ်မှ အရေးကြီးသော အချက်အလက်အချို့ကို ကောက်နုတ်ဖော်ပြလိုပါသည်။

...အလှူခံပုဂ္ဂိုလ်မှာ သီလမရှိသော ဒုဿီလရဟန်းဖြစ်နေလျှင်လည်း ကွယ်လွန်သူအနေဖြင့် ယင်းကုသိုလ်၏ အဖို့ဘာဂအမျှကို သာဓုမခေါ်နိုင်ပေ၊ သာဓုမခေါ်နိုင်သဖြင့် ယင်းကုသိုလ်အတွက် ကောင်းကျိုးသုခ မ၇ရှိနိုင်ပေ။ ထို့အတူ လှူဖွယ်ဝတ္တုမှာ ရဟန်းသံဃာတော်များနှင့် မအပ်စပ်သော အကပ္ပိယအနာမာသ ငွေကြေးဖြစ်နေလျှင်လည်း ကွယ်လွန်သူအနေဖြင့် ယင်းကုသိုလ်၏ အဖို့ဘာဂ ကောင်းကျိုးသုခကို မရရှိနိုင်ပေ။


***သံဃိကဆွမ်းသွတ်နည်း***

...သို့ဖြစ်ရာ ကွယ်လွန်သူအား ရည်စူးကာ ဆွမ်းသွတ်အလှူပြုလုပ်ရာ၌ အလှူခံပုဂ္ဂိုလ်ကို သီလရှိ-မရှိ၊ သီလ၀န္တ ဟုတ်မဟုတ် မစိစစ် မရွေးချယ်တတ်လျှင်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မစိစစ်နိုင်လျှင်သော် လည်းကောင်း သံဃိကဒါနအဖြစ် ဆွမ်းသွတ်လှူဒါန်းခြင်းသည် အသင့်လျော်ဆုံးနှင့် အကောင်းဆုံးဖြစ်သည်။ ကွယ်လွန်သူအတွက် ကျိန်းအသေဆုံးဖြစ်သည်။

...သံဃိကဒါနအဖြစ် ဆွမ်းသွတ်လှူဒါန်းပါက ဥဒ္ဒိဿိကသံဃိကဒါနဖြစ်အောင် စိစစ်လှူဒါန်းသင့်သည်။ ဥဒ္ဒိဿိကသံဃိကဒါန ဆိုသည်မှာ ကွယ်လွန်သူမည်သူမည်ဝါအတွက်ဟူ၍ ရည်ညွှန်းပေးလှူခြင်းဖြစ်သည်။ ဥဒ္ဒိဿိကသံဃိကဒါနမြောက်အောင် လှူဒါန်းနည်းမှာ လှူဒါန်းလိုသော ကျောင်းတိုက်မှ အကြီးအမှူး နာယက ဆရာတော်အား *ကွယ်လွန်သူ(မည်သူမည်ဝါ)အတွက် ဆွမ်းသွတ်အလှူဒါနပြုလုပ်လှူဒါန်းလိုပါသဖြင့် အရှင်ဘုရား၏ ကျောင်းတိုက်မှ (သံဃာ့ကိုယ်စား) သံဃာတော်(ဘယ်နှစ်ပါး)ကြွရောက်ချီးမြှင့် အလှူခံတော်မူပါဘုရား* ဟု ပင့်လျှောက် ရမည်။ ထိုအခါ ကျောင်းတိုက်ဆရာတော်က သံဃာ့ကိုယ်စားညွှန်ကြားပေးသော သံဃာတော်ကို သံဃာဟူသော အမှတ်ဖြင့် ရိုသေလေးစားစွာ လှူဒါန်းရမည်။

...အထက်ဖော်ပြပါ ပေတဒါနဆိုင်ရာ အချက်အလက်များမှာ မိဘများ၏ နောက်ဆုံးမျှော်လင့်ချက်ကို သားသမီးများက အကောင်အထည်ဖော် ဆောင်ရွက်ကြရာ၌ မသိမဖြစ် သိထားရမည့်အချက်များဖြစ်၍ ဤ၌ အတန်အသင့် ကျယ်ပြန့်စွာ တင်ပြလိုက်ရခြင်းဖြစ်ပေသည်။


...ကွယ်လွန်သူအတွက်ပြုလုပ်သော ပေတဒါနကို တစ်ခါသာပြုလုပ်ခြင်းထက် အကြိမ်များစွာပြုလုပ်ခြင်းက ပို၍ကောင်းမွန်ပေသည်။ ရဟန်းတော်များနှင့်အပ်စပ်သော လှူဖွယ်ပစ္စည်းတို့ကိုလည်း ဖွယ်ဖွယ်ရာရာကြီးလှူနိုင်က လှူသင့်သည်။ ဆွမ်း.သင်္ကန်း.ကျောင်း.ဆေးဟူသော ပစ္စည်းလေးပါးအနက် ကြီးကြီးကျယ်ကျယ်ကျောင်းကြီးများ ဆောက်လုပ်လှူဒါန်းနိုင်ခြင်း မရှိလျှင် ဇရပ်.တည်းခိုနားနေစရာ အဆောက်အအုံငယ်.ကမ္မဋ္ဌာန်းကျောင်းကလေးမျိုး စသည်ဖြင့် တတ်နိုင်သလို ကြံဖန်လှူဒါန်း သင့်သည်။

...အချုပ်အားဖြင့်ဆိုရသော် မိဘများသက်ရှိထင်ရှားရှိနေစဉ်၌ အကြောင်းအမျိုးမျိုးကြောင့် ထင်သလောက် ကျေးဇူးမဆပ်နိုင်စေကာမူ ကွယ်လွန်ပြီး နောက်၌ကား...

*ငါတို့ကွယ်လွန်ပြီးသောအခါ သားသမီးများက ငါတို့အားရည်စူး၍ ကုသိုလ်ကောင်းမှုပြုကာ ငါတို့အား အမျှအတန်း
ပေးဝေခြင်းဖြင့် ထောက်ပံ့မှုပြုကြလိမ့်မည်* ဟူသော ဘ၀တစ်ခုအတွက် သားသမီးများထံမှ မိဘများရယူလိုသော နောက်ဆုံး မျှော်လင့်ချက်ကိုမူ သားသမီးတိုင်းလေးစားစွာ လိုက်နာဆောင်ရွက်ပေးသင့်လှပါကြောင်း စေတနာကောင်းဖြင့် ရေးသား တင်ပြ လိုက်ရပေသတည်း။
( မြတ်ပန်းဝေ ဘာသာရေး မဂ္ဂဇင်း အတွဲ ၁၊ အမှတ် ၃ )


ကျေးဇူးရှင်မိဘနှစ်ပါး၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်သော သားသမီးကောင်းများဖြစ်ကြပါစေ...

Saturday, January 30, 2010

မိဘမေတ္တာ

သားသမီးတွေကို အတွေးအခေါ်ကောင်းတဲ့လူတွေ၊ အကျင့်စာရိတ္တ ကောင်းတဲ့လူတွေ၊ နေတာ ထိုင်တာ စည်းကမ်းရှိတဲ့လူတွေ၊ ပေါင်းသင်း ဆက်ဆံရေးမှာလည်း ပြေပြေပြစ်ပြစ် ပေါင်းတတ် သင်းတတ်တဲ့ လူတွေ ဖြစ်စေချင်မှာပဲနော်၊
အဲဒီလို ဖြစ်စေချင်ရင် ကိုယ်ကိုယ်တိုင်က အတွေးအခေါ် အယူအဆ မှန်ကန်တဲ့လူ ဖြစ်ဖို့လိုတယ်။ ကိုယ်ကိုယ်တိုင်က စကားပြောတဲ့အခါမှာ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် ပြောတတ်တဲ့ အလေ့အကျင့်လေး လုပ်ထားဖို့ လိုတယ်နော်။
ကိုယ့်သားသမီးကို ကိုယ်တကယ်ချစ်တတ်တယ်ဆိုရင် ကိုယ်ကိုယ်တိုင် နေပုံထိုင်ပုံ ပြောပုံဆိုပုံ အားလုံးကို ပြင်ဖို့ လိုတယ်။ ကိုယ့်ရဲ့ နေပုံထိုင်ပုံ၊ ပြောပုံ ဆိုပုံဟာ ကိုယ့်သားသမီးရဲ့ စိတ်ဓာတ်နဲ့ အသိဉာဏ် လေးနက်မှု၊ ရင့်ကျက်မှု၊ မြင့်မြတ်မှုအတွက် အထောက်အပံ့ ဖြစ်စေရမယ်။
ကိုယ်ကိုယ်တိုင် ကိုယ်ရည်ကိုယ်သွေး ပြည့်ဝတဲ့ သူဖြစ်ပြီး ကိုယ့်ရဲ့ မျိုးဆက်ဖြစ်တဲ့ သားသမီးတွေကို ကိုယ်ရည်ကိုယ်သွေး ပြည့်ဝတဲ့သူ ဖြစ်လာဖို့ အမှတ်တမဲ့ သဘောမထားဘဲ ကိုယ့်ကိုယ်ကို လေးလေးနက်နက် တည်ဆောက်ယူသင့်တယ်။ မိဘတွေဟာ သားသမီးတွေရဲ့ ကိုယ်ရည်ကိုယ်သွေး အတွက် လက်ဦးဆရာပဲ ဖြစ်သင့်တယ်။
သားသမီးကို လိမ္မာစေချင်ရင် သူတို့ကို ကြင်နာမှု၊ ဂရုစိုက်မှုတွေ အများကြီး ပေးရမယ်။ သူ့ကိစ္စနဲ့ ပတ်သက်တာတွေအတွက် အချိန်တွေ အများကြီး ပေးရမယ်။ သားသမီးကို တကယ်ချစ်လို့ ကြီးပွားစေချင်တယ်ဆိုရင် လက်ပွန်းတတီး နေဖို့ အရေးကြီးပါတယ်။ နေ့စဉ် ဖြစ်ခဲ့သမျှ အတွေ့အကြုံတွေ ခံစားချက်တွေ၊ မျှော်လင့်ချက်တွေ ကြောက်တာတွေ၊ စိုးရိမ်တာတွေ အားငယ်တာတွေ ကျေနပ်ခဲ့တာတွေ အားလုံးကို ပြောဖို့ ဆိုဖို့ ဆွေးနွေးဖို့ အင်မတန် အရေးကြီးပါတယ်။
လူငယ်ဆိုတာ လူကြီးနဲ့ အပေါင်းအသင်းဖြစ်မှ လူကြီးဆီက ဘဝအတွေ့အကြုံတွေ အမျိုးမျိုး၊ အသိဉာဏ် အမျိုးမျိုးကို ရတယ်။ လူကြီးနဲ့ ရင်းရင်းနှီးနှီး မဆက်ဆံတဲ့ ကလေးဟာ လေးနက်တဲ့၊ ရင်ကျက်တဲ့ အသိဉာဏ်ကို မရနိုင်ဘူး။
သူများက သိပ်နိမ့်နေပီးတော့ ကိုယ်က မြင့်ချင်နေလို့ မလွယ်ဘူး။ ပတ်ဝန်းကျင်မြင့်မှ ကိုယ်လည်း မြင်မယ်။ ရေမြင့်ရင် ကြာမြင့်သလိုပဲ။ ကိုယ့်သားသမီးတွေ အဆင့်အတန်း မြင့်စေချင်ရင် ကိုယ့်သားသမီး တစ်ယောက်အတွက် ကွက်ပြီးတော့ တွေးလို့ မရဘူး။ သူနဲ့ ပေါင်းနေ သူမိတ်ဆွေတွေ အတွက်ပါ ထည့်တွေးရမယ်။
လူဆိုတာ မှားတတ်တာပဲ။ ဆရာလည်း မှားတတ်တာပဲ။ တပည့်လည်း မှားတတ်တာပဲ။ မှားခြင်းကိစ္စမှာ ဘယ်သူမှားတယ်ဆိုတာက အရေးမကြီးဘူး။ ဆရာမှားသွားရင် မှားသွားတယ်လို့ ပြောရဲရမယ်။ ဒီအတွက် ရှက်နေစရာမလိုဘူး။ ကြောက်စရာမလိုဘူး။
ဒီအချက်ကို လူကြီး နေရာရောက်နေတဲ့လူတွေ လေးလေးနက်နက် စဉ်းစားစေချင်ပါတယ်။ ဒီလို သဘောထားတွေ ရှိနေမှ လူ့ဘောင်လောကကြီး တိုးတက်မယ်။ အမှားကို ဝန်မခံရဲလို့ လိမ်နေတာ ညာနေတာ သတ္တိမရှိတဲ့ သဘောဖြစ်တယ်။ ကိုယ့်သားသမီး၊ ကိုယ့်တပည့်တွေကို မလိမ်တတ် မညာတတ်အောင် ကိုယ်က စံပြအနေနဲ့ ကိုယ်မှားသွားတယ်လို့ ဝန်ခံဖို့ လိုတယ်။
မေတ္တာကြီးမားတဲ့သူဆိုရင် သားသမီးရဲ့ အမှား၊ တပည့်ရဲ့ အမှားကို သည်းခံနိုင်ရမယ်။ ခွင့်လွှတ်နိုင်ရမယ်၊ ဆွေးနွေးပေးရမယ်။ သူ့အမှားထဲက သူ သင်ခန်းစာရပီးတော့ သူ့ဉာဏ်နဲ့ သူ သဘောပေါက်ပီး မှန်သွားအောင် အထောက်အကူ ပေးရမယ်။
လူငယ်တစ်ယောက် လောကကြီးထဲမှာ လူကြီးတစ်ယောက် ဖြစ်လာအောင်၊ လူရာဝင်လာအောင်၊ သူ့အကျိုး အများအကျိုးကို ဆောင်ရွက်နိုင်တဲ့ အရည်အချင်းရှိတဲ့ လူတစ်ယောက် ဖြစ်လာအောင် အများကြီး အားပေးဖို့လိုတယ်။
စိတ်ပညာ (psychology) မှာ ရွေးချယ်၍ အားပေးခြင်း (selective reinforcement) ဆိုတဲ့ သီအိုရီ တစ်ခုရှိတယ်။ လူမှာရှိတဲ့ ကောင်းတဲ့အချက်တွေကို ခဏခဏ အားပေးလို့ရှိရင် အသိအမှတ်ပြုလို့ရှိရင် ပိုကောင်းလာတယ်။ ပိုလုပ်ချင်လာတယ်။ မကောင်းတာကို ခဏခဏ ထောက်ပြပြီးတော့ အပြစ်တင်နေရင် ကြာရင် ဘာမှ မလုပ်တော့ဘူးတဲ့ နော်၊
တစ်ဖက်သားကို လေးစားမှုမရှိဘဲ စေတနာကောင်းတယ်ဆိုတာ မဖြစ်နိုင်ဘူး။
သားသမီးရဲ့ စရိုက် ဝါသနာ ဓာတ်ခံကို သေသေချာချာ မလေ့လာဘဲ မိဘက အတင်းအကြပ် ပုံသွင်းတာတွေ ရှိတယ်။ အဲဒီလို အခါမှာ သားသမီးမှာ တော်တော်ဒုက္ခရောက်တယ်။ တကယ်ချစ်ဆိုရင် သူ့ဝါသနာ ဘာလဲ၊ သူနဲ့ ကိုက်တာ ဘာလဲ၊ သူနဲ့ အထိုက်အတန်ဆုံးဟာ ဘာလဲ၊ သူ့အတွက် အကောင်းဆုံး ဘာဖြစ်မလဲ၊ အဲဒါကို သေသေချာချာ စဉ်းစားပေးဖို့လိုတယ်။
နောက် ကိုယ့်သားသမီး တဖြည်းဖြည်း ကြီးလာပြီဆိုရင် သူ အရွယ် ရောက်လာတာနဲ့ တပြိုင်နက် သူ့ခြေထောက်ပေါ်သူ ရပ်တည်နိုင်ရမယ်။ သူ့ဝမ်းစာ သူရှာရမယ်။ သူ့ဘဝကို သူဖန်တီးရမယ်။ အခက်အခဲတွေ ရှိပေမဲ့ သူ့ဘဝကိုသူ ကျေနပ်ရမယ်။ မိဘက ဉာဏ်ရှိရင် သူ့ကို အတင်းအကြပ် မခိုင်းဘဲနဲ့ သူ့အတွက် လိုအပ်သလောက်ကိုပဲ အထောက်အကူပေးပြီး သူ့ဘဝကို သူဖန်းတီးခွင့် ပေးမယ်ဆိုရင် အကောင်းဆုံး ဖြစ်သွားမှာပဲ။ သားသမီးရဲ့ စရိုက်နဲ့ မကိုက်တာကို အတင်းအကြပ် လုပ်ခိုင်းမယ်ဆိုရင် သူ့ဘဝပုံစံပျက်သွားမယ်။ အဲသလို ဖြစ်ကြတာများပါတယ်။ ချစ်လို့ လုပ်ပေးတာတော့ မှန်ပါတယ်။ ဒါပေမဲ့ သဘာဝကို နားမလည်ဘဲနဲ့ အတင်းအကြပ် လုပ်လို့ ဒီသားသမီးဟာ အကောင်းဆုံး ဖြစ်မလာနိုင်ဘူး။
မိဘနဲ့ သားသမီး သဘောထား အယူအဆ အတူတူ မဖြစ်နိုင်ဘူး။ ဆရာနဲ့ တပည့် သဘောထား အယူအဆ အကြိုက် အတူတူ မဖြစ်နိုင်ဘူး။ သူ့စရိုက် သူ့ဝါသနာ သူ့ဗီဇ သူ့အထုံ သူ့ပါရမီနဲ့ သူ လာကြတာပါ။ သူ့သဘောနဲ့သူ ကြီးပွားပါစေ။ သူ့သဘာဝနဲ့ သူ ကြီးပွားပါစေ။ သူဝါသနာပါတာ၊ သူသဘောကျတာ သူလုပ်ပါစေ။ ကိုယ့်သားသမီးကို ချစ်တယ်ဆိုရင် ဘယ်အချက် သူ့မှာ အားသာတယ်ဆိုတာ ကြည့်ရမယ်။ သူလုပ်ချင်နေတဲ့ ကိစ္စဟာ ဂုဏ်သိက္ခာ မထိခိုက်ဘူး။ အကျင့်စာရိတ္တ မထိခိုက်ဘူး။ ကျန်းမာရေး မထိခိုက်ဘူး။ အသက်အန္တရာယ် မဖြစ်ဘူးဆိုရင် လုပ်ပါစေ။ ခွင့်ပြုနိုင်ရမယ်နော်။ မိဘနဲ့ အကြိုက်ချင်း မတူသော်လည်းပဲ ကျေကျေနပ်နပ် ခွင့်ပြုနိုင်ရမယ်။ သူတို့ဟာ သူတို့ ကိုယ်ပိုင်အစွမ်းအစ၊ အရည်အချင်းနဲ့ ကြီးပွားတိုးတက်ပါစေ။
ချစ်တယ်ဆိုရင် သူ့ကိုဘယ်သူနဲ့မှ မနှိုင်းတာ အကောင်းဆုံးပဲ။
နှိုင်းယှဉ်ပြီးတော့ တွေးတာနဲ့ စိတ်ချမ်းသာမှုကို မရတော့ဘူး။ မြင်ရတဲ့အခါ မပျော်နိုင်တော့ဘူး။
ကိုယ့်သားသမီးကို သူတစ်ပါးသားသမီးနဲ့ နှိုင်းပြီးတော့ နင့်ထက် သူတို့က ပိုတော်တယ်လို့ ပြောလိုက်ရင် ဘယ်လိုနေမလဲ ဒီသားသမီးကို ချစ်ရာမရောက်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအတိုင်းကတော နင့်ကို ငါမချစ်နိုင်ဘူးလို့ ပြောသလို ဖြစ်နေတယ်။ ဟိုတစ်ယောက်က တော်တယ်။ သူတော်သလို နင်တော်မှ ငါနင့်ကို နှစ်သက်မယ်။ ကျေနပ်နိုင်မယ်။ လက်ခံနိုင်မယ်။ လက်ရှိ အခြေအနေအတိုင်းကတော့ မကြိုက်ဘူး။ မချစ်နိုင်ဘူး။ လက်မခံနိုင်ဘူး။ ဒီလို အဓိပ္ပါယ်ပေါက် တယ်နော်။
အဲဒီလို အဓိပ္ပါယ်ပေါက်ရင် သားသမီးစိတ်ထဲမှာ ဘယ်လိုခံစားရမလဲ။ ငါ့ကို မချစ်ဘူးလို့ ခံစားရမယ်။ အားငယ်သွားမယ်။ ပြီးတော့ ကိုယ့်မိဘက ကိုယ့်ကို သူတစ်ပါးနဲ့ နှိုင်းပြီးတော့ ရုပ်ရည်အားဖြင့်ဖြစ်စေ ပညာအရည်အချင်းအားပဲဖြစ်စေ တစ်နည်းနည်းနဲ့ ညံ့တယ်လို့ ပြောလို့ရှိရင် ဒီစကားဟာ စိတ်ထဲရောက်ပြီး စွဲသွားတဲ့အခါ ကြာရင် မိဘက မပြောတာတောာင်မှ သားသမီးစိတ်ထဲမှာ သူက ငါ့ထက်သာတယ်။ ငါက ညံ့တယ်လို့ မကြာမကြာ တွေးမိတယ်။
ဒီကလေးက ငါ့ညံ့တယ်ဆိုတဲ့ စိတ်နဲ့ သူ့ဘဝကို နေသွားတော့မှာပဲ။ အဲဒါလောက် စိတ်ဆင်းရဲစရာကောင်းတာ မရှိဘူး။ ကိုယ့်ကိုကိုယ် အထင်သေးသွားတာက အင်မတန်ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ဖြစ်တယ်။
တချို့ကပြောမှာပေါ့။ မခံချင်အောင် ပြောရင် ပိုကြိုးစားမှာပေါ့၊ ဒါကြောင့် မခံချင်အောင် ပြောတာလို့ တစ်စိတ်တစ်ဒေသကတော့ မှန်ချင်လည်း မှန်လိမ့်မယ်။ ဒါပေမဲ့ ဒီကလေးရဲ့ စိတ်ထဲမှာ မခံချင်စိတ် ဝင်သွားတယ်ပဲ ထားအုံး၊သူက ငါ့ထက်သာတယ် ငါက သူ့ထက်သာအောင် လုပ်ရမယ်ဆိုတဲ့ စိတ် ဝင်သွားရင် သူ့ဘဝတစ်ခုလုံး သူများနဲ့ နှိုင်းယှဉ်ပြီး တွေးတဲ့ စိတ်နဲ့ နေသွားတော့မှာ။ ဘယ်သူက ငါ့ထက် သာတယ်။ ငါက ဘယ်သူ့ထက် သာတယ်။ အဲဒီစိတ်မျိုးနဲ့ ဘဝကို နေရရင် ဘဝတစ်ခုလုံး အဓိပ္ပါယ်မရှိတော့ဘူး။ စိတ်မချမ်းသာတော့ဘူး။
ငါ့မိဘက ငါ့ကို တကယ်နားလည်တယ်။ ငါ့ကို တကယ်ချစ်တယ်။ ငါ့ရဲ့ ကြီးပွားမှုကို တကယ်လိုလားတယ်။ ငါ့ရဲ့ အတွေးအခေါ် အယူအဆတွေ ငါ့ရဲ့ အသိအမြင်တွေကို တန်ဖိုးထားတယ်။ လေးစားတယ်ဆိုတာ သိရင် အဲဒီသားသမီးဟာ မကောင်းတဲ့ အလုပ်ကို ဘယ်တော့မှ မလုပ်ပါဘူး။

မိဘမေတ္တာ .

မိဘမေတ္တာ ....
မြင့်မား၊ နက်ရှိုင်း ကျယ်ပြန့် ...
အနှိုင်းနှင့်အနှိုင်းခံ ၀ိတ်တန်းမတူ၍ ရူပက မမြောက်လိုက် ...
မိဘမေတ္တာ ... ထိုအရာသည် ကျွန်တော်ရယူခဲ့ပြီး လက်ဆင့်မကမ်းတော့သော တုတ်တိုတစ်ချောင်းဖြစ်သည်။

ဆိုရိုးစကားများအရ ထာဝရဘုရားသည် မိဘမဲ့၊ အာဒံနှင့် ဧ၀သည်မိဘမဲ့ ... ထို့နောက် .... မိဘရှိသူအများစုဖြစ်လာ၊ (သိပ်မသေချာလှ ...)
ဒါဝင်၏ ပရိုင်းမိတ်သည် မိဘမဲ့ ။.... ဖြစ်တန်စွမ်း သီအိုရီအရ လူသည်မိဘမဲ့ ...။
မိဘမေတ္တာ ... အဆင့်ဆင့်ဖြစ်ထွန်းမှု သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးတိုးတက်မှုဖြစ်နိုင်ဟု သုံးသပ် ...။

ငါးမရရေချိုးပြန်။ ရေချိုးမရ ခြေဆေးပြန်၊ ခြေဆေးမရ ကန်ထဲ ခဲပစ်ချပြီးပြန် ....။
သံသရာလည်ပုံ ...ပြတ်ပုံနှင့် ဆက်ပုံ ... နှစ်အကွက်နှင့် သုံးအကွက်ကြား အသက်အောင့်ထားရ ... မော၏။
မိဘမေတ္တာ ... ထိုအရာသည် မတော်တဆကြုံတွေ့လိုက်ရသော ... ဓာတုဗေဒ အဖွဲ့အစည်းတစ်ခုက အခြား ဓာတုဗေဒ အဖွဲ့အစည်းအပေါ် တစ်ခုခုဆိုင်သည် ဟု ထင်မှတ်၍ ဖြစ်ပေါ်လာသော စိတ်အခြေအနေ ...။

လေထုထဲမှာအောက်ဆီဂျင်မလုံလောက်။
နှလုံးသားများသာပေါက်ကွဲနေသည်။ လုံလောက်အောင် အပူရှိန်မြင့်မားပြီးနောက် နွေရာသီသည် အသည်းကွဲစရာမလိုတော့ .....။ မိဘမေတ္တာ ... ထိုအရာသည် ဆာယာအေးရိပ်တစ်ခုဖြစ်နိုင်သည်။ အရက်မူးမူးပြန်လာသည့် ဘ၀မှာခြေမပေါ်ခဲ့သော ကစားသမားတစ်ယောက် သူ့သား၊သမီးကို ပြုံးပြပြီး အိပ်ပျော်သွားတာဖြစ်နိုင်သည်။ ကြီးလာရင်ဆိုက်ကားနင်းစားမှာမို့လို့ စာမကျက်တာလား ကဲဟယ် ..ကဲဟယ်ဆိုသော စာကြောင်းတစ်ကြောင်းဖြစ်နိုင်သည်။ သားရယ် အမေတို့အတွက် ငွေမလိုပါဘူး .... သားဘယ်တော့ပြန်လာမှာလဲ ဆိုသော အသံရှည်ဆွဲရွတ်ဆိုမှုတစ်ခုဖြစ်နိုင်သည်။ မင်း ငါ့အိမ်ရိပ် ဘယ်တော့မှမနင်းနဲ့ ဆိုတဲ့ နာမည်ကြီး စာသားတစ်ခုဖြစ်နိုင်သည်။ .... မိဘမျက်ရည်ကျရင် မင်းတို့လည်း ကြီးပွားမယ်မထင်နဲ့ ဆိုတဲ့ အကယ်ဒမီ ဒိုင်ယာလော့ခ်တစ်ခုလည်းဖြစ်နိုင်သည် .....။

မိဘဖြစ်မှသိမယ်ဆိုသော ထိုအရာကို မိဘမေတ္တာဟု ဆိုစရာရှိသည်။
မိဘမဖြစ်သောကြောင့် မိဘမေတ္တာကို မသိပါဟု ပြန်လည် ဆိုစရာသာရှိသည်။

မွေးစမှ ငါးနှစ်အထိ ဘယ်နှကြိမ် ပွေ့ဖက်ခဲ့ကြမှန်း မမှတ်မိတော့ ...။
မိဘများ၏ အလုပ်သာဖြစ်သည်။ လူတစ်ယောက်သည် သားသမီး အဖြစ်နှင့် အများဆုံးအနှစ်၈၀ နေနိုင်သည်ဟုသိရသည်။ ကောလဟာလဖြစ်နိုင်သည်။ ထိုအရာသည် ဇေယျာလင်း မုတ်ဆိတ်ကဗျာမှ ကျွတ်သွားသော မုတ်ဆိတ်တစ်ချောင်းဖြစ်နိုင်သည်။ ကျေးဇူးကျေသွားသော သားသမီးမရှိဟုသော အယူကို ကျွန်ုပ်ယူသည်။ အကြွေးများ ငယ်ကတည်းက တင်ထားသော ကြွေးထူထူ လူတစ်ယောက် အတိုးပြန်ဖဲ့ဆပ်လိုက်ရုံမျှသာ ...။ မိဘများကို သားသမီးများက ပြန်လည်ပွေ့ဖက်လေ့မရှိ ...။ အညစ်အကြေးသုတ်သင်ပေးရန်လည်း ရွံရှာသေးသည်။ မိဘများ အိုမင်းလာမှုသည် ... သားသမီးများအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်လေ့ရှိသည်ဟု ကြားသိရသည်။ သားသမီးများသည် မိဘများအတွက် တွက်ခြေမကိုက်ဆုံး ရင်းနှီးမြုပ်နှံမှုဖြစ်သည်။ ရင့်ကျက်ချိန် ကြာလွန်းသော ရှယ်ယာဖြစ်သည်။ အကျိုးအမြတ်ရရန်ထက် ဆုံးရှုံးရန်များသော ခပ်ညံ့ညံ့ စစ်တုရင် ရွေ့ကွက်ဖြစ်သည်။ ... မိဘများပြောသော ပုံပြင်များ ပျင်းစရာကောင်းခဲ့တာကြာပါပြီ ....။ ကြေးစွပ်တာမဟုတ်ဘူး ..အဲဒါဟာ ဘ၀ပဲလို့ပြောပြီး ထွက်ခွာသွားတဲ့ သားသမီးတွေရဲ့ နောက်ကျောကို မှုန်သီရီဝေတဲ့ မျက်လုံးတွေနဲ့ ကြည့်ရတာ ...ဘယ်လိုအရသာရှိမလဲ ...။ ခင်ဗျားကြီးနားမလည်ပါဘူးဗျာ ...ဆိုတဲ့ ယဉ်ယဉ်ကျေးကျေး စကားတွေအတွက် နားနည်းနည်းလေးထားလိုက်ရမလား ....။ ဆင်ခြင်တုံတရားတွေပြိုလဲနေတယ် ...။ ကိုယ်မှာမနာပေမယ့် စိတ်မှာနာတဲ့ လစ်လျူရှုမှုမျိုးတွေ ... ကိုယ်မွေးထားတဲ့သူတွေလို့ ကိုယ့်ဘာသာကိုယ် သံသယ၀င်လာတယ် ....။ အရင်ဘ၀တုန်းကများ ငါက သူတို့သားတွေလား လို့ အူကြောင်ကြောင်တွေးမိသေးတယ် ...။ သံသရာမှာ ...အဖေဖြစ်တမ်းကစားနေတယ်ဆိုပါတော့ .....အဲဒီကစားပွဲမှာ ဗုဓ်ဒေးလို့ ငါအော်ပြီးထွက်တယ် ....။

မိဘမေတ္တာ အသံထွက်ကို မိဘ မစ်တာ လို့ထွက်ရမယ်။ မိဘ မျစ်တာ မဟုတ်ဘူး။
ဒါဆိုရင် အသံထွက်မှန်သွားမယ် ...။ မိဘတစ်ယောက်ရှိတာဟာ ငရဲသွားဖို့ လက်မှတ်ဖြတ်ထားသလိုပဲ ...လို့ လူတစ်ယောက်ကပြောတယ် ...။ မိဘမေတ္တာ စစ်စစ်ကို မိဘစစ်စစ်မှာ တွေ့နိုင်တယ် ...။ မိဘစစ်စစ်ကို ဘယ်နားမှာတွေ့နိုင်သလဲဆိုတာတော့ရေးမထားကြပြန်ဘူး။ မိဘတွေဟာ ကောင်းမယ်ထင်တာတွေ ကောင်းတယ်လို့ အယူသည်းတတ်သူများဖြစ်သည်ဟု သားသမီးတစ်ချို့ ထုတ်ဖော်ဝန်ခံ ...။ ... မိဘမေတ္တာများ ရေရောထားတာ ကြာပြီဟု အရင် က မိဘမေတ္တာ စစ်စစ် အစဉ်တစိုက် သုံးစွဲလာသော စားသုံးသူများမှ ပြန်လှန်ဝေဖန်တင်ပြ။ မိဘမေတ္တာသည် ရူပဗေဒ မတ္တာ တစ်ခုမျှသာဖြစ်ကြောင်း နိုဗယ်ဆု အကြို စာတမ်းတင်သွင်း။

... လက်နှစ်ဖက်တီးမှ လက်ခုပ်သံမြည်တာမဟုတ်ဘူး။ တစ်ဖက်ကို တစ်ဖက်က ပါးရိုက်သလို လှမ်းရိုက်လိုက်ရင်လည်း လက်ခုပ်သံမြည်တယ်။ မိဘကို စော်ကားတဲ့ကောင်တွေ ငရဲသွားမယ်ဆိုတဲ့သူတွေလည်း သားသမီးကို စော်ကားတဲ့ငနဲတွေလည်း ငရဲသွားမယ်လို့ ကြပ်ကြပ်မှတ်ပါ ....။ ငရဲသွားတာမသွားတာဟာ ... မိဘ သားသမီးတွေကြောင့်မဟုတ်ဘူး။ စိတ်ထဲမှာဖြစ်တဲ့ အကုသိုလ် စိတ်ကြောင့်ပဲ...။ မသိဘဲရမ်းရမ်းမပြောရဘူး ....။ ဒါနဲ့ပဲ အဲဒီသားသမီးဟာ လူမိုက်ကြီးလုံးလုံးအဖြစ် စာရင်းပေါက်လာတယ် ။

မိဘမေတ္တာ ... ခိုင်လုံသော သက်သေသာဓက မရှိဘဲ လူတိုင်းက မိဘဖြစ်လာတဲ့အခါ အလိုလို ပါလာမယ်ထင်တတ်ကြတယ် ....။

မိဘမေတ္တာ ... တစ်ခါတစ်လေ သိပ်ခိုင်ခန့်လွန်းတဲ့ကြိုးတွေပေါ့ ...။

မိဘမေတ္တာ ... သက်တရာတမ်းမှာ အဖြေရအောင် မတွက်ချက်ဖြစ်ခဲ့တဲ့ ပူစ္ဆာတစ်ပုဒ် ....ပါပဲလေ ...။

မိဘမေတ္တာ ... သူလို ကိုယ်လို အသံထွက်လွဲခဲ့ ပြန်တယ် .....။ ။

မိဘမေတ္တာ


ကြီးမားတဲ့မိဘမေတ္တာ
မိဘမေတ္တာ လစန္ဒာနှင့် ပမာနှိုင်းဆို မနှိုင်းလိုဘူး ထိုလတိမ်လွှာ
ဖုံးတတ်လို့။ မိဘမေတ္တာ ပန်းရွှေကြာနှင့် ပမာနှိုင်းဆို မနှိုင်းလိုဘူး
ထိုပန်း နွေမှာ နွမ်းတတ်လို့။ မိဘမေတ္တာ စမ်းရေပြာနှင့် ပမာနှိုင်းဆို
မနှိုင်းလိုဘူး ထိုစမ်းနွေမှာ ခန်းတတ်လို့။
ငါအိုသွားသောအခါ.......


၁။ ငါအိုသွားသောအခါ ငါအရင်ကလိုမဟုတ်တော့ဘူး ငါ့ကိုနားလည်ပေးပါ။
စိတ်ရှည်ထား ဆက်ဆံပေးပါ။
၂။ ချည့်နဲနဲလက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီ၊ လုံချည်၊
ဖိုသီဖတ်သီဖြစ်နေတဲ့အခါ အညစ်အကြေးတွေ မထိမ်းသိမ်းနိုင်တော့တဲ့ငါ့ကို
မရွံပါနဲ့ ငယ်ငယ်တုန်းက ငါသုတ် သင်ပေးခဲ့တာတွေကို
ကျေးဇူးပြုပြီးသတိရပေးပါ။
၃။ အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ
ကျေးဇူးပြုပြီး သည်းခံနားထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း
တစ်ထောင့်တစ်ည ပုံပြင်တွေ ငါးရာငါးဆယ်နိပါတ်တော်တွေ ဇာတ်ကြီးဆယ်ဘွဲ့တွေ
စတဲ့ပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။
၎။ မလှုပ်ရှားနိုင်လို့ ရေချိုးဖို့အကူအညီလိုတဲ့အခါ မငြိုငြင်ပါနဲ့။
ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့
ပုံရိပ်လေးကိုမြင်ယောင်ပေးပါ။
၅။ စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ
ခွန်အားပါတဲ့ လက်တစ်စုံနဲ ငါ့ကိုကူတွဲပေးကြပါ။ လမ်းလျှောက်သင်စ
အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျှောက်လေ့ကျင့်ပေးခဲ့တာတွေကို
သတိရပေးပါ။
၆။ တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ငါ့ကိုကြည့်ပြီး ဝမ်းမနည်းပါနှင့်
နားလည်ပေးပါ။ အားပေးပါ။ အရင်တုန်းက လူ့ဘဝတက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို
အခုအချိန်မှာ ငါ့ဘဝနောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ။
ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။
အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ငါ့မေတ္တာတွေ တွေ့ရမှာပါ။
သားတို့သမီးတို့ရေ ထာဝရပျော်ရွှင်ချမ်းမြေ့ပြည့်စုံကြပါစေကွယ်….

မိဘမေတ္တာ




အသက်၈၀အရွယ် အဘိုးအိုနှင့် အသက်၄၅ နှစ်အရွယ် ပညာတတ် သားဖြစ်သူတို့ ဧည့်ခန်းတွင်းရှိ ဆိုဖာတွင် ထိုင်နေကြစဉ် ရုတ်တရက် ပြတင်းတံခါးပေါက်သို့ ကျီးကန်းတစ်ကောင် လာရောက်နားလေသည်။ အဲဒီအခါမှာ အဖေဖြစ်သူက အဲဒါဘာကောင်လဲ လို့မေးသော အခါမှာ သားဖြစ်သူက အဲဒါကျီးကန်းလေ ဟုဖြေဆိုလေသည်။

နောက်မိနစ် အနည်းငယ် အကြာမှာ အဖေဖြစ်သူ အဘိုးအိုမှ အဲဒါ ဘာအကောင်လဲဟု ဒုတိယအကြိမ် ထပ်မေးလေသည်။ ဒီအခါမှာ သားဖြစ်သူမှ အဖေကလည်း အခုလေးတင်ပဲ ကျီးကန်းပါလို့ သားပြောပြီး ပြီလေဗျာ။

နောက်ခဏနေတော့ အဖေဖြစ်သူ အဘိုးအိုက တတိယ အကြိမ်အဖြစ် အဲဒါဘာ အကောင်လဲ ဟု ထပ်မေးလေသည်။ ဒီတွင်တော့ သားက ဒေါသသံဖြင့် အဖေဖြစ်သူကို အဲဒါကျီးကန်းလို့ ခေါ်တယ် လို့ အသံမာမာဖြင့် ပြောလေသည်။

နောက်ခဏနေတော့ အဖေက သားအား အဲဒါ ဘာကောင်လို့ ခေါ်လဲဟု လေးကြိမ်မြောက် မေးမြန်းလေသည်။ အဲဒီမှာ သားဖြစ်သူက ဒေါသဖြင့် အဖေ၊ ဘာလို့ ဒီမေးခွန်းကိုပဲ ခဏခဏမေးနေတာလဲ။ အဖေ့ကို ကျနော် ဘယ်နှခါ ဖြေရမလဲ ကျီးကန်းလို့ ခေါ်တယ်။ အခုချိန်ထိ အဖေနားမလည်ဘူးလား။ မှတ်မထားဘူးလား စသည်ဖြင့် ဆူပူကြိမ်းမောင်းလေသည်။

ခဏနေတော့ အဖေက အိပ်ခန်းထဲသို့ ၀င်သွားပြီး သားမွေးဖွားလာတဲ့ နေ့မှစပြီး မှတ်တမ်းအဖြစ် သိမ်းဆည်းထားတဲ့ ဟောင်းနွမ်းစုတ်ပြဲနေပြီ ဖြစ်တဲ့နေ့စဉ်ရေး ဒဏ္ဍရီ လေးကိုထုတ်လာလေသည်။ စာအုပ်ဟောင်းလေးမှ စာမျက်နှာ တစ်ရွက်ကို ယခု အသက်၄၅ နှစ်အရွယ် သားဖြစ်သူကို ဖတ်ခိုင်းလေသည်။ သားဖြစ်သူ ဖတ်လိုက်တဲ့ စာကတော့...................

ဒီနေ့ သုံးနှစ်အရွယ် ကျနော့သားငယ်လေး နဲ့ကျနော် ဆိုဖာပေါ်မှာ ထိုင်နေတုန်း ကျီးကန်းတစ်ကောင် ပြတင်းမှာ လာနားနေတယ်။ကျနော့သားက အဖေလို့ခေါ် ပြပြီး အဲဒါဘာကောင်လဲ ဖေဖေလို့ ၂၃ ခါတိတိ မေးပါတယ်။ ကျနော်ကလည်း ၂၃ ခါလုံးကို ဖြေလိုက်တယ်။ သားစကား သံလေးနဲ့ ပီတိဖြစ် ၀မ်းသာကြည်နူး နေရတဲ့ ကျနော်လေ သားမေးတာကို မမောမပန်း ၂၃ ခါလုံးလုံး ဖြေကြားလိုက်တယ်။ပြီးတော့ စကားအလွန် တတ်လှတဲ့ သားလေးမေး သမျှကို စိတ်ဆိုးခြင်း စိတ်မရှည်ခြင်း မဖြစ်ဘဲ အပြစ်ကင်းပြီး ချစ်စရာကောင်းတဲ့ သားငယ်လေးကို ပိုက်ထွေးလိုက်ပါတယ်။

ကလေးတစ်ယောက်ရဲ့ ၂၃ခါလုံး အဲဒါ ဘာအကောင် လို့ခေါ်လဲ ဆိုတဲ့ မေးခွန်းကို မိဘဖြစ်သူမှ စိတ်တိုခြင်း ကင်းပြီးဖြေကြား ခဲ့ပေမယ့် အခုဒီနေ့တော့ အဖေဖြစ်သူက တူညီတဲ့ မေးခွန်းကိုပဲ ၄ကြိမ်လောက်လေး မေးတာကို သားဖြစ်သူက ဘာကြောင့်စိတ်ဆိုး စိတ်ကတိ ကအောက် ဖြစ်ရသနည်း။

အကယ်၍များ မိဘများ အသက်အရွယ် အိုမင်းလာချိန်မှာ သူတို့ကို မလိုလား မနှစ်မြို့ခြင်း မဖြစ်ဘဲ ၀န်ထုတ်တစ်ခုကို စောင့်ရှောက်သကဲ့သို့ သူတို့ကို ပြန်လည် စောင့်ရှောက်သင့်ပါတယ်။ ဒါ့အပြင် စကားပြောတဲ့ အခါမှာလည်း ငြိုငြင်ခြင်း ကင်းပြီး ချစ်ခင်ဖွယ် သာယာဖွယ် စကား၊ စိတ်ချမ်းသာ ဖွယ်စကား၊ ရိုသေကျိုးနွံခြင်း၊ နှိမ့်ချခြင်း၊ ကြင်နာခြင်း အပြည့်နဲ့ ပြောဆိုသင့်ပါတယ်။ မိဘများဟာ သားသမီးတွေ ငယ်စဉ်ထဲက အခုချိန်ထိ ဂရုစိုက်မှုတွေ မပြတ်ကြ သေးပါဘူး။ သူတို့ကိုယ်ကျိုးကို မငဲ့ကွက်ဘဲ သားသမီးတွေ အပေါ်မှာ မေတ္တာတွေ စီးဆင်းဆဲ စီးဆင်းလျှက်ပါ။

မက်မက်ဆိုရင် မိသားစုမှာ ကိုယ်ကအငယ်ဆုံး၊ အငယ်ဆုံးဆိုတော့ နဲနဲလေး မဆိုစလောက် လေးတော့ဆိုးပါတယ်။ ဟတ်... ဟတ်.. ကိုယ့်ကိုကိုယ် ကြော်ငြာက ၀င်ရသေးတယ်နော်.. :P

ငယ်ငယ်လေးထဲက စိတ်ကဆတ်၊ ထစ်ကနဲဆို စိတ်ကတို တတ်တဲ့သူပါ။ စကားပြောရင်လည်း စကားလုံး တစ်ခုကို ထပ်ခါထပ်ခါ ပြောတာကို မကြိုက်ခဲ့သလို နားလည်းမထောင် ချင်ခဲ့တဲ့သူပါ။ ထပ်ခါထပ်ခါ မေးမြန်းတာကိုလည်း မကြိုက်ခဲ့သလို ထပ်ခါထပ်ခါ ဖြေရတာကိုလည်း မကြိုက်ခဲ့ တဲ့သူပါ။စကားပြောရင်လည်း တစ်ခါဆို တစ်ခါပဲ ၊ နှစ်ခေါက်ဆို စိတ်က မရှည်ချင်ဘူး။ နှစ်ခွန်းပြောရပြီ ဆိုရင် စိတ်က နဲနဲ မရှည်ချင်တော့ဘူး။ အဲလိုမျိုး မကောင်းတာပါနော် :(

ကိုယ့်ကိုကိုယ်လည်း တခါတခါ စိတ်မရှည်ပါဘူး ။ မိတ်ဆွေ သူငယ်ချင်းတွေ အပေါ်မှာလဲ စိတ်မရှည်ခဲ့ဘူး။ တခါတခါ ကိုယ့်မိဘ အပေါ်တောင် အဲလို စိတ်မရှည်တော့ ပြန်လည်းပြောမိပါတယ်။ တခုခုဆိုရင်.... ဟာ.. မေကြီးကလည်း ၊ ဟာ... ဖေကြီးကလည်း ဆိုပြီးစိတ် မရှည်သလို ဖြစ်ခဲ့မိပါတယ်။ မိဘအပေါ် ရိုင်းဆိုင်းတာ မဟုတ်ပါဘူးနော်။ ဆိုးလို့ရလို့သာ ဗိုလ်ကျခဲ့တာပါ။

ကြီးလာတဲ့ အခါကြတော့ အသိတရားနဲ့ ပြည့်စုံလာ တဲ့အခါ အရာရာ ပြောင်းလဲသွား ခဲ့ပါတယ်။ ကိုယ့်ကိုကိုယ်လည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ငယ်ငယ်တုန်းက ဆိုးခဲ့တဲ့ ကလေးက ကြီးလာတဲ့အခါ သူမတူအောင် လိမ္မာသလိုပေါ့(ဟိဟိ... ကိုယ်ကိုကိုယ် အဲလိုလေးလဲ ပြန်ပြောပေးဦးမှ...နော်.. :P ) ပြောချင်တာက ပြောင်းလဲသွား၊ ပြုပြင်ယူလို့ ရတာကိုပါနော်။

ကဲ..မိတ်ဆွေ!! သင်ရော..... သင့်မိဘ အပေါ်မှာ စိတ်တိုခြင်း၊ စိတ်မရှည်ခဲ့ခြင်း ဖြစ်ခဲ့ဖူးပါသလား? ဖြစ်ခဲ့ဖူးရင် နောက်မကျ သေးပါဘူး မိတ်ဆွေ။ သင်သိတဲ့ အချိန်က စပြီးပြန်လည် ပြုပြင်လို့ အချိန်ရနေ ပါသေးတယ်။

ဒါကြောင့် အခုပဲ ငါသည် ယခုအချိန် မှစ၍ ငါ့မိဘများကို စိတ်ချမ်းသာ ပျော်ရွှင်စေရမည်၊ ငါ့မိဘများ ဘယ်လောက်ပဲ အိုမင်းမစွမ်း ရှိနေပါစေ ငါ့မိဘကို တစ်ဖန်ပြန်လည် ပြုစုလုပ်ကျွေး စောင့်ရှောက်ကာ ကောင်းမွန် မြင့်မြတ်သောလမ်းကို ငါလျှောက်ခြင်းဖြင့် သားလိမ္မာ၊ သမီးလိမ္မာ ဘ၀ကို ဖြစ်စေမည်ဟု မိမိကိုယ်မိမိ ကျယ်ကျယ် လောင်လောင်နှင့်သာ ကတိပေးလိုက်ပါ။ သင်... အချိန်မီ ပါသေးတယ်။

အားလုံးပဲ ဒီပုံပြင်လေး အတိုင်း အတုယူ နိုင်ကြပါစေ........လို့...........

မိဘမေတ္တာ

Justify Full

သားတို့ရုပ်ရည်၊ သီတာငယ်မည်၊ ရေကြည်ချမ်းမြတပေါက်ကလေးကျရုံနဲ့
မိဘတို့ဝမ်းငြိမ်းစတမ်းတည့်၊ အသဲနှလုံး သားနဲ့ပင်တူညီ၊ ကြီးမားသောမေတ္တာဂုဏ်ရည်၊
မာတာပီတုဥပဌာနံပုတ္တဇာရဿ သင်္ဂဟောမိဘတို့အားလုံး သားသမီးမုန်းတယ်လို့ဆိုထုံးမရှိဘူးတဲ့ရှင်။
(သံယောဇဉ်အတည်၊ ကြည်လင်တဲ့အရေး အော် ကိုယ့်ရင်သွေးထွေးပိုက်ချီ) ၂ ၊
(အရွယ်မတိုင်မီ မိဖများ ပိုးမွေးသလို မွေးကြပြန်သည်၊
အနန္တဂုဏ်ရည်၊ ပျိုကြည်အောင် ကျေးဇူးတင်သည်) ၂ ၊
(ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ်သစ် လူဖြစ်အောင် မွေးလုပ်ကျွေးခဲ့သည်) ၂ ၊
လူလားမြောက်လို့ လာပြန်လျှင် အဆင်ခြင်မထားမှားတတ်သည်၊
ဥပမာပုံခင်းစရာပေါ့ အဇာတသတ်မင်းသား ယွင်းမှားပုံကိုရည်။
(မွေးသဖခင် ကျေးဇူးရှင်ကိုအတည်၊ မတရားသက်သက်ရက်စက်လေတော့သည်) ၂
သူ့သားတော်ကလေး မွေးတော့ ထွေးပိုက်ကာပင် မြပုခက်တွင် ဧယာဉ်ကျူးလို့
(ထူးထူးငယ်စုံလင်သည်) ၂ ။ မေတ္တာတော်ဂုဏ်ရည် ထင်ရှားခဲ့လေသည်၊
ဧကပုတ္တတရားနဲ့ အညီ ဥရဒယဘဒ္ဒ္ဒသညာအတည်၊ ကြင်နာသည်၊
ရင်သွေးဟူက ချစ်မ၀နိုင်သည်၊ ကရုဏာ ပိုကာအတည်၊ မှက်ခြင်မသန်းရအောင် ပင်ပန်းရသည်၊
မယ်တော်ဖုရားစကားတခွန်းလောက် မေးစမ်းပါရစေ၊
ကျွန်ုပ်၏မွေးသဖခင်သည် မေတ္တာသဘောချစ်ပါသလောပြောပြပါ အခါခါမေးလေသည်။
(ဝေဒေဟီဖြေမဆည်နိုင်ပြီ) ၂ ၊
(ချစ်တာတွေ အမေပြောပြပါမည်၊ ခမည်းတော်ဘုရားရဲ့အပေါ် အထင်တော်မမှားသင့်ပြီ) ၂ ၊
(မင်းအပေါ် အကြင်နာ သနားတာတွေ ပိုပါသည်၊ သားလူမမယ်ငယ်ရွယ်စဉ်က အတည်) ၂ ၊
(တကျွန်း ခူနာကြီးရယ်ကြောင့် ငြီးကာငိုရှာသည်၊ မောင့်ဖခင်အာခံတွင်းမှာ သွင်းကာသိပ်ရသည်) ၂
အော် ချစ်လှတဲ့သားပေမို့ အမေရင်ထုကာ မရှုရက် နိုင်ပါသည်။
မင်းအနာ မသတီလောက်စရာပ ပြည်ပေါက် တာတောင် မျိုကာချပြန်သည်။
(ရွှေတိုင်ညွန့်ကအကိုးအကားနဲ့ စာကိုစီ၊ မိဖနဲ့သား ခင်မင်ပုံများ ဆင်ခြင်တုံတရားထားသင့်သည်) ၂ ၊
အဖသတ်သားငါးဆက်ရှေးဝိပါတ်ဆုံသည်၊ အဇာတသတ်ကစ၍ တွက်ကာရည်၊
သိမှတ်ကြစရာ အတည်၊ ဇီနတ္ထပကာသနီ၊ ဖြစ်တော်ပေါင်း အကြောင်းသိမည်၊
ပျိုကြည်အောင်ညွှန်ပါရစေ၊ ဗဟုသုတနဲ့စုံအညီ၊ အမျိုးသမီးများရှုကြစေကုန်သတည်။

မိဘမေတ္တာ . .

နီးကပ်လေ မှုန်ဝါးလေ
ရင်းနှီးလွန်းလို့၊ နီးကပ်လွန်းလို့ ဂရုစိုက်မှုတွေ နည်းသွားတယ်၊ အာရုံစိုက်မှု နည်းသွားတယ်။ ကြာတော့ ဒါဟာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်လာတယ်။ လျှစ်လျှူရှူမှုတွေ များလာခဲ့တယ်။
ကြာတော့ ဒါတွေက ကျွန်မတို့ရဲ့ အားနည်းချက်၊ ကျွန်မတို့ရဲ့ အကျင့်စရိုက်တွေ ဖြစ်လာခဲ့တယ်။ ကျွန်မတို့ရဲ့ လျှစ်လျှူရှူမှုက ရင်းနှီးသူတွေကို ထိခိုက်နာကျင်စေခဲ့တယ်။ နောက်ဆုံး ကိုယ့်ကိုယ်ကို နာကျင်စေခဲ့ပြန်တယ်။
“မိဘတွေကို မကြည့်ဘဲ၊ မိဘတွေရဲ့ ဓာတ်ပုံကိုလည်း မကြည့်ဘဲ သူတို့ရဲ့ရုပ်ပုံကို ဆွဲခိုင်းကြည့်မယ်ဆိုရင် သင်ဆွဲနိုင်ပါသလား?”
သေသေချာချာ စဉ်းစားကြည့်ပါး
အမေရဲ့မျက်ခွံက အရစ်ပါလား? မပါဘူးလား?
အဖေရဲ့နားခင်က ထူသလား? ပါးသလား?
အမေမျက်နှာပေါ်က အရစ်ကြောင်းတွေ နည်းသလား? များသလား?
အဖေနဖူးပေါ်က အရစ်ကြောင်း ဘယ်နှကြောင်းရှိသလဲ?
အမေရဲ့ မျက်နှာပေါ်မှာ မှဲ့ဘယ်နှလုံးရှိသလဲ?
အဖေရဲ့ မျက်ခုံးမွေးက ထူသလား? ပါးသလား?
မျက်စိမှိတ်ပြီး သေချာထပ်ပြန် စဉ်းစားကြည့်ပါး
ကျွန်မတို့ဆီ လှမ်းလာတဲ့ အဖေ၊ အမေတို့ရဲ့ ပုံစံအမှုအရာက ဘယ်လိုလဲ?
နောက်ပြန်လှည့်သွားတဲ့ အဖေ၊ အမေတို့ရဲ့ နောက်ကျောပုံစံက ဘယ်လိုပုံစံမျိုးလဲ?
ကျွန်မတို့ ငယ်ငယ်ကနေ အခုကြီးလာတဲ့အထိ အဖေ၊ အမေတို့ရဲ့ အမှုအရာနဲ့ ပုံရိပ်တွေ ဘယ်လောက် ပြောင်းလဲသွားခဲ့ပြီလဲ?
အိမ်အလုပ် ပင်ပင်ပန်းပန်း လုပ်နေတဲ့ အမေ့ပုံရိပ်ကို ကျွန်မတို့ ကြည့်နိုင်စွမ်းရှိခဲ့လား?
အပြင်ထွက် အလုပ်လုပ်မယ့် အဖေရဲ့ပုံစံကို ကျွန်မတို့ သတိထား ကြည့်ခဲ့မိလား?
ဒီအရာတွေကို အခုမှ စဉ်းစားမိကြတယ် မဟုတ်လား?
ပိုရင်းနှီးလေ၊ ပိုနီးကပ်လေ အမြင်တွေက ဝေဝါးလေပါပဲ!
ရင်းနှီးလွန်းတယ် ထင်ခဲ့ပေမယ့် ဂရုစိုက်မှုက သူစိမ်းဆန်ခဲ့ရတယ်။
“မိဘတွေက ကျွန်မတို့ ကြီးပြင်းခဲ့တာကို မှတ်ထားတယ်။ ကျွန်မတို့က မိဘတွေ အိုမင်းသွားတာကို မှတ်ဖို့ မေ့နေခဲ့တယ်”
လူကြီးတစ်ဦးက ပြောခဲ့ပါတယ်။ (၄၁)နှစ် သူအိမ်ထောင်ကျစဉ်က အဝေးမှာနေတဲ့ မိဘတွေကို မဖိတ်ခေါ်နိုင်ခဲ့လို့ မိဘပုံတွေကို ဆွဲပြီး သတိတရနဲ့ နံရံမှာ ချိတ်ဆွဲဖို့ စဉ်းစားခဲ့တယ်။ ဒါပေမယ့် လကြာတဲ့အထိ ပုံဆွဲခဲတံကိုပဲ ကိုင်ပြီး ဘာပုံမှ ဆွဲမထွက်ခဲ့ဘူး။ သူ့ရဲ့အတွေးထဲမှာ မိဘတို့ရဲ့ပုံရိပ်က ကြည်လင်နေတယ်။ ဒါပေမယ့် သူတို့ရဲ့ မျက်လုံး၊ မျက်နှာအနေအထား၊ အကြည့်တွေကို သေသေချာချာ မြင်ယောင်ကြည့်တော့ အမြင်မှာ မှုန်ဝါးဝါးဖြစ်နေခဲ့တယ်။ ဒါကြောင့် သူပုံမဆွဲနိုင်တာဖြစ်တယ်။
အသက် (၂ဝ) မတိုင်ခင်က မိဘတွေနဲ့ပဲ သူနေခဲ့တယ်။ အနှစ် (၂ဝ)လုံးလုံး ဒီလောက်ပူးပူးကပ်ကပ်၊ ဒီလောက် ရင်းရင်းနှီးနှီး နေခဲ့ပေမယ့် စိမ်းနေခဲ့တယ်၊ မှုန်ဝါးနေခဲ့ရတယ်။
မိဘတွေရဲ့ မျက်နှာကိုတောင် ပုံစံမဖော်နိုင်လောက်အောင် စိမ်းခဲ့တယ်။
မိဘတွေရဲ့ ရုပ်ပုံကိုတောင် ဆက်စပ်ပုံဖော်လို့ မရနိုင်အောင် မှုန်ဝါးခဲ့တယ်။
ဒီ့အတွက် သူနှစ်တော်တော်ကြာ ခံစားခဲ့ရတယ်။ သားသမီး သုံးယောက်ရမှ ကလေးတွေရဲ့ ကြီးပြင်းရာတစ်လျှောက်မှာ အဖော်လုပ်ရင်း ခံစားမှုတွေကို လျှော့ခဲ့ရတယ်။
ဒီနှစ်အတောအတွင်းမှာမှ အဲဒီလူကြီးရဲ့ ခံစားချက်ကို ကျွန်မ နားလည်နိုင်ခဲ့တယ်။ ဒါကြောင့် အချိန်တစ်ချို့ခွဲပြီး အမေ့အိမ်ကို ကျွန်မပြန်ခဲ့တယ်။ အမေဆံပင်ကို ဆေးဆိုးပေးတယ်။ အမေ ငိုက်နေတဲ့အချိန် အမေ့ရဲ့မျက်နှာကို သေသေချာချာ ကြည့်ခဲ့မိတယ်။ အမေ့ရဲ့ပုံရိပ်ကို ကျွန်မရဲ့ မျက်စိထဲ၊ ဦးနှောက်ထဲ၊ နှလုံးသားထဲ၊ ကျွန်မရဲ့ အသိထဲ စွဲစွဲမြဲမြဲ မှတ်ထားခဲ့တယ်။
နုပျိုစဉ်က အမေရဲ့ပုံရိပ်နဲ့ အခုလက်ရှိ ပုံရိပ်ကို နှိုင်းယှဉ်ကြည့်ပြီး ကျွန်မမျက်ရည် စို့မိတယ်။ လူတိုင်း၊ သားသမီးတိုင်းကို အမေက သူ့ရဲ့နုပျိုတဲ့အရွယ်နဲ့ စတေးခံပြီး ကြီးပြင်းလာတဲ့အထိ နှစ်ချီကြာအောင် ပြုစုကျွေးမွေးခဲ့ပါတယ်။
မိဘတွေနဲ့ ဝေးကွာတဲ့အချိန် ပူပန်စိတ်၊ လွမ်းဆွတ်စိတ်တွေ ရှိကြတယ်။ ဒါပေမယ့် မိဘတွေက ကျွန်မတို့ရဲ့ ကြီးပြင်းခဲ့တာကို မှတ်သားနေချိန်မှာ ကျွန်မတို့က မိဘတွေ အိုမင်းသွားတာကို မှတ်သားဖို့ မေ့နေခဲ့ကြတယ်။

မိဘမေတ္တာ နားလည်စွာ စိတ်ချမ်းသာအောင် ထားကြပါ

မြန်မာလူမျိုးတို့အနေနဲ့ မိခင်ဖြစ်သူအား အလေးအနက်ထား ဂါရ၀တရား ရှိကြသည်မှာ အစဉ်အလာဓလေ့ထုံးစံတစ်ခုပါပဲ။ မိဘနှစ်ပါး ကို အနန္တော အနန္တ ငါးပါးမှာ ထည့်သွင်းပြီး ရှိခိုးကန်တော့လာကြသည်က ဗုဒ္ဓဘာသာဝင်တို့အဖို့ နေ့စဉ်၊ ညတိုင်းပင်ဖြစ်ပါတယ်။

မိဘတို့ဘ၀၊ သားသမီးတို့အပေါ် ချစ်မြတ်နိုးမှု၊ မိခင်ကျေးဇူး၊ ဖခင်ကျေးဇူးစတဲ့ မိဘတို့ရဲ့ ကျေးဇူးဂုဏ်တရားများကို ကြားဖူး၊ ကြုံဖူး၊ ဖတ်ဖူး၊ မှတ်ဖူးခဲ့ကြတာဟာ မြန်မာလူမျိုးတို့အတွက် ငယ်စဉ်ဘ၀အစ ကတည်းကပါ။ ကျွန်တော်လည်း ငယ်စဉ်ဘ၀ကတည်းက မိဘမေတ္တာ၊ မိဘကျေးဇူးဂုဏ်အင်များကို နားလည်ပြီလို့ ထင်နေခဲ့တာပါပဲ။ မိဘ မေတ္တာအကြောင်း၊ အမေ့ဂုဏ်ရည်အကြောင်း စာတွေရေး၊ ကဗျာတွေရေး၊ ငယ်စဉ်က စာစီစာကုံးရေးလို့တဖုံ အမျိုးမျိုးရေးသားကြံစည်ကာ နားလည် ပြီလို့ ထင်မှတ်ခဲ့တာ အမှန်ပါ။
စိတ်ထဲမှာ မိဘကျေးဇူးဂုဏ်အင်ဟာ မြင့်မိုရ်တောင်မက ကြီးမား မြင့်မြတ်ထယ်ဝါတယ်လို့ သိရှိလက်ခံထားပါတယ်။ တကယ်လည်း ကျွန်တော့ အဖေနဲ့အမေတို့က ငယ်စဉ်ဘ၀ကနေ ယခုအချိန်အထိ လိုလေ သေးမရှိ အမြဲ ဂရုစိုက်စောင့်ရှောက်တာကို ခံခဲ့ရပါတယ်။ ကိုယ့်အပေါ် မေတ္တာထားတဲ့၊ ချစ်တဲ့ မိဘတို့ရဲ့ မေတ္တာတရားနဲ့ ခံစားမှုကို နားလည် တယ်လို့ အမြဲ ခံယူပြီး မိဘတို့အပေါ် ချစ်ခင်ရိုသေမြတ်နိုးခဲ့ပါတယ်။

မိခင်တစ်ယောက်က သားသမီးအပေါ် ထားရှိတဲ့ မေတ္တာတရား၊ ချစ်ခင်မှု၊ ဖခင်တစ်ယောက်က သားသမီးအပေါ်ထားရှိတဲ့ မေတ္တာတရား၊ ချစ်ခင်မှုတွေဟာ ကျွန်တော့အတွက် စာတွေ့၊ လက်တွေ့၊ မျက်တွေ့ အမြဲ ကြုံနေရတော့ သိလှပြီလို့ ထင်ခဲ့တာပါ။

အမေနေ့ အခမ်းအနားတွေမှာ စိတ္တသုခပရဟိတလူငယ်များနှင့် အတူ ဆိုင်ကယ်၊ စက်ဘီး အခမဲ့လက်ခံ ကူညီပေးခဲ့တာနဲ့တနည်း၊ အမေ့ အကြောင်း ဟောပြောမှုများကို နားဆင်လိုသည်ကတသွယ်နဲ့ အမေနေ့ အခမ်းအနားတွေကို တက်ရောက်ခွင့်တွေရခဲ့ပါတယ်။ ဦးထွန်းမြင့်(ပါးပါး)၊ ဦးအုန်းငွေနှင့်ကိုဘဦးတို့က အမေနေ့ ကျင်းပရေးအခမ်းအနားတွေမှာ ပါဝင်နေတော့ ကျွန်တော်လည်း နားဆင်ခွင့်ကြုံခဲ့ရတာပါ။ အမေနေ့မှာ ဝေငှကြတဲ့ မိခင်ဘွဲ့ ကဗျာတွေ၊ စာတွေ၊ ဟောပြောကြတဲ့ အမေ့ကျေးဇူး၊ အမေ့ဂုဏ်ရည်တွေကို နားဆင်၊ ဖတ်ရှုပြီး အမေ့မေတ္တာနဲ့ မိဘတို့ရဲ့ သားသမီးအပေါ် ချစ်ခင်မြတ်နိုးမှုကို နားလည်သဘောပေါက်တယ်လို့ ယုံကြည်ခဲ့တာပါ။

ဒါပေမယ့်ဗျာ . . .

တကယ်တော့ အဲလိုယုံကြည်မှုတွေ၊ နားလည်မှုတွေ၊ သဘော ပေါက်မှုတွေဟာ ကျွန်တော့်အတွက် လုံလောက်မှုမရှိဘူးဆိုတာ မကြာခင် ကမှ သဘောပေါက်နားလည်ခဲ့ရပါတယ်။ အရင်က ကျွန်တော်နားလည် ခဲ့တာတွေက အပေါ်ယံသဘောလောက်ပဲရှိနေပါတယ်။ တကယ်တမ်း အတွင်းက အနှစ်သဘာဝကတော့ ကိုယ်တိုင်ခံစားလိုက်ရမှ သိမြင်လိုက်ရ တာပါ။

ဒီဇင်ဘာလအတွင်းမှာ ကျွန်တော့်အိမ်သူ ကိုယ်ဝန်ရုတ်တရက် ဆေးခန်းမှာ ခွဲစိတ်မွေးဖွားလိုက်ရပါတယ်။ တိတိကျကျပြောရရင်တော့ ဒီဇင်ဘာ ၁၉ရက် စနေနေ့မှာပေါ့ဗျာ။

အိမ်သူ့ကိုယ်ဝန် မီးဖွားဖို့ မသွားခင်ကတည်းက ကိုဘဦးဆီက တစ်ဆင့် ဒီဇင်ဘာ ၃၀ရက်မှာ ကျင်းပမယ့် (၁၄)ကြိမ်မြောက်အမေနေ့ အခမ်းအနားနဲ့ ဆရာကြီးဦးသုခရဲ့ ရာပြည့်အထိမ်းအမှတ်ပွဲသတင်းကို ကြားသိခဲ့ရလို့ မိခင်၊ ဖခင်တို့ရဲ့ မေတ္တာတရားကို တွေးမိနေပါတယ်။ အခု ကျွန်တော်က ရန်ကုန်မှာနေရတာဆိုတော့ မိဘနဲ့အဝေး၊ အပေါင်း အသင်းတွေနဲ့ဝေး၊ မန္တလေးအလွမ်းနဲ့ အိမ်ပြန်ချင်တာကတော့ တအား ပေါ့ဗျာ။

ဒီလို မိဘမေတ္တာတရားအကြောင်းနဲ့ မန္တလေးအလွမ်းခံရှိနေတုံး မှာပဲ အိမ်သူက ရုတ်တရက် မီးဖွားဖို့ဖြစ်လာတော့ ဆေးခန်းကို ပြေးရ တာပေါ့။ ဆေးခန်းရောက်တော့ သားဖွားမှုဆိုင်ရာ အထူးပြုတဲ့ဆေးခန်း ဆိုတော့ မီးဖွားမယ့် အခြားမိခင်လောင်းတွေလည်း ရှိနေကြပါတယ်။ ကျွန်တော့အိမ်သူက စနေနေ့ည တစ်ညလုံး ဆေးခန်းမှာရှိနေပြီး တနင်္ဂနွေ နေ့မှ ခွဲစိတ်ခဲ့ရတာဆိုတော့ စနေနေ့ တစ်ညတာ ဆေးခန်းမှာ မိခင် လောင်းတို့ရဲ့ ဘ၀ကို လက်တွေ့ကျကျလေ့လာခွင့်ရခဲ့တာပေါ့ဗျာ။

ငယ်ငယ်က အမေကပြောတဲ့ အိပ်ရာဝင်ပုံပြင်များအလား မိခင် တို့ရဲ့ မီးဖွားရတဲ့အတွေ့အကြုံတွေ၊ စာမှာဖတ်ဖူးရတဲ့ မိခင်လောင်းတို့ မီးဖွားစဉ်မှာ နာကျင်မှုခံစားရတယ်ဆိုတာတွေ စာတွေ့အသိ၊ နားကြား အသိတို့သာ ရှိနေတဲ့ကျွန်တော် သားဖွားဆေးခန်းမှာ တစ်ညတာနေခဲ့ရတဲ့ အခါမှာတော့ မိခင်တို့ရဲ့ ဘ၀ကို ကောင်းကောင်းကြီး သဘောပေါက် ခဲ့ရပါတော့တယ်။

ကျွန်တော့်အိမ်သူကလည်း ရုတ်တရက်မီးဖွားဖို့ဖြစ်လာတော့ နာကျင်မှုတွေ ခံစားရပြီး အလူးအလဲ အော်ဟစ်နေသလို၊ ဘေးအခန်းက မိခင်လောင်းကလဲ ကလေးမီးဖွားဖို့အရေး နာကျင်မှုခံစားလို့အော်သံက ဆေးခန်းတစ်ခုလုံးဖုံးလွှမ်းနေပါတော့တယ်။ ကျွန်တော့အိမ်သူအနေနဲ့ နာကျင်မှုခံစားပြီး နံနက်ပိုင်းမှာတော့ ခွဲစိတ်မွေးဖွားလိုက်လို့ သားဦးလေး ကို ဘေးအန္တရာယ်ကင်းကင်း မွေးဖွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မိခင်ဖြစ်သူ ကတော့ နာကျင်မှုခံစားရတဲ့ဒဏ်၊ ခွဲစိတ်ခံရတဲ့ဒဏ်တွေနဲ့ ပင်ပန်းနွမ်းနယ် လို့နေပါတယ်။

ဘေးအခန်းက မိခင်လောင်းကတော့ သဘာဝအတိုင်းမီးဖွားမှာ မို့ အော်လိုက် ဟစ်လိုက်နဲ့ တစ်ညလုံးနေ နေရပါတယ်။ ဆေးခန်းက တာဝန်ကျ ဆရာ၊ ဆရာမတွေလာတော့ အခန်းပြင်မှာစောင့်နေရတဲ့ ကျွန်တော်တို့ ဖခင်အချင်းချင်း စိုးရိမ်မှုတွေကြား တစ်ဦးနဲ့တစ်ဦး အားပေး နေကြပေမယ့် အခန်းအတွင်းက အိမ်သူများ အော်သံကြားရတော့ ထိုင်ရ မလို၊ ထရမလိုနဲ့ စိတ်ပူနေကြရပါတယ်။ တစ်ညလုံး မအိပ်ရဘဲ နံနက် ခင်းမှာ မွေးဖွားလာတဲ့ သားငယ်ကို ကြည့်လိုက်ရတဲ့ခဏ ပင်ပန်းမှုက ကျွန်တော့အတွက် ပြေပျောက်သွားခဲ့ပါတယ်။ အဲလို သားငယ်ကို မြင်လိုက် ရတဲ့ခဏမှာ ကျွန်တော်တွေးမိတာကတော့ ကျွန်တော့်မိဘတွေ၊ ကမ္ဘာပေါ် က မိဘတွေ သားသမီးတွေအပေါ်မှာ ထားရှိတဲ့ မေတ္တာတရားရဲ့ အတိမ် အနက်ကိုပါပဲ။

မီးဖွားစဉ် ခံစားရတဲ့နာကျင်မှုဝေဒနာကို ကြံ့ကြံ့ခံပြီး သားသမီး ကို လူ့လောကအတွင်း ပို့ဆောင်ပေးတဲ့ မိခင်တစ်ယောက်ရဲ့ မေတ္တာ တရား၊

ကိုယ်ဝန်ဆောင်စမှာ ခံစားရတဲ့ မိခင်လောင်းတစ်ဦးရဲ့ ခံစားမှု၊ ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ ကိုယ်ဝန်ကြောင့် အထိုင်အထကစ အစစ အရာရာမှာ လွတ်လပ်မှုမရှိ နေထိုင်ရတဲ့ မိခင်လောင်းရဲ့ ခံစားမှု၊ ကိုယ်ဝန် အလေးချိန်ကို အမြဲတမ်းထမ်းမထားရတဲ့ ကျောရိုး၊ နံရိုးစတဲ့နေရာများက နာကျင်ခံစားရမှုတွေကို ခံစားပြီး သားသမီးအပေါ်ထားရှိခဲ့တဲ့ မိခင် တစ်ယောက်ရဲ့မေတ္တာတရား၊

မွေးဖွားပြီးစ မောပန်းနွမ်းနယ်နေသော်လည်း သား၊ သမီးတို့ကို မြင်လိုက်ရတဲ့ခဏ အမောပြေပျောက်ပြီး နို့ဦးရည်တိုက်နေကြရတဲ့ မိခင် တို့ရဲ့ မေတ္တာတရား၊

ဒီလို မိခင်တို့ရဲ့ မေတ္တာတရားတွေကို အခုမှ လက်တွေ့သိမြင် ခွင့်ရခဲ့ပါတယ်။ ကိုယ်တိုင်ဘေးမှာရှိနေတော့ မိခင်လောင်းတို့ ခံစားရမှု တွေကို သူတို့နီးနီး သိရှိလာရပါတယ်။ အနေအထိုင်၊ အစားအသောက်၊ အသွားအလာ အားလုံးဂရုတစ်စိုက် နေထိုင်ကြရတဲ့ မိခင်တို့ရဲ့ ခံစားရမှု တွေကို နားလည်လာလေ၊ အမေတို့ရဲ့ မေတ္တာတရားကို ပိုမိုသဘောပေါက် လာရလေပါပဲ။ အရင်က သိရှိနားလည်ထားတာတွေဟာ အပေါ်ယံပါ့လား ဆိုတာ ရင်ထဲကို ၀င်လာလေလေ၊ အဝေးက အမေနဲ့အဖေ၊ နောက် ရှိသမျှ သော မိဘတွေကို အကြိမ်ကြိမ် ရှိခိုးနေမိပါတယ်။ ကျေးဇူးတွေကို အောင့်မေ့မိနေပါတယ်။

ကိုယ်ဝန်ဆောင်စဉ်ကာလ၊ မီးဖွားစဉ်ကာလတွေမှာ အိမ်သူ့ အပေါ် ကျွန်တော်စောင့်ရှောက်ဆောင်ရွက်ပေးရသမျှ ကျွန်တော့ဖခင်ကလဲ တစ်ချိန်က ဒီလိုပဲ ဖြစ်မယ်၊ ဖခင်တိုင်းရဲ့ ရင်ထဲကို စာနာ နားလည်လာ ခဲ့ပါတယ်။ အပြင်ခဏသွားလို့မှ အိမ်မှာ အိမ်သူ ဘာဖြစ်နေမလဲ၊ ကိုယ်ဝန် တစ်ခုခုဖြစ်နေမလားရယ်လို့ အသွားအလာမဖြောင့်ဖြစ်ခဲ့ရတာတွေ၊ မီးဖွား တဲ့အခါမှာ ကိုယ်တိုင်ဘာမှ မတတ်နိုင်တော့ အပြင်ကပဲ စိတ်ပူပြီး ဘုရား ရှိခိုး၊ အင်္ဂုလိမာလသုတ်ရွတ်နဲ့ စိတ်ပူခဲ့ရတာတွေ၊ ကလေးမျက်နှာမြင် တော့လဲ အိမ်သူ့ကျန်းမာရေးစိတ်ပူရပြန်တာတွေဟာ ဖခင်တိုင်း ကိုယ်လို ပဲ ခံစားရမယ်ဆိုတဲ့ စာနာတွေးနဲ့ ကိုယ်တွေ့သိမှ ပိုမိုသဘောပေါက်ခဲ့ရ ပါတယ်။

ကလေးမီးဖွားပြီးပြန်တော့ သားအတွက် အသုံးပြုသမျှ အနှီး တွေ လျှော်ရပြန်ပါလေရော။ ကိုယ့်စိတ်ထဲ ]ပေါက်လိုက်တဲ့ ရှု၊ ပါလိုက်တဲ့ အီး၊ လျှော်လိုက်ရတဲ့အနှီး}ရယ်လို့ ထင်မိပေမယ့် ဒီလို လျှော်ပေးနေရတာ ကိုက စိတ်ထဲမှာ ပျော်နေတာပါ။ သူများကို ပြောမိတာကိုက ဂုဏ်ယူ နေသလိုပါပဲ။ ကလေးဝေယျာဝစ္စဆောင်ရွက်ပေးလိုက်တိုင်း တစ်ချိန်က အဖေလဲ ကျွန်တော့်အပေါ် ဒီလိုပဲ ချစ်မှာပဲ၊ ဒီလိုပဲ ကြည်နူးမှာပဲ၊ အဖေတိုင်း၊ ဖခင်တိုင်းလဲ သားသမီးအပေါ် ချစ်ကြ၊ မြတ်နိုးကြမှာပဲရယ်လို့ အကြိမ် ကြိမ်တွေး၊ အကြိမ်ကြိမ်နားလည်လာခဲ့ပါတယ်။

အနှီးတွေလျှော်ရလွန်းလို့ လက်ပေါက်မတတ်ဖြစ်နေပေမယ့် ကိုယ့်သားအနှီးသူများလျှော်လို့ မပြောင်မှာ၊ မသန့်မရှင်းဖြစ်မှာစိုးတော့ ကိုယ်တိုင်ပဲ လျှော်မိနေပါတယ်။ သားအပေါ်ထားမိတဲ့ ချစ်စိတ်များလေ လေ၊ ကိုယ့်အပေါ်လည်း မိဘနှစ်ပါးကထားတဲ့ ချစ်မြတ်နိုးစိတ်အပေါ် စာနာမိ၊ သိရှိသဘောပေါက်ရလေလေဖြစ်လာပါတယ်။

ညဘက် သားအိပ်တဲ့အခါ အော်ငိုလိုက်ရင်၊ အသက်ရှုတာ မ၀သလိုဖြစ်ခဲ့ရင် ဘာဖြစ်တာလဲဆိုပြီး မအိပ်ဘဲ စောင့်ကြည့်နေမိပါတယ်။ ရက်ပိုင်းသာရှိသေးပေမယ့် ]အီးပါချင်ရင်အော်တဲ့အသံနဲ့မျက်နှာပုံစံ၊ ရှုပေါက်ရင် အော်တဲ့အသံနဲ့မျက်နှာဟန်၊ ဗိုက်ဆာလို့ အော်တဲ့အသံနဲ့ ပုံသဏ္ဌာန်}တွေကို သေချာမှတ်သားပြီး ဘာဖြစ်တာလဲဆိုတာကို သိလာ ပါပြီ။ မိခင်၊ ဖခင်တွေအဖို့ကတော့ သား၊သမီးမျက်နှာ အရိပ်တစ်ကြည့် ကြည့် နေကြရတဲ့သဘောတရားကို အခုမှ နားလည်လာခဲ့ရပါတော့တယ်။

အရင်က သိမြင်ခဲ့ရတဲ့ မိဘမေတ္တာဆိုတာ လက်တွေ့၊ ကိုယ်တွေ့ သိမြင်လိုက်ရမှ နှိုင်းဆလို့မရတာကို ပိုမိုနားလည်လာပါတယ်။ မိဘ မေတ္တာ၊ မိဘစေတနာ၊ မိဘအကြင်နာ၊ မိဘကျေးဇူးကို ပိုပြီးနားလည် လာတဲ့အချိန်မှာ ကျွန်တော့်အနေနဲ့ အဝေးမှာ ရောက်နေပါတယ်။ ကျွန်တော့ မိဘများက အသက် ၇၅နှစ်ကိုယ်စီရှိပြီဆိုတော့ မိဘများအနားမှာ ကျေးဇူးဆပ် ခြေဆုတ်လက်နယ်နေချင်ပေမယ့် လောလောဆယ်ဆယ်တော့ နေခွင့်မရသေးပါဘူး။

မိဘအနီးအနားမှာရှိနေကြတဲ့သူများအတွက် မိဘတို့ရဲ့ မေတ္တာ နဲ့ကျေးဇူးတရားကို အခုနားလည်သိရှိတာထက် အဆပေါင်းများစွာ ပိုမို သိရှိဖို့လိုတယ်ဆိုတာ ကိုယ်တွေ့ကြုံလို့ ယုံခဲ့ရတာပါ။ မိဘအဖြစ် ကိုယ်တိုင်ကြုံတွေ့ခဲ့ရမှ သားသမီးအပေါ်ချစ်စိတ်၊ မိဘတို့ရဲ့ သားသမီး အပေါ်ထားတဲ့မေတ္တာတရားကို ပိုမိုနားလည်သဘောပေါက်စေခဲ့ပါတယ်။ အရင်သိခဲ့သမျှ၊ နားလည်ခဲ့ရသမျှဟာ အပေါ်ယံသာဖြစ်တယ်လို့ ယုံကြည် လက်ခံခဲ့ရပါတယ်။ ဒါကြောင့် မိဘရဲ့ ဂုဏ်ကျေးဇူးကို တန်ဖိုးဖြတ်၊ အနှိုင်းခံများမပြုဘဲ မိဘကို ပြုစုလုပ်ကျွေးခွင့်ရစဉ်မှာ ပြုစုလုပ်ကျွေးဖို့ လိုအပ်လှပါတယ်။

ကိုယ်က ငွေကြေးရှာဖွေပြီး မိဘကိုကျေးဇူးဆပ်မှ ကျေးဇူး ဆပ်တာမဟုတ်ပါဘူး။ မိဘနှစ်ပါး စိတ်ချမ်းသာမှုရရှိအောင် ကြိုးစား နေထိုင်ခြင်းကပင် မိဘနှစ်ပါးကို ကျေးဇူးဆပ်ပြီးသားဖြစ်နေပါတယ်။ မိဘဆိုတာ သားသမီးများကောင်းမွန်စွာနေထိုင်ပြီး သားသမီးတို့ဘ၀ ကောင်းစားရင် ကျေနပ်နေကြရတာပါ။ သားသမီးတို့ဆီက ငွေကြေး၊ ဥစ္စာဓနကို မမျှော်မှန်းပေမယ့် သားသမီးတို့ရဲ့ မေတ္တာနဲ့ သားသမီးတို့ရဲ့ သိတတ်နားလည်မှု၊ လိမ္မာယဉ်ကျေးမှုက မိဘတို့ရဲ့ မျှော်လင့်ချက်တစ်ခု ပါပဲ။

ကျောင်းတက်နေတဲ့သူများကလည်း မိမိတို့ ကျက်မှတ်ရမယ့် ကျောင်းစာ၊ လေ့လာရမယ့် ပညာရပ်များကို တာဝန်သိသိနဲ့ လေ့လာ ကျက်မှတ်သင်ယူနေမယ်ဆိုရင်ပဲ မိဘကျေးဇူးဆပ်နေတာပဲဖြစ်ပါတယ်။ မိဘစကားနားထောင်မယ်၊ မိဘစိတ်မဆင်းရဲစေဘူး ဆိုတာနဲ့ပဲ မိဘ ကျေးဇူးကို ဆပ်ရာရောက်နေမှာ အမှန်ပါပဲ။ မိဘဆိုတာ သားသမီးတို့ တော်တာ မြင်ချင်ကြပါတယ်။ လိမ္မာတာမြင်ချင်ကြပါတယ်။ သားသမီး တို့အကြောင်း အကောင်းသာပြောချင်ကြပါတယ်။ အဲလို မိဘတို့ရဲ့ စိတ်ဆန္ဒပြည့်ဝသလို မိမိလည်း လိမ္မာယဉ်ကျေးပြီး အဘက်ဘက်က တော်သော၊ ကောင်းသော လူငယ်များဖြစ်လာမှာဖြစ်ပါတယ်။

မိဘကျေးဇူး၊ အမေ့ကျေးဇူး၊ အဖေ့ကျေးဇူး၊ မေတ္တာတရား တွေဟာ ရေးသားဖော်ပြခဲ့ကြတာအများကြီးပါပဲ။ ရုပ်ရှင်၊ ဗီဒီယို၊ ဇာတ် သဘင်၊ ဂီတ၊ ၀တ္ထု၊ ဆောင်းပါး၊ ကဗျာ၊ ကာတွန်း စတဲ့ အနုပညာပုံရိပ် မျိုးစုံနဲ့ ဖော်ညွှန်းထားခဲ့ကြပါတယ်။ အားလုံးက ကြည့်ရှုခံစားခဲ့ကြပြီး သိသယောင်၊ နားလည်သယောင် ခံစားနေကြရတာပါပဲ။ ဒါကြောင့်လည်း အမေနေ့ ဟောပြောပွဲတွေမှာ လူတွေ စည်ကားလို့ နေကြပါတယ်။ ကျွန်တော်လည်း တစ်ချိန်က နားလည်လှပြီလို့ ထင်ထားသမျှ ကိုယ်တွေ့ ကြုံမှ အပေါ်ယံသာနားလည်တာဖြစ်ပြီး အတွင်းပိုင်းကျကျ၊ လေးလေး နက်နက် နားလည်ဖို့လိုအပ်နေတာ သိမြင်လိုက်ရပါတယ်။

ဒါကြောင့် မိဘကျေးဇူးဂုဏ်ရည်များကို မိမိသိမြင်ခံစားရတာ ထက် ပိုမိုတယ်၊ များပြားတယ်၊ ဆပ်လို့ မကုန်နိုင်အောင်ရှိတယ်ဆိုတာ ကိုယ်တွေ့ကြုံမှ ယုံခဲ့ရပါတယ်။ မိခင်တစ်ယောက်ရဲ့ သားသမီးပေါ်ထားတဲ့ မေတ္တာ၊ သားသမီးတစ်ဦး မွေးဖွားလာဖို့ ရက်ရှည်လများဝမ်းကြာတိုက် မှာ လွယ်ထားရတဲ့ဒုက္ခ၊ မီးဖွားရတဲ့ဝေဒနာ၊ မီးဖွားပြီးနောက်ပိုင်း သား သမီးကြီးပြင်းလာအောင် ကျွေးမွေးစောင့်ရှောက်ရတဲ့မိဘတို့ရဲ့ စေတနာ၊ မေတ္တာတွေကို အောင့်မေ့သတိရဖို့ လိုအပ်ပါတယ်။ မိဘတို့ရဲ့ ကျေးဇူး တရားကို သိရှိနားလည်ပြီးရင်တော့ ကျေးဇူးဆပ်ဖို့ လိုအပ်ပါတယ်။ မိဘကျေးဇူးကို အကောင်းဆုံးဆပ်တဲ့နည်းကတော့ မိဘကို စိတ်ချမ်းသာ အောင်၊ မိဘစိတ်ကျေနပ်အောင် ဘ၀တစ်လျှောက် နေထိုင်သွားတာသာ ဖြစ်ပါကြောင်း ကိုယ်တွေ့အဖြစ်နဲ့ တင်ပြလိုက်ရပါတယ်။

မိဘနှစ်ပါးနှင့် ကမ္ဘာပေါ်ရှိ မိဘများအား အစဉ်ရှိခိုးကန်တော့လျက် . . .