Saturday, January 30, 2010

မိဘမေတ္တာ နားလည်စွာ စိတ်ချမ်းသာအောင် ထားကြပါ

မြန်မာလူမျိုးတို့အနေနဲ့ မိခင်ဖြစ်သူအား အလေးအနက်ထား ဂါရ၀တရား ရှိကြသည်မှာ အစဉ်အလာဓလေ့ထုံးစံတစ်ခုပါပဲ။ မိဘနှစ်ပါး ကို အနန္တော အနန္တ ငါးပါးမှာ ထည့်သွင်းပြီး ရှိခိုးကန်တော့လာကြသည်က ဗုဒ္ဓဘာသာဝင်တို့အဖို့ နေ့စဉ်၊ ညတိုင်းပင်ဖြစ်ပါတယ်။

မိဘတို့ဘ၀၊ သားသမီးတို့အပေါ် ချစ်မြတ်နိုးမှု၊ မိခင်ကျေးဇူး၊ ဖခင်ကျေးဇူးစတဲ့ မိဘတို့ရဲ့ ကျေးဇူးဂုဏ်တရားများကို ကြားဖူး၊ ကြုံဖူး၊ ဖတ်ဖူး၊ မှတ်ဖူးခဲ့ကြတာဟာ မြန်မာလူမျိုးတို့အတွက် ငယ်စဉ်ဘ၀အစ ကတည်းကပါ။ ကျွန်တော်လည်း ငယ်စဉ်ဘ၀ကတည်းက မိဘမေတ္တာ၊ မိဘကျေးဇူးဂုဏ်အင်များကို နားလည်ပြီလို့ ထင်နေခဲ့တာပါပဲ။ မိဘ မေတ္တာအကြောင်း၊ အမေ့ဂုဏ်ရည်အကြောင်း စာတွေရေး၊ ကဗျာတွေရေး၊ ငယ်စဉ်က စာစီစာကုံးရေးလို့တဖုံ အမျိုးမျိုးရေးသားကြံစည်ကာ နားလည် ပြီလို့ ထင်မှတ်ခဲ့တာ အမှန်ပါ။
စိတ်ထဲမှာ မိဘကျေးဇူးဂုဏ်အင်ဟာ မြင့်မိုရ်တောင်မက ကြီးမား မြင့်မြတ်ထယ်ဝါတယ်လို့ သိရှိလက်ခံထားပါတယ်။ တကယ်လည်း ကျွန်တော့ အဖေနဲ့အမေတို့က ငယ်စဉ်ဘ၀ကနေ ယခုအချိန်အထိ လိုလေ သေးမရှိ အမြဲ ဂရုစိုက်စောင့်ရှောက်တာကို ခံခဲ့ရပါတယ်။ ကိုယ့်အပေါ် မေတ္တာထားတဲ့၊ ချစ်တဲ့ မိဘတို့ရဲ့ မေတ္တာတရားနဲ့ ခံစားမှုကို နားလည် တယ်လို့ အမြဲ ခံယူပြီး မိဘတို့အပေါ် ချစ်ခင်ရိုသေမြတ်နိုးခဲ့ပါတယ်။

မိခင်တစ်ယောက်က သားသမီးအပေါ် ထားရှိတဲ့ မေတ္တာတရား၊ ချစ်ခင်မှု၊ ဖခင်တစ်ယောက်က သားသမီးအပေါ်ထားရှိတဲ့ မေတ္တာတရား၊ ချစ်ခင်မှုတွေဟာ ကျွန်တော့အတွက် စာတွေ့၊ လက်တွေ့၊ မျက်တွေ့ အမြဲ ကြုံနေရတော့ သိလှပြီလို့ ထင်ခဲ့တာပါ။

အမေနေ့ အခမ်းအနားတွေမှာ စိတ္တသုခပရဟိတလူငယ်များနှင့် အတူ ဆိုင်ကယ်၊ စက်ဘီး အခမဲ့လက်ခံ ကူညီပေးခဲ့တာနဲ့တနည်း၊ အမေ့ အကြောင်း ဟောပြောမှုများကို နားဆင်လိုသည်ကတသွယ်နဲ့ အမေနေ့ အခမ်းအနားတွေကို တက်ရောက်ခွင့်တွေရခဲ့ပါတယ်။ ဦးထွန်းမြင့်(ပါးပါး)၊ ဦးအုန်းငွေနှင့်ကိုဘဦးတို့က အမေနေ့ ကျင်းပရေးအခမ်းအနားတွေမှာ ပါဝင်နေတော့ ကျွန်တော်လည်း နားဆင်ခွင့်ကြုံခဲ့ရတာပါ။ အမေနေ့မှာ ဝေငှကြတဲ့ မိခင်ဘွဲ့ ကဗျာတွေ၊ စာတွေ၊ ဟောပြောကြတဲ့ အမေ့ကျေးဇူး၊ အမေ့ဂုဏ်ရည်တွေကို နားဆင်၊ ဖတ်ရှုပြီး အမေ့မေတ္တာနဲ့ မိဘတို့ရဲ့ သားသမီးအပေါ် ချစ်ခင်မြတ်နိုးမှုကို နားလည်သဘောပေါက်တယ်လို့ ယုံကြည်ခဲ့တာပါ။

ဒါပေမယ့်ဗျာ . . .

တကယ်တော့ အဲလိုယုံကြည်မှုတွေ၊ နားလည်မှုတွေ၊ သဘော ပေါက်မှုတွေဟာ ကျွန်တော့်အတွက် လုံလောက်မှုမရှိဘူးဆိုတာ မကြာခင် ကမှ သဘောပေါက်နားလည်ခဲ့ရပါတယ်။ အရင်က ကျွန်တော်နားလည် ခဲ့တာတွေက အပေါ်ယံသဘောလောက်ပဲရှိနေပါတယ်။ တကယ်တမ်း အတွင်းက အနှစ်သဘာဝကတော့ ကိုယ်တိုင်ခံစားလိုက်ရမှ သိမြင်လိုက်ရ တာပါ။

ဒီဇင်ဘာလအတွင်းမှာ ကျွန်တော့်အိမ်သူ ကိုယ်ဝန်ရုတ်တရက် ဆေးခန်းမှာ ခွဲစိတ်မွေးဖွားလိုက်ရပါတယ်။ တိတိကျကျပြောရရင်တော့ ဒီဇင်ဘာ ၁၉ရက် စနေနေ့မှာပေါ့ဗျာ။

အိမ်သူ့ကိုယ်ဝန် မီးဖွားဖို့ မသွားခင်ကတည်းက ကိုဘဦးဆီက တစ်ဆင့် ဒီဇင်ဘာ ၃၀ရက်မှာ ကျင်းပမယ့် (၁၄)ကြိမ်မြောက်အမေနေ့ အခမ်းအနားနဲ့ ဆရာကြီးဦးသုခရဲ့ ရာပြည့်အထိမ်းအမှတ်ပွဲသတင်းကို ကြားသိခဲ့ရလို့ မိခင်၊ ဖခင်တို့ရဲ့ မေတ္တာတရားကို တွေးမိနေပါတယ်။ အခု ကျွန်တော်က ရန်ကုန်မှာနေရတာဆိုတော့ မိဘနဲ့အဝေး၊ အပေါင်း အသင်းတွေနဲ့ဝေး၊ မန္တလေးအလွမ်းနဲ့ အိမ်ပြန်ချင်တာကတော့ တအား ပေါ့ဗျာ။

ဒီလို မိဘမေတ္တာတရားအကြောင်းနဲ့ မန္တလေးအလွမ်းခံရှိနေတုံး မှာပဲ အိမ်သူက ရုတ်တရက် မီးဖွားဖို့ဖြစ်လာတော့ ဆေးခန်းကို ပြေးရ တာပေါ့။ ဆေးခန်းရောက်တော့ သားဖွားမှုဆိုင်ရာ အထူးပြုတဲ့ဆေးခန်း ဆိုတော့ မီးဖွားမယ့် အခြားမိခင်လောင်းတွေလည်း ရှိနေကြပါတယ်။ ကျွန်တော့အိမ်သူက စနေနေ့ည တစ်ညလုံး ဆေးခန်းမှာရှိနေပြီး တနင်္ဂနွေ နေ့မှ ခွဲစိတ်ခဲ့ရတာဆိုတော့ စနေနေ့ တစ်ညတာ ဆေးခန်းမှာ မိခင် လောင်းတို့ရဲ့ ဘ၀ကို လက်တွေ့ကျကျလေ့လာခွင့်ရခဲ့တာပေါ့ဗျာ။

ငယ်ငယ်က အမေကပြောတဲ့ အိပ်ရာဝင်ပုံပြင်များအလား မိခင် တို့ရဲ့ မီးဖွားရတဲ့အတွေ့အကြုံတွေ၊ စာမှာဖတ်ဖူးရတဲ့ မိခင်လောင်းတို့ မီးဖွားစဉ်မှာ နာကျင်မှုခံစားရတယ်ဆိုတာတွေ စာတွေ့အသိ၊ နားကြား အသိတို့သာ ရှိနေတဲ့ကျွန်တော် သားဖွားဆေးခန်းမှာ တစ်ညတာနေခဲ့ရတဲ့ အခါမှာတော့ မိခင်တို့ရဲ့ ဘ၀ကို ကောင်းကောင်းကြီး သဘောပေါက် ခဲ့ရပါတော့တယ်။

ကျွန်တော့်အိမ်သူကလည်း ရုတ်တရက်မီးဖွားဖို့ဖြစ်လာတော့ နာကျင်မှုတွေ ခံစားရပြီး အလူးအလဲ အော်ဟစ်နေသလို၊ ဘေးအခန်းက မိခင်လောင်းကလဲ ကလေးမီးဖွားဖို့အရေး နာကျင်မှုခံစားလို့အော်သံက ဆေးခန်းတစ်ခုလုံးဖုံးလွှမ်းနေပါတော့တယ်။ ကျွန်တော့အိမ်သူအနေနဲ့ နာကျင်မှုခံစားပြီး နံနက်ပိုင်းမှာတော့ ခွဲစိတ်မွေးဖွားလိုက်လို့ သားဦးလေး ကို ဘေးအန္တရာယ်ကင်းကင်း မွေးဖွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မိခင်ဖြစ်သူ ကတော့ နာကျင်မှုခံစားရတဲ့ဒဏ်၊ ခွဲစိတ်ခံရတဲ့ဒဏ်တွေနဲ့ ပင်ပန်းနွမ်းနယ် လို့နေပါတယ်။

ဘေးအခန်းက မိခင်လောင်းကတော့ သဘာဝအတိုင်းမီးဖွားမှာ မို့ အော်လိုက် ဟစ်လိုက်နဲ့ တစ်ညလုံးနေ နေရပါတယ်။ ဆေးခန်းက တာဝန်ကျ ဆရာ၊ ဆရာမတွေလာတော့ အခန်းပြင်မှာစောင့်နေရတဲ့ ကျွန်တော်တို့ ဖခင်အချင်းချင်း စိုးရိမ်မှုတွေကြား တစ်ဦးနဲ့တစ်ဦး အားပေး နေကြပေမယ့် အခန်းအတွင်းက အိမ်သူများ အော်သံကြားရတော့ ထိုင်ရ မလို၊ ထရမလိုနဲ့ စိတ်ပူနေကြရပါတယ်။ တစ်ညလုံး မအိပ်ရဘဲ နံနက် ခင်းမှာ မွေးဖွားလာတဲ့ သားငယ်ကို ကြည့်လိုက်ရတဲ့ခဏ ပင်ပန်းမှုက ကျွန်တော့အတွက် ပြေပျောက်သွားခဲ့ပါတယ်။ အဲလို သားငယ်ကို မြင်လိုက် ရတဲ့ခဏမှာ ကျွန်တော်တွေးမိတာကတော့ ကျွန်တော့်မိဘတွေ၊ ကမ္ဘာပေါ် က မိဘတွေ သားသမီးတွေအပေါ်မှာ ထားရှိတဲ့ မေတ္တာတရားရဲ့ အတိမ် အနက်ကိုပါပဲ။

မီးဖွားစဉ် ခံစားရတဲ့နာကျင်မှုဝေဒနာကို ကြံ့ကြံ့ခံပြီး သားသမီး ကို လူ့လောကအတွင်း ပို့ဆောင်ပေးတဲ့ မိခင်တစ်ယောက်ရဲ့ မေတ္တာ တရား၊

ကိုယ်ဝန်ဆောင်စမှာ ခံစားရတဲ့ မိခင်လောင်းတစ်ဦးရဲ့ ခံစားမှု၊ ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ ကိုယ်ဝန်ကြောင့် အထိုင်အထကစ အစစ အရာရာမှာ လွတ်လပ်မှုမရှိ နေထိုင်ရတဲ့ မိခင်လောင်းရဲ့ ခံစားမှု၊ ကိုယ်ဝန် အလေးချိန်ကို အမြဲတမ်းထမ်းမထားရတဲ့ ကျောရိုး၊ နံရိုးစတဲ့နေရာများက နာကျင်ခံစားရမှုတွေကို ခံစားပြီး သားသမီးအပေါ်ထားရှိခဲ့တဲ့ မိခင် တစ်ယောက်ရဲ့မေတ္တာတရား၊

မွေးဖွားပြီးစ မောပန်းနွမ်းနယ်နေသော်လည်း သား၊ သမီးတို့ကို မြင်လိုက်ရတဲ့ခဏ အမောပြေပျောက်ပြီး နို့ဦးရည်တိုက်နေကြရတဲ့ မိခင် တို့ရဲ့ မေတ္တာတရား၊

ဒီလို မိခင်တို့ရဲ့ မေတ္တာတရားတွေကို အခုမှ လက်တွေ့သိမြင် ခွင့်ရခဲ့ပါတယ်။ ကိုယ်တိုင်ဘေးမှာရှိနေတော့ မိခင်လောင်းတို့ ခံစားရမှု တွေကို သူတို့နီးနီး သိရှိလာရပါတယ်။ အနေအထိုင်၊ အစားအသောက်၊ အသွားအလာ အားလုံးဂရုတစ်စိုက် နေထိုင်ကြရတဲ့ မိခင်တို့ရဲ့ ခံစားရမှု တွေကို နားလည်လာလေ၊ အမေတို့ရဲ့ မေတ္တာတရားကို ပိုမိုသဘောပေါက် လာရလေပါပဲ။ အရင်က သိရှိနားလည်ထားတာတွေဟာ အပေါ်ယံပါ့လား ဆိုတာ ရင်ထဲကို ၀င်လာလေလေ၊ အဝေးက အမေနဲ့အဖေ၊ နောက် ရှိသမျှ သော မိဘတွေကို အကြိမ်ကြိမ် ရှိခိုးနေမိပါတယ်။ ကျေးဇူးတွေကို အောင့်မေ့မိနေပါတယ်။

ကိုယ်ဝန်ဆောင်စဉ်ကာလ၊ မီးဖွားစဉ်ကာလတွေမှာ အိမ်သူ့ အပေါ် ကျွန်တော်စောင့်ရှောက်ဆောင်ရွက်ပေးရသမျှ ကျွန်တော့ဖခင်ကလဲ တစ်ချိန်က ဒီလိုပဲ ဖြစ်မယ်၊ ဖခင်တိုင်းရဲ့ ရင်ထဲကို စာနာ နားလည်လာ ခဲ့ပါတယ်။ အပြင်ခဏသွားလို့မှ အိမ်မှာ အိမ်သူ ဘာဖြစ်နေမလဲ၊ ကိုယ်ဝန် တစ်ခုခုဖြစ်နေမလားရယ်လို့ အသွားအလာမဖြောင့်ဖြစ်ခဲ့ရတာတွေ၊ မီးဖွား တဲ့အခါမှာ ကိုယ်တိုင်ဘာမှ မတတ်နိုင်တော့ အပြင်ကပဲ စိတ်ပူပြီး ဘုရား ရှိခိုး၊ အင်္ဂုလိမာလသုတ်ရွတ်နဲ့ စိတ်ပူခဲ့ရတာတွေ၊ ကလေးမျက်နှာမြင် တော့လဲ အိမ်သူ့ကျန်းမာရေးစိတ်ပူရပြန်တာတွေဟာ ဖခင်တိုင်း ကိုယ်လို ပဲ ခံစားရမယ်ဆိုတဲ့ စာနာတွေးနဲ့ ကိုယ်တွေ့သိမှ ပိုမိုသဘောပေါက်ခဲ့ရ ပါတယ်။

ကလေးမီးဖွားပြီးပြန်တော့ သားအတွက် အသုံးပြုသမျှ အနှီး တွေ လျှော်ရပြန်ပါလေရော။ ကိုယ့်စိတ်ထဲ ]ပေါက်လိုက်တဲ့ ရှု၊ ပါလိုက်တဲ့ အီး၊ လျှော်လိုက်ရတဲ့အနှီး}ရယ်လို့ ထင်မိပေမယ့် ဒီလို လျှော်ပေးနေရတာ ကိုက စိတ်ထဲမှာ ပျော်နေတာပါ။ သူများကို ပြောမိတာကိုက ဂုဏ်ယူ နေသလိုပါပဲ။ ကလေးဝေယျာဝစ္စဆောင်ရွက်ပေးလိုက်တိုင်း တစ်ချိန်က အဖေလဲ ကျွန်တော့်အပေါ် ဒီလိုပဲ ချစ်မှာပဲ၊ ဒီလိုပဲ ကြည်နူးမှာပဲ၊ အဖေတိုင်း၊ ဖခင်တိုင်းလဲ သားသမီးအပေါ် ချစ်ကြ၊ မြတ်နိုးကြမှာပဲရယ်လို့ အကြိမ် ကြိမ်တွေး၊ အကြိမ်ကြိမ်နားလည်လာခဲ့ပါတယ်။

အနှီးတွေလျှော်ရလွန်းလို့ လက်ပေါက်မတတ်ဖြစ်နေပေမယ့် ကိုယ့်သားအနှီးသူများလျှော်လို့ မပြောင်မှာ၊ မသန့်မရှင်းဖြစ်မှာစိုးတော့ ကိုယ်တိုင်ပဲ လျှော်မိနေပါတယ်။ သားအပေါ်ထားမိတဲ့ ချစ်စိတ်များလေ လေ၊ ကိုယ့်အပေါ်လည်း မိဘနှစ်ပါးကထားတဲ့ ချစ်မြတ်နိုးစိတ်အပေါ် စာနာမိ၊ သိရှိသဘောပေါက်ရလေလေဖြစ်လာပါတယ်။

ညဘက် သားအိပ်တဲ့အခါ အော်ငိုလိုက်ရင်၊ အသက်ရှုတာ မ၀သလိုဖြစ်ခဲ့ရင် ဘာဖြစ်တာလဲဆိုပြီး မအိပ်ဘဲ စောင့်ကြည့်နေမိပါတယ်။ ရက်ပိုင်းသာရှိသေးပေမယ့် ]အီးပါချင်ရင်အော်တဲ့အသံနဲ့မျက်နှာပုံစံ၊ ရှုပေါက်ရင် အော်တဲ့အသံနဲ့မျက်နှာဟန်၊ ဗိုက်ဆာလို့ အော်တဲ့အသံနဲ့ ပုံသဏ္ဌာန်}တွေကို သေချာမှတ်သားပြီး ဘာဖြစ်တာလဲဆိုတာကို သိလာ ပါပြီ။ မိခင်၊ ဖခင်တွေအဖို့ကတော့ သား၊သမီးမျက်နှာ အရိပ်တစ်ကြည့် ကြည့် နေကြရတဲ့သဘောတရားကို အခုမှ နားလည်လာခဲ့ရပါတော့တယ်။

အရင်က သိမြင်ခဲ့ရတဲ့ မိဘမေတ္တာဆိုတာ လက်တွေ့၊ ကိုယ်တွေ့ သိမြင်လိုက်ရမှ နှိုင်းဆလို့မရတာကို ပိုမိုနားလည်လာပါတယ်။ မိဘ မေတ္တာ၊ မိဘစေတနာ၊ မိဘအကြင်နာ၊ မိဘကျေးဇူးကို ပိုပြီးနားလည် လာတဲ့အချိန်မှာ ကျွန်တော့်အနေနဲ့ အဝေးမှာ ရောက်နေပါတယ်။ ကျွန်တော့ မိဘများက အသက် ၇၅နှစ်ကိုယ်စီရှိပြီဆိုတော့ မိဘများအနားမှာ ကျေးဇူးဆပ် ခြေဆုတ်လက်နယ်နေချင်ပေမယ့် လောလောဆယ်ဆယ်တော့ နေခွင့်မရသေးပါဘူး။

မိဘအနီးအနားမှာရှိနေကြတဲ့သူများအတွက် မိဘတို့ရဲ့ မေတ္တာ နဲ့ကျေးဇူးတရားကို အခုနားလည်သိရှိတာထက် အဆပေါင်းများစွာ ပိုမို သိရှိဖို့လိုတယ်ဆိုတာ ကိုယ်တွေ့ကြုံလို့ ယုံခဲ့ရတာပါ။ မိဘအဖြစ် ကိုယ်တိုင်ကြုံတွေ့ခဲ့ရမှ သားသမီးအပေါ်ချစ်စိတ်၊ မိဘတို့ရဲ့ သားသမီး အပေါ်ထားတဲ့မေတ္တာတရားကို ပိုမိုနားလည်သဘောပေါက်စေခဲ့ပါတယ်။ အရင်သိခဲ့သမျှ၊ နားလည်ခဲ့ရသမျှဟာ အပေါ်ယံသာဖြစ်တယ်လို့ ယုံကြည် လက်ခံခဲ့ရပါတယ်။ ဒါကြောင့် မိဘရဲ့ ဂုဏ်ကျေးဇူးကို တန်ဖိုးဖြတ်၊ အနှိုင်းခံများမပြုဘဲ မိဘကို ပြုစုလုပ်ကျွေးခွင့်ရစဉ်မှာ ပြုစုလုပ်ကျွေးဖို့ လိုအပ်လှပါတယ်။

ကိုယ်က ငွေကြေးရှာဖွေပြီး မိဘကိုကျေးဇူးဆပ်မှ ကျေးဇူး ဆပ်တာမဟုတ်ပါဘူး။ မိဘနှစ်ပါး စိတ်ချမ်းသာမှုရရှိအောင် ကြိုးစား နေထိုင်ခြင်းကပင် မိဘနှစ်ပါးကို ကျေးဇူးဆပ်ပြီးသားဖြစ်နေပါတယ်။ မိဘဆိုတာ သားသမီးများကောင်းမွန်စွာနေထိုင်ပြီး သားသမီးတို့ဘ၀ ကောင်းစားရင် ကျေနပ်နေကြရတာပါ။ သားသမီးတို့ဆီက ငွေကြေး၊ ဥစ္စာဓနကို မမျှော်မှန်းပေမယ့် သားသမီးတို့ရဲ့ မေတ္တာနဲ့ သားသမီးတို့ရဲ့ သိတတ်နားလည်မှု၊ လိမ္မာယဉ်ကျေးမှုက မိဘတို့ရဲ့ မျှော်လင့်ချက်တစ်ခု ပါပဲ။

ကျောင်းတက်နေတဲ့သူများကလည်း မိမိတို့ ကျက်မှတ်ရမယ့် ကျောင်းစာ၊ လေ့လာရမယ့် ပညာရပ်များကို တာဝန်သိသိနဲ့ လေ့လာ ကျက်မှတ်သင်ယူနေမယ်ဆိုရင်ပဲ မိဘကျေးဇူးဆပ်နေတာပဲဖြစ်ပါတယ်။ မိဘစကားနားထောင်မယ်၊ မိဘစိတ်မဆင်းရဲစေဘူး ဆိုတာနဲ့ပဲ မိဘ ကျေးဇူးကို ဆပ်ရာရောက်နေမှာ အမှန်ပါပဲ။ မိဘဆိုတာ သားသမီးတို့ တော်တာ မြင်ချင်ကြပါတယ်။ လိမ္မာတာမြင်ချင်ကြပါတယ်။ သားသမီး တို့အကြောင်း အကောင်းသာပြောချင်ကြပါတယ်။ အဲလို မိဘတို့ရဲ့ စိတ်ဆန္ဒပြည့်ဝသလို မိမိလည်း လိမ္မာယဉ်ကျေးပြီး အဘက်ဘက်က တော်သော၊ ကောင်းသော လူငယ်များဖြစ်လာမှာဖြစ်ပါတယ်။

မိဘကျေးဇူး၊ အမေ့ကျေးဇူး၊ အဖေ့ကျေးဇူး၊ မေတ္တာတရား တွေဟာ ရေးသားဖော်ပြခဲ့ကြတာအများကြီးပါပဲ။ ရုပ်ရှင်၊ ဗီဒီယို၊ ဇာတ် သဘင်၊ ဂီတ၊ ၀တ္ထု၊ ဆောင်းပါး၊ ကဗျာ၊ ကာတွန်း စတဲ့ အနုပညာပုံရိပ် မျိုးစုံနဲ့ ဖော်ညွှန်းထားခဲ့ကြပါတယ်။ အားလုံးက ကြည့်ရှုခံစားခဲ့ကြပြီး သိသယောင်၊ နားလည်သယောင် ခံစားနေကြရတာပါပဲ။ ဒါကြောင့်လည်း အမေနေ့ ဟောပြောပွဲတွေမှာ လူတွေ စည်ကားလို့ နေကြပါတယ်။ ကျွန်တော်လည်း တစ်ချိန်က နားလည်လှပြီလို့ ထင်ထားသမျှ ကိုယ်တွေ့ ကြုံမှ အပေါ်ယံသာနားလည်တာဖြစ်ပြီး အတွင်းပိုင်းကျကျ၊ လေးလေး နက်နက် နားလည်ဖို့လိုအပ်နေတာ သိမြင်လိုက်ရပါတယ်။

ဒါကြောင့် မိဘကျေးဇူးဂုဏ်ရည်များကို မိမိသိမြင်ခံစားရတာ ထက် ပိုမိုတယ်၊ များပြားတယ်၊ ဆပ်လို့ မကုန်နိုင်အောင်ရှိတယ်ဆိုတာ ကိုယ်တွေ့ကြုံမှ ယုံခဲ့ရပါတယ်။ မိခင်တစ်ယောက်ရဲ့ သားသမီးပေါ်ထားတဲ့ မေတ္တာ၊ သားသမီးတစ်ဦး မွေးဖွားလာဖို့ ရက်ရှည်လများဝမ်းကြာတိုက် မှာ လွယ်ထားရတဲ့ဒုက္ခ၊ မီးဖွားရတဲ့ဝေဒနာ၊ မီးဖွားပြီးနောက်ပိုင်း သား သမီးကြီးပြင်းလာအောင် ကျွေးမွေးစောင့်ရှောက်ရတဲ့မိဘတို့ရဲ့ စေတနာ၊ မေတ္တာတွေကို အောင့်မေ့သတိရဖို့ လိုအပ်ပါတယ်။ မိဘတို့ရဲ့ ကျေးဇူး တရားကို သိရှိနားလည်ပြီးရင်တော့ ကျေးဇူးဆပ်ဖို့ လိုအပ်ပါတယ်။ မိဘကျေးဇူးကို အကောင်းဆုံးဆပ်တဲ့နည်းကတော့ မိဘကို စိတ်ချမ်းသာ အောင်၊ မိဘစိတ်ကျေနပ်အောင် ဘ၀တစ်လျှောက် နေထိုင်သွားတာသာ ဖြစ်ပါကြောင်း ကိုယ်တွေ့အဖြစ်နဲ့ တင်ပြလိုက်ရပါတယ်။

မိဘနှစ်ပါးနှင့် ကမ္ဘာပေါ်ရှိ မိဘများအား အစဉ်ရှိခိုးကန်တော့လျက် . . .

No comments:

Post a Comment