Showing posts with label ဘာသာရေး ဗဟုသုတ. Show all posts
Showing posts with label ဘာသာရေး ဗဟုသုတ. Show all posts

Saturday, June 5, 2010

မှတ်သားနာယူထိုက်သော ဩ၀ါဒများ

သာသနာတော် သန့်ရှင်းတည်တန့် ပျံ့ပွားရေးအတွက် ဘုရားရှင်ကိုယ်တော်တိုင်က ရှေ့ဆောင်လမ်းပြ လုပ်ခဲ့တာ ပိဋကတ်တော်တွေမှာ အထင်ရှားရှိတယ် အဲလိုပဲ သာသနာတော်ပျက်စီကြောင်းတရားတွေကိုလည်း ဘုရားရှင်ဟောကြားတော်မူခဲ့ပြီးသားပါ အဆိုးဆုံးက ဘုရားဟော မဟုတ်တာကို ဘုရားဟောလုပ်ခြင်းပါပဲ။

အဓမ္မ ကို ဓမ္မ လို့ဟောပြောရေးသားခြင်းမှန်သမျှဟာ သာသနာတော်ကို လုံးဝဖျက်ဆီးနေခြင်းပါပဲ ဒီတော့ အဓမ္မ၀ါဒတွေကို တားဆီးဖို့ ဘုရားအလိုတော်ကျ ကျင့်သုံးနေထိုင်ကြကုန်သော သံဃာတော် အရှင်မြတ်ကြီးတွေက ခေတ်အဆက်ဆက် အသက်နဲကဆက်ပြီး ဒီဘက် ခေတ်အထိ သယ်ဆောင်တော်မူလာခဲ့ကြတယ် ဒါပေမဲ့ သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက်ရဟန်တော်တွေတင်မက လူ ဥပါသကာ ဥပါသကီတွေမှာလည်းတာဝန်ရှိတယ်လို့ မြတ်စွာဘုရားရှင်က လမ်းညွန်မိန်ကြားတော်မူခဲ့ပြီးဖြစ်တာကို သိပြီးဖြစ်ပါလျှက် ဥပက္ခာပြုကိုယ်နဲ့မဆိုင်ဘေးထိုင်နေကြေးဆိုရင်တော့ ကျနော်တို့ဆီမှာ သာသနာတော်ကြာရှည် တည်နေဖို့ဆိုတာမလွယ်ဘူး ဒီတော့ရှေးဆရာတော်ကြီးတွေရဲ့ မှတ် သားလိုက်နာဖွယ် ဩ၀ါဒတော်တွေကို ကောက်နုတ်တင်ပြလိုက်ပါတယ်။

၁၃၄၂ ခု - နယုန်လပြည့် (28 – 5- 1980)

ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသဏ လှိုင်ဂူတော်ကြီး၌ အဘိဓဇမဟာ ရဋ္ဌဂုရုနှင့် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆပ်ကပ်ပူဇော်ပွဲ အခမ်းနားတွင် မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် အဘိဓဇမဟာ ရဋ္ဌဂရု ပဋ္ဌာန်းဆရာတော် ဘဒ္ဒန္တ ၀ိသုဒ္ဓါဘိဝံသ မိန့်ကြားတော်မူသည့် ဩသါဒကထာ ကောက်နတ်ချက်။

ယခုသမ္မုတိရ သံဃာအဖွဲကြီးက အဓိကလုပ်ငန်းကြီးသုံးရပ်ကို ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ် -

(၁) သာသနာတော်သန့်ရှင်းရေးလုပ်ငန်း။

(၂) သာသနာတော်တည့်တံ့ရေးလုပ်ငန်း

(၃) သသနာတော်ပြန့်ပွားရေး လုပ်ငန်း ပဲဖြစ်ပါတယ်။

ဟူ၍လုပ်ငန်းကြီးသုံးရပ်ဖြစ်ပါတယ်။
ထိုလုပ်ငန်းကြီးသုံးရပ်တွင် အရေးကြီးဆုံးလုပ်ငန်းကတော့ ပထမအချက် ဖြစ်တဲ့ သာသနာတော်သန့်ရှင်းရေးလုပ်ငန်းကြီးပဲ ဖြစ်ပါတယ် သာသနာတော်သန့်ရှင်းအောင် ဆောင်ရွက်ရာမှာတော့ -

(၁) သံဃာတု၊ သံဃာယောင်တွေ ကွယ်ပျောက်သွားအောင် နှင့်

(၂) တရားတု၊တရားယောင်တွေ ကွယ်ပျောက်သွားအောင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။

သံဃာတု၊သံဃာယောင်တွေကတော့၊ ခုသာသနာဝင်မှတ်တမ်းကို ပြုလုပ်ခြင်းအားဖြင့် ရာခိုင်နုံးအပြည့်လောက် ကွယ်ပျောက်သွားမှာသေချာ ပါတယ်။

မြတ်စွာဘုရားဟောကြားတော်မူတဲ့ တရားတာ် မဟုတ်ပါပဲလျှက် တရားတု တရားယောင်များကို ဟောကြားပြောဆိုနေတဲ့ပုဂ္ဂိုလ်တွေ၊ အဖွဲတွေချုပ်ပျောက်သွားအောင် သံဃာတော် အရှင်သူမြတ်တို့မှာ အလွန်ကြီးလေးသော တာဝန်ရှိပါတယ်။

သာသနာတော်ပျက်စီးခြင်း အကြောင်းထဲမှာ အဓမ္မကိုဓမ္မ၊ အ၀ိနယ ကို ၀ိနယ လို့ဟောပြောနေသာ ပုဂ္ဂိုလ်များရှိးခြင်းပင် ဖြစ်တယ်လို့ မြတ်စွာဘုရးရှင်က ဟောကြားခဲ့ပါတယ်။

ဒါကြောင့် သာသနာတော်သန့်ရှင်းရေးအတွက် -

(၁) သံဃာတု၊ သံယာယောင် များ မရှိအောင်နဲ့

(၂) တရားတု၊ တရားယောင်များ ဟောပြောနေကြခြင်း မရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါတယ်။

ဒုတိယအချက်ဖြစ်တဲ့ သာသနာတော်တည့်တံ့အောင်ကတော့ ဆရာတော်များသည် ဂန္ထဓုရ သော်လည်းကောင်း ၊ ၀ိပဿနာဓုရ သော်လည်းကောင်း ဖြည့်ကျင့် အားထုတ်ရမှာဖြစ်ပါတယ်ဘုရား။

တတိယအချက်ဖြစ်တဲ့ သာသနာတော်ပြန့်ပွားအေင်ကတော့ ဒီဃနိကာယ်၊ပါထိက၀ဂ်၊ သိဂ်ါလောဝါဒ သုတ်မှာပါတဲ့ အတိုင်း အတိအကျဆောင်ရွက်ရန် ဖြစ်ပါတယ်ဘုရား။

သံဃာတော်များ ဆောင်ရွက်ရမည့် ၀တ္တရား (၆) ပါးထဲမှာ တရာတော်များကို ဒါယကာ၊ဒါယိကာမ များအား ဟောကြားညွန်ပြရမှာဖြစ်ပါတယ်ဘုရား။

ယခုအခါ ရှေးရိုးကြီးအတိုင်း မိမိထံပူဇော်လာတဲ့ လူတွေကိုသာ တရားဟောနေရုံမျှနှင့် မပြီးပါ တရာတော်ကို အိမ်တိုင်း အိမ်တိုင်း အရောက်ပို့မှ ဖြစ်ပါလိမ့်မယ်။ သို့မှသာမြတ်စွာဘုရားဟောကြားတဲ့ တရားစစ် တရားမှန်ကို သိနားလည်ကြမှာဖြစ်ပါတယ်။ ယခုအခါ မိရိုဖလာ ဗုဒ္ဓဘာသာဝင်များပင်လျှင် ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃဂုဏ်တော် များလောက်ကိုမှ မသိသူတွေအလွန်ပေါများနေပါတယ်၊ အဲဒီတော့ အခြေခံကစပြီး အဆင့် ဆင့်နားလည်အောင် အိမ်ပေါက်စေ့ ဟောကြားရန်အချိန် ရောက်နေပါပြီလို့ လျှောက်ထားလိုပါတယ်ဘုရား။


ဒါဟာ မှတ်သားလောက်တဲ့ ဆရာတော်ကြီးရဲ့ ဩ၀ါဒတော်ထဲက ကောက်နတ်ချက်အချို့ ဖြစ်ပါတယ် ဒီမှာ ကျနော်တို့ဘာလုပ်ရမယ်ဆိုတာကို ပြောပြီးသား မိန့်တော်မူပြီးသားပါ၊ ကျနော်တို့ လူတွေဘက်က အတော်ခက်တယ် နာမယ်ကြီးပီးရော ဆိုပြီး နာမယ်ကြီးတဲ့သူတွေနောက် တကောက်ကောက်လိုက်ပြီးနေတယ်။တရားနာကြပြီတဲ့ မှားလားမှန်လား သေချာမသိ ၊သိအောင်လည်းမကြိုးစား အဲလိုဖြစ်နေတယ်၊ မသိရင်တကယ်တတ်တဲ့ဆရာတော်ကြီးတွေဆီ မေးပါမြန်းပါနာယူပါ၊တရားနာလာတဲ့ ဒကာကို
နှင်ထုတ်တဲ့ ဆရာတော် ဗမာပြည်မှာမရှိပါ တခြား ဘယ်နေရာမှ လည်း ရှိမှာ မဟုတ်ပါ၊ဒါပေမဲ့တရားအကြောင်း သာသနာတော်အကြောင်း မဟုတ်ပဲတခြားအကြောင်း ဆိုရင်တော့ အချိန်ကုန်ခံပြီးနားမထောင်သော ဆရာတော်ကြီးများ ကို ဖူးတွေ့ခဲ့ ဘူး ပါတယ်။

ဒါ လည်း ပဋိပတ်အလုပ်ဖင့်မှာစိုးလို့ပါ တရားအကြောင်းသာမေး နားမလည်တဲ့ဟာသာမေး ဘုရားအလိုတော်ကျ ဘာလဲဆိုတာ ဖြန်းဖြန်းကွဲ ဖြေကြပါလိမ့်မယ်။ ကျနော်တို့လူတွေဖက်က အားနည်းချက်က အဆန်းကြိုက်တာပါပဲ ၊တရားဆိုမဆန်းနဲ့တဲ့ဗျာ၊ လောဘကင်းကြောင်း ဒေါသကင်းကြောင်း မောဟကင်းကြောင်း ဖြစ်တဲ့ ဘုရားရဲ့တရားတော်ကို လောဘနဲ့စတင်ချည်းကပ်မိမှတော့ …နောက်ဆက်တွဲက.. ဘာတွေဖြစ်လာမလဲလေ….။


မှတ်ချက် ။ ။ ဆရာတော်ကြီး၏ ဩ၀ါဒတော် အပြည့်စုံကို နာကြားဖတ်ရှုလိုသူများ ဆရာကြီးဓမ္မဃောသက ဦးမောင်မောင်၏ သံဃာအားဘုရားယုံခဲ့ သည် ကျမ်းစာဒုတိယတွဲ တွင်ဖတ်ရှုနိုင်ပါသည်ခင်ဗျား။

လေးစားစွာဖြင့် ဥပသကာ

ငြိမ်းချမ်းကြပါစေ။

ရှိခိုးပူဇော်ခြင်းနှင့် ဗုဒ္ဓဘာသာ

အရာရာတိုင်းတွင် အသွင်သဏ္ဌာန်နှင့် အနှစ်သာရဟူ၍ ရှိကြသည် ။ အသွင်သဏ္ဌာန်သည် အနှစ်သာရကို ပုံဖော်ဆောင်ကြဉ်း ပေးရသလို ၊ အနှစ်သာရသည် အသွင်သဏ္ဌာန်တည်ရှိမှုအား အဓိပ္ပါယ် ပြည့်ဝစေပေသည် ။ ထို့ကြောင့် တစ်စုံတစ်ရာကို အကဲခတ်တန်းဖိုး ဖြတ်မည် ဆိုပါလျှင် အသွင်သဏ္ဌာန်ရော အနှစ်သာရကိုပါ ခြုံငုံမိရန် အရေးကြီးလှပေသည် ။ လူသားတို့၏ ဘ၀တစ်ခုလုံးနှင့် သက်ဆိုင်သော ယုံကြည်ကိုးကွယ်မှု တို့အား လေ့လာဆန်းစစ်မှုပြုရာတွင်လည်း အသွင်သဏ္ဌာန်မျှကိုသာ ကြည့်ပြီး အနှစ်သာရ၏ တန်ဖိုးကို အကဲဖြတ်၍ မရနိုင်သည်ကို လူသားတိုင်း အလေးဂရုပြုအပ်ပေသည် ။ ဗုဒ္ဓဘာသာသည် ကမ္ဘာ့လူသားထု တစ်ရပ်လုံး ကိုးကွယ်အားထားရာ ဘာသာကြီး လေးခုအနက်မှ တစ်ခုအပါအ၀င် ဖြစ်သည့်အလျောက် သုတေသီတို့က ဘက်စုံထောင်စုံမှ လေ့လာစူးစမ်းမှုများပြုလုပ်ခဲ့ကြရာ အချို့ မှာအပေါ်ယံ အသွင်သဏ္ဌာန်မျှကိုသာကြည့်ပြီး ဗုဒ္ဓဘာသာ၏ တန်ဖိုးကို အကဲဖြတ်ကြ ၊ စာအုပ်စာတမ်းများ ရေးသားပြုစု ကြသည်များလည်း ရှိသည် ။ ထိုသို့အကဲဖြတ်သူများထဲတွင် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို သိနားလည်ခြင်းမရှိသူအချို့ က ဗုဒ္ဓဘာသာဝင်တို့၏ ဗုဒ္ဓဆင်းတုတော် ရှိခိုးပူဇော်သည့် အလေ့အထကို ရုပ်ထုကိုးကွယ်မှု အဖြစ် အစဉ်တစိုက်ဝေဖန် ရှုတ်ချခဲ့ကြသည် ။ ယင်းအလေ့အထသည် သူတို့ အမြင်တွင် အဓိပ္ပါယ်မဲ့ကောင်း မဲ့နေပေလိမ့်မည် ။ သို့ရာတွင် ဘာသာတရားအဆုံးအမနှင့်အညီ မြင့်မြတ်သော ဘ၀တစ်ခုအားမည်သို့ ဆောက်တည် ရမည်ကို သင်ကြားပြသပေးခဲ့သည့် ဆရာသခင်ကျေးဇူးရှင် တစ်ဦးအား အရိုအသေပေး ဂါရ၀ပြုခြင်း၏ ထူးခြားချက်ကိုကား သိနားလည်ခြင်း မရှိကြချေ ။ ဗုဒ္ဓဆင်းတုတော်တို့အား ရှိခိုးပူဇော်သည့် အလေ့အထသည် ဗုဒ္ဓ၏ သစ္စာဥာဏ် ၊ ပါရမီ ၊ အသိပညာ ၊ ဂုဏ်ကျေးဇူး များနှင့် လူသားတို့ကောင်းကျိုးအတွက် မြင့်မြတ်သော စွန့်လွှတ်မှုတို့အား အသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်းပြသသည့် နည်းလမ်းတစ်ရပ်သာ ဖြစ်သည် ။ အဆိုပါ အကြောင်းတရားတို့အား သိနားလည်မှုမရှိသည့်အတွက် ဗုဒ္ဓရုပ်ပွားတော်များ ထုလုပ်ပူဇော်ခြင်းအပေါ် ဝေဖန်ပြောဆို ရေးသားကြခြင်း ဖြစ်သည် ။ ဗုဒ္ဓဘာသာဝင်တစ်ဦး အနေနှင့် ဗုဒ္ဓရုပ်ပွားတော် တစ်ဆူအားပူဇော်ဂါရ၀ပြုခြင်းသည် မဖြစ်မနေလုပ်ဆောင် ရမည့်ကိစ္စပေလောဟုပြန်လည် သုံးသပ်ကြည့်သင့်ပေသည် ။ ဆင်းတု ၊ ရုပ်ပွားတော်တို့သည် ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူရေးအတွက် မရှိမဖြစ်လိုအပ်ချက် မဟုတ်သော်လည်း ဗုဒ္ဓရုပ်ပွားတော်အား ပူဇော်ဂါရ၀ပြုခြင်းသည် အဓိပ္ပါယ်ရှိပြီး အကျိုးယုတ်စရာ မရှိသည့် ယုံကြည်ကိုးကွယ်မှုဆိုင်ရာ အလေ့အထတစ်ရပ်သာ ဖြစ်ပေသည် ။ မြင့်မြတ်စင်ကြယ်သော ဘာသာတရားတစ်ခုအား ဝေဖန်ရှုတ်ချရန်အလို့ငှာ အဘယ့်ကြောင့် ဤကိစ္စကို ရှေ့တန်းတင် အသုံးချနေကြသည်ဆိုခြင်းကို ဗုဒ္ဓဘာသာဝင်များအဖို့ နားလည်ရန်ခက်ခဲလှပေသည် ။ ဗုဒ္ဓဘာသာဝင်တို့က ရုပ်ပွားတော်တစ်ဆူဖြင့် ကိုယ်စားပြုထားသည့် သူတို့၏ ဆရာသခင်အားပူဇော်ဂါရ၀ပြုခြင်းသည် လူ့ဘောင် အဖွဲ့အစည်း၏ ကိုယ့်ကျင့်တရား ဆိုင်ရာမူဝါဒ တစ်စုံတစ်ရာနှင့် တစ်ပါးသူတို့၏ လွတ်လပ်ငြိမ်းချမ်း ပျော်ရွှင်မှုအား ထိပါးချိုးဖောက်ရာရောက်နေပါသလော ။ အကယ်စစ်စစ် ဗုဒ္ဓမြတ်စွာသည် ပကာသနလွှမ်းသော ဘာသာရေးအခမ်းအနားများကျင်းပရန် မည်သည့်အခါကမျှအဆိုမပြုခဲ့ပဲ ဓမ္မကိုဖြန်ဖြူးရန်နှင့် မှန်ကန်မြင့်မြတ်သောဘ၀တစ်ခုအား ဆောက်တည်ရေး လမ်းစဉ်တို့ကို ညွှန်ပြရန်သာ အာရုံစိုက်ခဲ့ပေသည် ။ ဗုဒ္ဓမြတ်စွာသက်တော်ထင်ရှား ရှိစဉ်အခါက ဗုဒ္ဓ၏နောက်လိုက် သံဃာတော်များအား ဗုဒ္ဓ ကိုယ်စား ရုပ်ပွားဆင်းတုများထုလုပ်ကိုးကွယ် ကြရန်လည်းမည့်သည့် အခါကမျှ တိုက်တွန်းမှုမပြုခဲ့ပေ ။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြုပြီးနောက် အနည်းဆုံး ရာစုသုံးစုခန့်ကြာမှ ဗုဒ္ဓ၏နောက်လိုက် သံဃာတော်များက အရိုအသေပြုစရာ အထိမ်းအမှတ်အဖြစ် ဗုဒ္ဓကိုယ်စား ရုပ်ပွားတော်များ ထုလုပ်ခဲ့ကြခြင်း ဖြစ်ပေသည် ။ ရုပ်ပွားတော်များက ဗုဒ္ဓ၏ ပြီးပြည့်စုံသော ဖြူစင်မှု ၊ ဂရုဏာတရား ၊ ပညာဥာဏ် နှင့် လူယဉ်ကျေးတို့ အလေးထားပူဇော်ခြင်းကို ခံယူထိုက်သော မြင့်မြတ်သည့် အရည်အသွေးများအား ကိုယ်စားပြုလျက်ရှိသည် ။ မည်သို့ပင်ဆိုစေ ဗုဒ္ဓရုပ်ပွားတော်တို့သည် ကမ္ဘာ့အနုပညာရှင်တို့ စွမ်းဆောင်ခဲ့သည့် အလှပဆုံး ၊ အကောင်းမွန်ဆုံး လက်ရာတို့အနက် တစ်ခုလည်းဖြစ်ပေသည် ။ ဗုဒ္ဓဘာသာဝင် မဟုတ်စေကာမူ ဘာသာရေးအစွဲအလမ်း မကြိးသူတစ်ချို့မှာမူ ဗုဒ္ဓရုပ်ပွားတော်တို့က ကြည်ညိုသူ၏ စိတ်ဘ၀င်တွင် နက်ရှိုင်းသောတည်ငြိမ်အေးချမ်းမှုကို ဖန်တီးပေးနိုင်စွမ်းရှိကြောင်း သိရှိကြသည် ။ သို့ဖြစ်ရာ သူတို့၏ နေအိမ် ၊ ရုံးခန်းစသည်တို့တွင် ဗုဒ္ဓရုပ်ပွားတော်များကို အမြတ်တနိုးထားလေ့ရှိကြသည် ။ ထိုသို့လူ့စိတ်အာရုံကို ငြိမ်းချမ်းမှု ပေးစွမ်းနို်င်သည့် ရုပ်ပွားတော်များအား မိမိတို့ အနီးဝန်းကျင်တွင် ထားရှိဖူးမြှော် အာရုံပြုခြင်းသည် ကျန်းမာရေးအတွက်လည်း တန်ဖိုးရှိသော လုပ်ရပ်တစ်ခုပင် ဖြစ်သည် ။ အခြားတစ်ဖက်တွင်ကား အမည်ခံ ဗုဒ္ဓဘာသာဝင်အချို့သည် ဗုဒ္ဓရုပ်ပွားတော် ထုလုပ်ကိုးကွယ်မှုအား ဗုဒ္ဓ၀ါဒ၏ အရေးကြိးဆုံး အနှစ်သာရ အဖြစ် သဘောထားကာ သူတို့၏ ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုအားလုံးကို ဤကြည်ညိုကိုင်းရှိုင်းမှုဆိုင်ရာ အသွင် သဏ္ဌာန်၌သာ အဓိကဗဟိုပြု အားထားနေကြသည်ကိုလည်း တွေ့ရပေသည် ။ ထိုသူတို့ကိုမူ ရုပ်တုဆင်းတု ကိုးကွယ်သူများမဟုတ်ပါဟု ငြင်းဆို ပြောကြားရန်ခက်လှပေသည် ။ ထိုသူတို့သည် ဒဏ္ဏာရီဆန်သော ယုံကြည်မှုများကို အသိတရားကင်းမဲ့စွာ တီထွင်ခဲ့ကြသည် ။ ဗုဒ္ဓမြတ်စွာ၏ မျက်နှာတော်အသွင်အပြင် ၊ လက်ဟန်ခြေဟန် ၊ မျက်လုံးနှင့် ဦးဆောင်းတော်တို့ကို ပုံစံအမျိုးမျိုးဖြင့် ထုလုပ်ကြသည် ။ မဟာလူသားတည်းဟူသော မြတ်ဗုဒ္ဓဘုရားရှင်ကို ကောင်းကင်ဆန်စေခဲ့သည် ။ တန်ခိုးရှင် ၊ ဖန်ဆင်းရှင်နတ်ဘုရားအသွင် သို့ပြောင်းစေခဲ့ကြသည် ။ ယင်းရုပ်ပွားတော်များထံတွင် ဆုတောင်း ပတ္တနာပြုခြင်းဖြင့် သူတို့၏ လောကီရေးရာ လိုအပ်ချက်များ ပြည့်ဝလာလိမ့်မည်ဟု စိတ်ကူးယဉ်နေကြသည် ။ ထိုရုပ်ပွားတော်များသည် ယင်းတို့ကိုတီထွင် ထုလုပ်ကိုးကွယ် သူတို့၏ အသိဥာဏ်ခေါင်းပါးမှု နှင့် ကစဉ့်ကလျား ဖြစ်နေသည့် စိတ်နေသဘောထားတို့၏ ရောင်ပြန်ဟပ်မှုမျှသာဖြစ်ပေသည် ။ ယခုအချိန်အခါသည် ဓမ္မအစစ်အမှန်ကိုအလေးအနက်ထား အာရုံပြုလျက် အဆိုပါရုပ်ပွားတော်များအပေါ် အစွဲအလမ်းကြီးမှုများကို လျှော့ချရမည့်ကာလ ဖြစ်ပေသည် ။ ကိုးကွယ်ယုံကြည်သူတို့၏ စုဝေး၀တ်ပြုရာ ဗဟိုချက်မအဖြစ် ဗုဒ္ဓရုပ်ပွားတော်များအား ထိန်းသိမ်းသွားရပေမည် ။ ယင်းသို့ပြုနို်င်မည်ဆိုလျှင် ဗုဒ္ဓ၀ါဒ၏ ကောင်းမြတ်သော ဂုဏ်သတင်းကို ဆက်လက်ထိန်းသိမ်းသွားနိုင်ပေလိမ့်မည် ။ ကျွန်ုပ်တို့သည် မိမိတို့၏ရိုးရာ ယဉ်ကျေးမှု အစဉ်အလာကိုထိန်းသိမ်းရင်း ဗုဒ္ဓ၀ါဒအား ခံယူကျင့်သုံးသွားနိုင်ပါသည် ။ သို့သော်မိမိတို့၏ မိရိုးဖလာ ဓလေ့ထုံးတမ်းများကို ဗုဒ္ဓ၀ါဒ အတွင်းသွပ်သွင်းခြင်းဖြင့် အရိုးကို အရွက်ဖုံးစေရန်ကား မပြုအပ်ပေ ။ အဘယ့်ကြောင့်ဆိုသော မိရိုးဖလာဗုဒ္ဓဘာသာဝင်များက သူတို့၏လူမျိုးဓလေ့ထုံးတမ်းနှင့် သက်ဆိုင်သော ပွဲလမ်းသဘင်အခမ်းအနားများအား သားစဉ်မြေးဆက် ခံယူကျင်းပကြသည်ကို ဘာသာခြားတို့က ဗုဒ္ဓ၀ါဒ၏ လမ်းညွှန်မှုအရ ပြုလုပ်နေသည်ဟု လွဲမှားစွာမှတ်ယူတတ်ကြသော ကြောင့်ဖြစ်သည် ။ ဘာသာရေးအယူသီးသည့် အစွန်းရောက်ဘာသာခြားအဖွဲ့အစည်း အချို့ကလည်း ဗုဒ္ဓဘာသာဝင် ပညာမဲ့တို့အား သူတို့၏ဂိုဏ်းဂဏအတွင်းသို့ ကူးပြောင်းဝင်ရောက်လာစေရန် ရည်ရွယ်ကာ ပရိယာယ်ဆင်လျက်ဗုဒ္ဓ၀ါဒအား သရော်လှောင်ပြောင် ဝေဖန်ရှုတ်ချမှုပြုရာတွင် ယင်းအခြေအနေအား အသုံးချအမြတ်ထုတ်လေ့ရှိကြသည်ကို ကျွန်တော်တို့ သတိပြုအပ်သည်။ ထို့ကြောင့် အဆိုပါအခမ်းအနား ပွဲလမ်းသဘင်များကို ရိုးရာ ဓလေ့ထုံးစံ၏ တစ်စိတ်တစ်ဒေသ အဖြစ်ကျင်းပလိုသူများအနေဖြင့် ဗုဒ္ဓ၀ါဒ နှင့်ထွေးရောယှက်တင်မဖြစ်စေရန် ယင်းတို့ကိုဗုဒ္ဓဘာသာ ဘုရားကျောင်းကန်တို့၏ ပြင်ပတွင်သာကျင်းပသင့်သည် ။ ဗုဒ္ဓ၀ါဒကိုလူထုအကြား အထင်အမြင်လွဲမှားမှုနှင့် ထိပါးဖျက်ဆီးမှုကို ဖန်တီးနိုင်ရန် အခွင့်သာစေမည့် အဆိုပါအလေ့အထများအား ခွင့်မပြုမိရန် သတိကြီးစွာထားကြရမည် ။ ဒေသတစ်ခု လူမျိုးတစ်မျိုးတွင် ရှေးကာလကပင် အမြစ်တွယ်တည်ရှိခဲ့သော မိရိုးဖလာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတစ်ရပ်ကြောင့် ကိုးကွယ်ရာ ဘာသာတရားအပေါ် အထင်အမြင် လွဲမှားစေခြင်းသည် မိမိတို့ယုံကြည်ကိုးစားရာ ဘာသာတရား အဓွန့်ရှည်စွာ တည့်တံပြန့်ပွားရေးအတွက် ကြီးမားသော အန္တရာယ်တစ်ခုဖြစ်သည်ဆိုခြင်းကို ကျွန်တော်တို့ အလေးဂရုပြုသင့်ကြောင်းရေးသား တင်ပြလိုက်ရပါတော့သည် ။ ၀င်းသိန်းဦးရေးသားသည့် ကျွန်ုပ်တို့ အမှန်တကယ် ယဉ်ကျေးကြပြီလော နှင့် ဓမ္မစာစုများ ဆိုသည့်စာအုပ်မှ ကိုးကားရေးသားခြင်းဖြစ်သည် ။

ဗုဒ္ဓဟူသည်


သဗ္ဗညုတဗုဒ္ဓ၊ပစ္စေကဗုဒ္ဓ၊ အနုဗုဒ္ဓ ဟု ဗုဒ္ဓ သုံးမျိုးရှိ၏။အနုဗုဒ္ဓဟူသည် အဂ္ဂသာဝက၊
မဟာသာဝက၊ ပသတိသာဝကတို့ ကိုခေါ်သည်။တစ်နည်းအားဖြင့် သဗ္ဗညုဗုဒ္ဓ၊ပစ္စေကဗုဒ္ဓ၊
စတုသစ္စ ဗုဒ္ဓ၊သုတဗုဒ္ဓဟု ဗုဒ္ဓလေးမျိုးရှိ၏။ရဟန္တာ အရှင်မြတ်အားလုံးကို စတုသစ္စဗုဒ္ဓ ဟု ခေါ်သည်။ ပရိယတ္တိ၊ပဋိပတ္တိ ဗဟုသုတရှိသူ၊သုတမယဉာဏ်ဖြင့် သိထိုက်သော ခန္ဓာအစရှိသော တရားတို့ ကို သိသောသူကို သုတဗုဒ္ဓဟုခေါ်သည်။
ဗုဒ္ဓဟူသော ပါဠိ ဘုရား၊ ပညာရှိသုခမိန်၊အသိဉာဏ်ဟု အနက်သုံးမျိုးထွက်သည်။ ဘုရားရှင်သည် သစ္စာလေးပါးတရားတို့ ကို ကိုယ်တော်တိုင်သိတော်မူသောကြောင့် ဗုဒ္ဓဟု အမည်တွင်သည်။ တနည်း ဝေနေယသတ္တဝါတို့ ကို သစ္စာလေးပါးသိမြင်အောင် ဟောပြောပြသတော်မူသောကြောင့် ဗုဒ္ဓဟု အမည်ရသည်။ တနည်း တစ်ကြောင်းတည်းသော နိဗ္ဗာန်ခရီးသို့ ကြွသွားတော်မူတတ်သောကြောင့် ဗုဒ္ဓဟု အမည်ရသည်။ တနည်း အိပ်သောယောကျာ်း နိုးသောလားသို့  ကိလေသာတွေနှင့်အိပ်ပျော်နေရာမှ နိုးကြားလာသောကြောင့်ဗုဒ္ဓအမည်ရတော်မူသည်။တစ်နည်းဝဋ်မြစ်နှစ်ပါးကိုထုတ်ဆောင်နှုတ်ပယ်တတ်သောကြောင့် ဗုဒ္ဓအမည်ရတော်မူသည်။
တစ်နည်း ပစ္စုပ္ပန်ကောင်းကျိုး၊တမလွန်ကောင်းကျိုး နှစ်မျိုးလုံးကို ထတ်ဆောင်ဖော်ပြတော်မူ သောကြောင့် ဗုဒ္ဓအမည်ရတော်မူသည်။

ဗုဒ္ဓဘာသာဟူသည်
ဗုဒ္ဓက ဘုရား၊ ဘာသာက စကား၊ ဗုဒ္ဓဘာသာဟူသည် မုချအားဖြင့် ဘုရားစကားတော်ဖြစ်သည်။ ဘုရားစကားတော်က ပိဋကတ်သုံးပုံ၊ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင် ဖြစ်သည်။တစ်နည်း ဘုရားစကားတော်က မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စိတ်ကိုဖြူအောင်ထား ဟူသောသုံးခွန်းသာ ဖြစ်သည်။ ထိုဘုရားစကားတော်တို့ ကို ယုံကြည်လေးစား၊လိုက်နာကျင့်ဆောင်သောဗုဒ္ဓဘာသာဝင်တို့ ကို ဗုဒ္ဓဘာသာဟုခေါ်ကြသည်။

ဗုဒ္ဓဘာသာနှစ်မျိုး(ထေရဝါဒ၊ မဟာယာန)
ဗုဒ္ဓဘာသာသည် အကြမ်းဖျင်းအားဖြင့် နှစ်မျိုးရှိသည်။ ထေရဝါဒ နှင့် မဟာယာနဟူ၍
ဖြစ်သည်။ ထေရဝါဒက ဘုရားဟောပိဋကတ်ကို မွမ်းမံပြင်ဆင်မှု့ မရှိဘဲ လိုတိုးပိုလျှော့ မလုပ်ဘဲ
ဘုရားဟောမူရင်းအတိုင်း ထိန်းသိမ်းစောင့်ရှောက်လက်ခံကျင့်သုံးသည်။ မဟာယာနက ဘုရား
ဟောပိဋကတ်ကို ခောတ်အခါနှင့်လျော်ညီအောင်သူ့ အရပ်နှင့် သူ့ ဇာတ် လိုက်ဖက်အောင် ပြင်
ဆင်ဖြည့်စွက် လိုတိုးပိုလျှော့လုပ်ကာ ကျင့်သုံးသည်။ ထေရဝါဒပိဋကတ်ကဘုရားဟောမူရင်း
အော်ရီဂျင်နယ်စစ်စစ်ဖြစ်သည်။ မဟာယနပိဋကတ်က ဖြတ်ညှပ်ဆက်လုပ်ထားသည်။
ထေရဝါဒက နိရောဓချုပ်ငြိမ်းရာကို ဦးတည်သည်။ မဟာယနက ဖြစ်ခြင်း၊ စည်ပင်တိုးပွားခြင်း
ကိုဦးတည်သည်။ ထေရဝါဒနိဗ္ဗာန်က အဝေဒ ယိတသုခ-ခံစားမှု့ မဲ့ချမ်းသာ ဖြစ်သည်။
မဟာယန၏နိဗ္ဗန်က ဝေဒယိတသုခ-ခံစားမှု့  ချမ်းသာဖြစ်သည်။

ထေရဝါဒဗုဒ္ဓဘာသာလေးမျိုး
မိမိတို့ ဗုဒ္ဓဘာသာကို ခွဲမည်ဆိုလျှင်လေးမျိုးခွဲနှိုင်သည်။ မူကြိုဗုဒ္ဓဘာသာ၊မူလတန်း
ဗုဒ္ဓဘာသာ၊အလယ်တန်းဗုဒ္ဓဘာသာနှင့် အထက်တန်းဗုဒ္ဓဘာသာဟူ၍ ဖြစ်ည်။
မူကြိုဗုဒ္ဓဘာသာ
မိရိုးဖလာဗုဒ္ဓဘာသာ၊ သဒ္ဓါဗုဒ္ဓဘာသာ၊ယုံကြည်မှု့ ကိုကွယ်မှု့ တွေရောနေသော အုတ်
အရောရော၊ကျောက်အရောရော ဗုဒ္ဓဘာသာဝင်များသည် မူကြိုဗုဒ္ဓဘာသာများ ဖြစ်သည်။
ဂါထာတွေ၊ မန္တာန်တွေ၊ ယတြာတွေ၊ ဓာတ်တွေ၊ နတ်တွေ၊ ဘိုးတော်မယ်တော်တွေ၊ ရောနှောနေ
သော ဗုဒ္ဓဘာသာသည် မူကြိုဗုဒ္ဓဘာသာ ဖြစ်သည်။ မူကြိုဗုဒ္ဓဘာသာသည် လေယူရာယိမ်းတတ်သည်။သူတို့ အသိအမြင်ကမှုန်ဝါးဝါး၊ ဝေဝါးဝါးသညဖြစ်သည်။ အာဟာရချို့ တဲ့သောကလေးကဲ့သို့  ဗုဒ္ဓဘာသာအသိအမြင်အာဟာရချို့ တဲ့နေသူများဖြစ်ကြသည်။
မူလတန်းဗုဒ္ဓဘာသာ
မူလတန်းဗုဒ္ဓဘာသာသည် ကိုးကွယ်ရာသုံးမျိုး၊ ယုံကြည်ရာခြောက်မျိုး၊ အားကိုးရာ
လေးမျိုး၊ လုပ်ဆောင်စရာကျင့်ဝတ်သုံးမျိုး ရှိသည်။ကိုးကွယ်ရာသုံးမျိုးကား ဘုရား၊တရား၊ သံဃာ
ဖြစ်သည်။ဘုရားတရားသံဃာမှတပါး အခြားကိုးကွယ်လျှင် သရဏဂုံညှိုးနွမ်းသည်။သရဏဂုံညစ်နွမ်းသည်။ရတနာသုံးပါးထက် အခြားတဖက်ကို အားသာ
သွားလျှင် သရဏဂုံပျက်သည်။
မူလတန်းဗုဒ္ဓဘာသာတို့ ယုံကြည်ရမည့် ခြောက်မျိုးကား ဘုရား၊တရား၊သံဃာ၊ ကုသိုလ်ကံနှင့် အကုသိုလ်ကံ၊ ကုသိုလ်ကံ၏ကောင်းကျိုး၊အကုသိုလ်ကံ၏ဆိုးကျိုး၊ရှေ့ ဘဝ နောက်ဘဝ သံသရာဖြစ်သည်။ထိုခြောက်မျိုးမှတပါး မခြားယုံကြည်ဖွယ်ရာမရှိ၊ဗေဒင်လဲ သူ့ ဟာနဲ့ သူ မှန်ချင်မှန်မည်၊ယတြာလဲ သူ့ ဟာနှင့်သူ မှန်ချင်မှန်မည်။ ယုံချင်လျှင်ယုံလို့ ရပါသည်။
သို့ သော် ကံ ကံ၏အကျိုးနှင့်တော့ မရောလေနှင့်၊လောကီသားသည် လောကီကိစ္စနှင့် ကင်းနိုင်
မည်မဟုတ်၊လောကီသားသည်လောကီကိစ္စကိုအလေးထားသဖြင့် လောကီကိစ္စကိုသာ စိတ်ဝင်စားသည်။ ထို့ ကြောင့်လောကီကိစ္စတွေကို လုံးဝမပြစ်ပယ်လို။ သို့ သော်ဘာသာရေးနှင့်တော့ မရောလေနှင့်။ အထွတ်အမြတ်ကတော့ ရတနာသုံးပါးရှိသည်။ ရတနာသုံးပါးကိုတော့ ဘယ်အရာကမှကျော်လို့ မရ၊ ဘယ်သူမှကျော်လို့ မရ။
မူလတန်းဗုဒ္ဓဘာသာမှာ အားကိုးစရာလေးမျိုးရှိသည်။ ထိုလေးမျိုးက ကံ၊ ဉာဏ်၊ ဝီရိယ၊
ပယောဂတို့ ဖြစ်သည်။ ဘုရားဟောသည့် အတ္တာဟိ အတ္တာနော နာထော-မိမိသည်သာ
ကိုးကွယ်ရာဆိုတာ ဒါပဲဖြစ်သည်။ထိုလေးမျိုးသည်သာ မိမိ၏ အားကိုးရာအစစ်ဖြစ်သည်။
ကံကောင်းရမည်၊ဉာဏ်ကောင်းရမည်၊ဝီရိယကောင်းရမည်၊ ပယောဂဟူသည် မိမိ၏
လုပ်တတ်၊ကိုင်တတ်၊ပြောတတ်၊ဆိုတတ် ဆိုသည့်အရည်အချင်းဖြစ်သည်။ ခောတ်ပညာတွေ
တတ်ထားခြင်းသည် ပယောဂကောင်းဖို့ အထောက်အကူဖြစ်သည်။ ပညာအဆင့်မြင့်သလောက်
ပယောဂလည်း အဆင့်မြင့်သည်၊ဆိုက်ကားနင်း၊ကားမောင်း၊ဈေးရောင်းကစပြီး မိမိတတ်ကျွမ်း
သလောက် မိမိပယောဂကောင်းသည်။
ကံက အတိတ်ကံနှင့်လက်ရှိပစ္စုပ္ပန်ကံ နှစ်မျိုးရှိသည်။ ပစ္စုပ္ပန်ကံဆိုတာ အလုပ်ပင်ဖြစ်
သည်။ ပယောဂဆိုသည့် ပညာကောင်းကောင်းတတ်ထားလေ အလုပ်ကောင်းလေဖြစ်သည်။
အလုပ်ကောင်းလေကံကောင်းလေဖြစ်သည်။ အလုပ်ကလည်းကောင်းရမည်။ ကိုယ်လုပ်သည့်
အလုပ်ကိုလည်း အကောင်းဆုံးဖြစ်အောင် အကောင်းဆုံးစိတ်စေတနာနှင့်လုပ်ရမည်။ အကောင်း
ဆုံးအစွမ်းအစကို ထုတ်ဖော်အသုံးပြုလုပ်ကိုင်ရမည်။ အလုပ်ကံကိုထားလိုက်တော့၊ပစ္စုပ္ပန်ကို
တော့အကောင်းဆုံးဖြစ်အောင် လုပ်ရမည်။
ဉာဏ်ကောင်းဖို့ အတွက် ပညာဗဟုသုတလိုသည်။ပညာဗဟုသုတလေ့လာလိုက်စားရ
မည်။သိချင်စိတ်တတ်ချင်စိတ်ရှိရမည်။ သိအောင်တတ်အောင် ဆည်းပူးအားထုတ်ရမည်၊များများ
မေးရမည်၊ အမေးအမြန်းထူရမည်။ စာများများဖတ်ရမည်၊ စာဆိုလျှင်တွေ့ သမျှစာ အကုန်ဖတ်
သင့်သည်၊ ဉာဏ်ဆိုတာ တကယ်ဓမ္မသဘောဆောင်သည့် ဉာဏ်မဟုတ်၊ လောကီရေးရာ နှံ့ နှံ့ 
စပ်စပ် သိသော ဉာဏ်ကိုသာဆိုလိုသည်။ ခေတ်ပြောပြောရလျှင် ခေါင်းကောင်းရမည်၊ဦးနှောက်
ကောင်းရမည်။ ထို့ အတွက် စာပေဗဟုသုတ လေ့လာလိုက်စားရမည်။
မူလတန်းဗုဒ္ဓဘာသာမှာ ကျင့်စဉ်သုံးမျိုးသာရှိသည်။ ဒါနပြုရမည်၊ ဥပုသ်သီတင်းဆောက်
တည်ရမည်၊တရားဘာဝနာ အားထုတ်ရမည်။ ဒါနပြုတာကလောဘနည်းဖို့ ၊မေတ္တာအားကောင်း
ဖို့ ၊ ဥပုသ်သီတင်းဆောက်တည်တာက ဒေါသနည်းဖို့ ၊ကရုဏာအားကောင်းဖို့ ၊ ဘာဝနာအလုပ်
အားထုတ်တာက မောဟနည်းဖို့ ၊ပညာအားကောင်းဖို့ ၊ခြုံလိုက်လျှင်တော့ ဒါနသီလဘာဝနာ
သုံးခုလုံးက လောဘဒေါသမောဟတွေ နည်းပါးဖို့ ၊ခေါင်းပါးဖို့ ၊ကုန်ခမ်းဖို့ သာဖြစ်သည်။
ဒါနပြုပါရဲ ၊သီလစောင့်ပါရဲ့ ၊ဘာဝနာပွားပါရဲ့ ၊ထိုဒါနသီလဘာဝနာတွေက လောဘဒေါသ
မောဟ ပွားကြောင်းတွေဖြစ်နေလျှင် ထိုကျင့်စဉ်ကရောနေပြီ၊ ထိုကျင့်စဉ်ကရှုပ်နေပြီ၊ ဘာသာရေးမှိုင်းတိုက်တယ်ဆိုတာ ထိုကျင့်စဉ်တွေဖြစ်သည်။ ဘယ်ဘုရားဆုတောင်းပြည့်သည်၊ဘယ်ဘုရား အိမ်ပင့်လျှင် လာဘ်ပွင့်သည်၊ ဘယ်ဘုရား ဘယ်လိုအဓိဌာန်ဝင်လျှင် ဘာတွေ
အဆင်ပြေမည်၊ ဘယ်အဓိဌာန်ပုတီး ဘယ်လိုစိပ်လျှင် ဘာတွေကောင်းသည်၊ ထီပေါက်မည်၊
လာဘ်ဝင်မည်၊ ရာထူးတက်မည်၊ ဈေးရောင်းကောင်းမည်၊ အိမ်ရောင်းထွက်မည်၊ အကြွေးကြေ
မည်၊ အကြွေးပြန်တောင်းရမည်၊ စသည်ဖြင့်မက်လုံးတွေပါလာလျှင် ဘာသာရေးက လမ်းချော်
သွားပြီ၊ အုတ်ရောရော၊ကျောက်ရောရောဖြစ်သွားပြီ၊ ထိုတောင်ကို မကျော်နိုင်လျှင် မူကြိုကမတက်သေး။

အလယ်တန်းဗုဒ္ဓဘာသာ
မူလတန်းဗုဒ္ဓဘာသာက ကမ္မဿကတာသမ္မာဒိဋ္ဌိနှင့် ပြည့်စုံရသည်၊ ကံသာ
ကိုယ်ပိုင်ဥစ္စာဖြစ်သည်ဟု ကံကိုသာ အဓိကထားလက်ခံယုံကြည်ရသည်။ အလယ်တန်း
ဗုဒ္ဓဘာသာက ဝိပဿနာသမ္မာဒိဋ္ဌိနှင့်ပြည့်စုံရသည်။ တရားထိုင်ရမည်၊တရားမှတ်ရမည်၊
ရုပ်သဘော၊ နာမ်သဘော၊ အနိစ္စ ဒုက္ခ အနတ္တသဘောတို့ ကို သိမြင်နိုင်သောဉာဏ်ရရှိ
အောင် ပွားများအားထုတ်ရမည်။
အထက်တန်းဗုဒ္ဓဘာသာ
အထက်တန်းဗုဒ္ဓဘာသာဟူသည် မဂ္ဂသမ္မာဒိဋ္ဌိနှင့်ပြည့်စုံလို့  သစ္စာလေးပါးကို
သိမြင်သော အရိယာပုဂ္ဂိုလ်များဖြစ်ကြသည်။ ဝိပဿနာတရားကို ကြိုးစားအားထုတ်လို့ 
ဝိပဿနာဉာဏ်တွေ ပြည့်စုံသောအခါ မဂ်ဉာဏ်သို့ ကူးသွားသည်။မဂ်ဉာဏ်ကိုရသောအခါ
သစ္စာလေးပါးကိုမြင်တော့သည်။ ထိုအခါဗုဒ္ဓဘာသာပန်းတိုင်ကို ရောက်တော့သည်။

အောက်တန်းမူလဗုဒ္ဓဘာသာ၊
ကံကိုယ်ပိုင်ရှိ မြင်သိသေချာ၊
အလယ်ထင်လင်း မြင်ရှင်းလက္ခဏာ၊
အထက်တန်းလေးခန်း မြင်သစ္စာ။

အရှင်သံဝရာလင်္ကာရ
ဓမ္မပိယဆရာတော်

မြတ်ဗုဒ္ဓ၏ တရားဥိး



(The First Discourse of The Buddha)

တရားဦး ဓမ္မစက်မှာ အနှစ်သာရ (၃)ချက်ရှိပါတယ်။
၁။ ရှောင်ရှားရန် အစွန်းနှစ်ဘက်၊
၂။ လိုက်နာရန် အလယ်လမ်းနှင့်
၃။ ထိုးထွင်းသိမြင်ရာ သစ္စာ(၄) ပါးတို့ ဖြစ်ကြပါတယ်။

သစ္စာတရား လေးပါး ရှိပါတယ်။
ဒီသစ္စာတရား လေးပါးကို တကယ်တမ်း မသိကြလို့ မကျင့်နိုင်ကြလို့ သတ္တဝါတွေဟာ ဘဝအသစ် အသစ်တွေကို တွယ်တာပြီး သံသရာကြီးထဲမှာ တပင်တပန်း ပြေးလွှားကျင်လည်နေကြရရှာတယ်ဆို
တာ ဗုဒ္ဓက သိတော်မူတဲ့အတွက် ဗုဒ္ဓ ပထမဆုံး ဟောပြောပြသတဲ့ ဓမ္မစကြာတရားတော်မှာ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဆိုတဲ့ သစ္စာလေးပါးကို ထည့်သွင်း ညွှန်ပြထားခြင်း ဖြစ်ပါတယ်။

ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်) တရားကို မူတည်၍ ဟောကြားအပ်သော ဓမ္မစကြာတရားတော်ကား ဗုဒ္ဓကိုယ်တော်တိုင် ပထမဆုံး ဟောပြောပြသည့် တရားဓမ္မ ဖြစ်ပါတယ်။
ဆင်းရဲခြင်း၏ သဘောအဓိပ္ပာယ်ကို အခြေခံသိရှိအောင် ရှင်းပြပါမယ်။

ဣဒံ ခေါပန ဘိက္ခဝေ ဒုက္ခံ အရိယ သစ္စံ၊
ဇာတိပိဒုက္ခာ၊ ဇရာပိဒုက္ခာ၊
ဗျာဒိပိဒုက္ခော၊ မရဏမ္ပိဒုက္ခံ၊
အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊
ယမ္ပိစ္ဆံ နလဘတိ တမ္ပိဒုက္ခံ၊
သံ ခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။

(၁)
ဇာတိပိဒုက္ခာ

အမိဝမ်းတွင်း၌ သန္ဓေတည်နေရခြင်း၊ မွေးဖွားရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Birth is suffering.

(၂)
ဇရာပိဒုက္ခာ

အိုမင်း ရင့်ရော်ရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Aging
is suffering.

(၃)
ဗျာဓိပိဒုက္ခာ

နာရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Sickness
is suffering.

(၄)
မရဏမ္ပိဒုက္ခံ

သေခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Death
is suffering.
Sorrow and lamentation, pain, grief and despair are suffering.

(၅)
အပိယေဟိ သမ္ပယောဂေါ ဒုက္ခော

မချစ်မနှစ်သက်သောသူတို့နှင့် အတူတကွ ပေါင်းသင်းနေထိုင်ရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Association with the unpleasant
is suffering.

(၆)
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော

ချစ်သောသူတို့နှင့် ကွေကွင်းရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Dissociation from the pleasant
is suffering.

(၇)
ယမ္ပိစ္ဆံ နလမဘတိ တံပိ ဒုက္ခံ

လိုချင် တောင့်တအပ်သည်ကို မရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Not to get what one wants
is suffering.

ဒါဟာ ဗုဒ္ဓတရားရဲ့ မူလ အခြေခံအကြောင်းဖြစ်တဲ့ ဆင်းရဲခြင်း အမှန်တရား (ဒုက္ခသစ္စာ)ရဲ့ သဘောပါပဲ။

သစ္စာလေးပါးကို ရှင်းပြပါမယ်


(၁) ဒုက္ခသစ္စာ
The Noble True of suffering.

မွေးဖွားခြင်း ဆင်းရဲ၊ အိုရခြင်း ဆင်းရဲ၊ နာရခြင်း ဆင်းရဲ၊ သေရခြင်း ဆင်းရဲ၊ ဝမ်းနည်းရခြင်း၊ ပူပန်ရခြင်း၊ နာကြည်းရခြင်း၊ ကြေကွဲရခြင်း ဆင်းရဲနှင့် လိုချင် တောင့်တရာ မရ၍ ဆင်းရဲခြင်း ဆိုပြီး အချုပ်အားဖြင့် ဆင်းရဲခြင်း အကြောင်းတရား ငါးမျိုးကို ဒုက္ခသစ္စာလို့ ခေါ်ပါတယ်။

(၂) သမုဒယသစ္စာ
The Noble True of the origin of suffering.

ဆင်းရဲခြင်း၏ အကြောင်းဖြစ်တဲ့ တပ်မက်တွယ်တာမှု အမှန်တရား ဖြစ်တယ်။
ဒီတရားသဘောဟာ ဆင်းရဲခြင်းကို ဧကန် ဖြစ်စေတယ်လို့ ဗုဒ္ဓက ညွှန်ပြပါတယ်။
ဘဝအသစ်၌ တဖန် ဖြစ်ရန် တပ်မက်တွယ်တာခြင်း၊ တဏှာလောဘနှင့် ယှဉ်၍ ဖြစ်စေ၊ ရာဂနှင့် ယှဉ်၍ ဖြစ်စေ တပ်မက် တွယ်တာခြင်းမျိုးတွေဟာ သမုဒယသစ္စာ ဆိုတဲ့ အမှန်တရားတစ်ခုပဲ ဖြစ်တယ်။

(၃) နိရောဓသစ္စာ
The Noble True of the Cessation of suffering.

ဒုက္ခအပေါင်း၏ ချုပ်ငြိမ်းရာဖြစ်ကြောင်း သိအပ် မြင်အပ်တဲ့ အမှန်တရားကို ခေါ်ဆိုခြင်း ဖြစ်တယ်။
တဏှာလောဘကို ပယ်နိုင်ဖို့၊ စွန့်နိုင်ဖို့၊ ခွာနိုင်ဖို့၊ ဖြတ်တောက်နိုင်ဖို့ သိမြင် အားထုတ်အပ်တဲ့ အမှန်တရားလို့ ဆိုလိုပါတယ်။

(၄) မဂ္ဂသစ္စာ
The Noble True of the Path leading to the Cessation of suffering.

သည် မဂ္ဂသစ္စာ ဆိုတဲ့ အမှန်တရားကတော့ ဒုက္ခ၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကို ဆိုလိုပါတယ်။
တနည်းပြောရရင် ၃၁ ဘုံက ထွက်မြောက်ရာ လမ်းပါပဲ။
သည်ကျင့်စဉ်မှာ ပါရှိတဲ့ လမ်းရှစ်သွယ်ကတော့ -

Right view- ကောင်းစွာ သိမြင်ခြင်း၊
Right thought- ကောင်းစွာ ကြံစည်ခြင်း၊
Right speech- ကောင်းစွာ ပြောဆိုခြင်း၊
Right action ကောင်းစွာ ပြုမူနေထိုင်ခြင်း၊
Right livelihood ကောင်းစွာ အသက်မွေးခြင်း၊
Right effort- ကောင်းစွာ အားထုတ်ခြင်း၊
Right mindfulness- ကောင်းစွာ အောက်မေ့ခြင်း နှင့်
Right concentration- ကောင်းစွာ တည်ကြည်ခြင်းတို့ပဲ ဖြစ်ပါတယ်။
မဂ္ဂင်ရှစ်ပါးလို့လည်း ခေါ်ပါတယ်။

နောက်ဆုံး ပြောခဲ့တဲ့ မဂ္ဂင်ရှစ်ပါးကို အစု သုံးစု ခွဲလို့ ရပါတယ်။
ပညာ၊ သိက္ခာနဲ့ သမာဓိ ဆိုတဲ့ အစု သုံးစု ဖြစ်ပါတယ်။
ပထမအစုမှာ ပါတဲ့ လမ်းနှစ်သွယ်ကတော့ ကောင်းစွာ သိမြင်ခြင်း၊ ကောင်းစွာ ကြံစည်ခြင်းတို့ပဲ ဖြစ်ပါတယ်။
ဒုတိယအစုမှာ ပါတာကတော့ ကောင်းတာ ပြောဆိုခြင်း၊ ကောင်းစွာ ပြုလုပ်ခြင်း၊ ကောင်းစွာ အသက်မွေးခြင်းဆိုတဲ့ ကျင့်စဉ် သုံးမျိုး ဖြစ်ပါတယ်။
တတိယအစုမှာ ပါတာကတော့ ကောင်းစွာ အားထုတ်ခြင်း၊ ကောင်းစွာ အောက်မေ့ခြင်း၊ ကောင်းစွာ တည်ကြည်ခြင်း ဆိုတဲ့ စူးစိုက်ခြင်း သုံးမျိုးပဲ ဖြစ်ပါတယ်။

ဗုဒ္ဓက သည် မဂ္ဂင်ရှစ်ပါး ကျင့်စဉ် ရှစ်မျိုးကို အလယ်အလတ် ကျင့်စဉ်လို့ ညွှန်ပြခဲ့တယ်။
အလယ်အလတ် ကျင့်စဉ်လို့ ဆိုရတဲ့ အကြောင်းကတော့ သည်လမ်းစဉ်ဟာ အစွန်းနှစ်ဖက်ကို ရောက်အောင် မသွားဘဲ အစွန်းနှစ်ဖက်ကို ပယ်ဖို့ပါပဲ။
ဘယ်လို အစွန်းတွေပါလဲ။
အစွန်းတစ်ခုကတော့ လောကကြီးရဲ့ သာယာမှုတွေမှာ နစ်မြုပ်ပြီး သံသရာက လွတ်ရာလွတ်ကြောင်းကို မေ့လျော့နေခြင်း ဆိုတဲ့ အစွန်းတစ်ဖက်၊
တစ်ဖက် အစွန်းတစ်ခုကတော့ မိမိကိုယ်မိမိ အလွန်အကျူး ညှင်းပန်း နှိပ်စက်ပြီး လောကကြီးက စွန့်ခွာနိုင်ဖို့ ကြိုးစားနေတဲ့ အစွန်း ဖြစ်တယ်။

သည်နှစ်ပါးမှာ ပထမအစွန်းဟာ လောကအာရုံတွေကို အလွန်အကျူး ခင်တွယ်နေတဲ့အတွက် သည်လောကကြီးက မလွတ်မြောက်နိုင်ဘူး။
ကာမချမ်းသာကိုသာ အဖန်တလဲလဲ ခံစားခြင်းဖြစ်လို့ ဗုဒ္ဓက ငြင်းပယ်ပါတယ်။
ဒုတိယအစွန်းကတော့ မိမိကိုယ်၏ ပင်ပန်းခြင်းကို အဖန်တလဲလဲ ဖြစ်စေတတ်ပြီး သည်လောကကြီးက လွတ်မြောက်အောင် မဆောင်ရွက်နိုင်တဲ့အတွက် ဗုဒ္ဓက ပယ်ခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ဗုဒ္ဓက အထက်မှာ ပြောခဲ့တဲ့ မဂ္ဂင်ရှစ်ပါးကို အလယ်အလတ်ကျင့်စဉ်လို့ ညွှန်ပြခြင်း ဖြစ်ပါတယ်။
ဒုက္ခကို ချုပ်ငြိမ်းအောင် ပြုလုပ်တဲ့နည်းကို လက်တွေ့ဥပမာနဲ့ ပြောရရင်
အနာရောဂါတစ်ခုကို ပျောက်ကင်းအောင် ရောဂါရဲ့ အကြောင်းရင်းကို ရှာပြီး သည်ရောဂါနဲ့ ကိုက်ညီမယ့် ဆေးဝါးကို အသုံးပြု ကုသရတဲ့ ဥပမာပါပဲ။
ဒုက္ခဟာ ရောဂါဆိုပါတော့။ ရောဂါဖြစ်ရခြင်း အကြောင်းရင်းကို သိအောင် လုပ်ရသလို ဒုက္ခ ဖြစ်ရာဖြစ်ကြောင်း၊ တပ်မက်တွယ်တာမှုတွေကို တွေ့အောင် ရှာရပါတယ်။ သိအောင် မြင်အောင် လုပ်ရပါတယ်။
တွေ့ပြီဆိုတော့ အနာရောဂါတစ်ခုကို ပျောက်ကင်းနိုင်မယ့် ဆေးကို ရှာဖွေရသလို ဆေးနဲ့တူတဲ့ နည်းလမ်းကို ရှာရပါတယ်။
နောက်ဆုံး သည်ဆေးနဲ့ ပျောက်အောင် ကု ရသလို ဒုက္ခမှ လုံးလုံးလျားလျား လွတ်မြောက်အောင် သွားနိုင်တဲ့ အကျင့်ကို လက်တွေ့ ကျင့်ရပါတယ်။
သည်အကျင့်ကို အထက်က ပြောခဲ့တဲ့အတိုင်း အလယ်အလတ် အကျင့်လို့ ခေါ်ပြီး လမ်းရှစ်ပါး ပါဝင်ကြောင်း ညွှန်ပြခဲ့ခြင်း ဖြစ်ပါတယ်။

ဒီမျှဆိုရင် ဗုဒ္ဓဟာ သတ္တဝါများအပေါ် အဘယ်မျှလောက် ကရုဏာ ကြီးမားတော်မူတယ်ဆိုတာ ဓမ္မမိတ်ဆွေတို့ စဉ်းစားလို့ ရလောက်ပြီ ထင်ပါတယ်။
သည်ဘဝကနေပြီး အဖန်တလဲလဲ ဆင်းရဲကျင်လည်နေရမယ့် သံသရာမှ လွတ်မြောက်ရာ လမ်းကို ဗုဒ္ဓက ညွှန်ပြတော်မူခဲ့ပါတယ်။’

ဤသည့် ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂ ဟူသော ဓမ္မအနှစ်လေးခုတို့သည်
သမ္မာသမ္ဗုဒ္ဓရှင်တော်မှ လွဲလျှင်
မည်သည့်တန်ခိုးရှင်တို့မှ မည်သည့်ပညာရှိတို့မှ မဟောပြနိုင်၊ မတည်ထွင်နိုင်၊
မသိရှိနိုင်၊ ဖျက်ဆီး မပြစ်နိုင်၊ ပြောင်းပြန်မလှန်နိုင်အောင် ပကတိ တည်တည်ခန့်ခန့်
အစဉ်အမြဲသာ ပြောင်းလဲမရှိ မှန်၍ မှန်၍နေသောကြောင့် သစ္စာတရားတို့ဖြစ်ကြပါတယ်။
ဤသစ္စာတရားတို့၌
သိခြင်း၊
ပယ်ခြင်း၊
ဆိုဒ်ရောက်ခြင်း၊
ကျင့်သုံခြင်း ဟူသည့် ကိစ္စ (၄)ရပ်တို့ကို အရိယာတို့သာ ပြုလုပ်နိုင်စွမ်းရှိသောကြောင့်
(သို့မဟုတ်) ဤကိစ္စ (၄)ရပ်တို့ကို တကယ်ဆောင်ရွက်နိုင်လျှင် အရိယာစစ်စစ် ဧကန်ပင်
ဖြစ်လေတော့သည် ဖြစ်ခြင်းကြောင့် အရိယာသစ္စာ လို့ခေါ်ပါတယ်။

တရားချစ်ခင် သူတော်စင် အပေါင်းတို့
ဤအရိယသစ္စာလေးပါးတို့၌ အရှိအတိုင်း၊ အမှန်အတိုင်း၊ သန့်ရှင်းကြည်လင်သော
ဥာဏဒဿန ကို မရသေးသမျှကာလပတ်လုံး သိဒ္ဓတ္ထဂေါတမသည်
လူ နတ် ဗြဟ္မာ သတ္တ၀ါလောက အတွင်း၌ သမ္မာသမ္ဗုဒ္ဓ ဟု ၀န်မခံခဲ့သေးပါ။
ဗုဒ္ဓမပွင့်မီ နှစ်တစ်ထောင်ခန့်ကာလက ဗုဒ္ဓကောလာဟလ ၏ နောက်မှာရောလိုက်၍
ဗုဒ္ဓအမည်ခံကြတဲ့ ဂိုဏ်းဆရာကြိးများသည် အရိယသစ္စာတို့ကို
သိလည်းမသိ၊ အရိယမဂ် လမ်းစဉ်ကို ကျင့်လည်း မကျင့်ကြပါပဲ
ဘုရားအမည်ကို ကြေညာခံယူကြခြင်း ဖြစ်ပါတယ်။

သိဒ္ဓတ္ထဂေါတမသည် အရိယမဂ် လမ်းစဉ်ကို တကယ်ချမှတ် တကယ် ကျင့်ခဲ့သည့် အတွက်
သမ္မာသမ္ဗုဒ္ဓ စင်စစ် ဧကန်ဖြစ်ပြီဟု သတ္တ၀ါလောက၌ ရဲရဲတင်းတင်း ခြေင်္သေ့မင်းကဲ့သို့
ကြေညာ ၀န်ခံခဲ့ခြင်း ဖြစ်ပါတယ်။
သိဒ္ဓတ္ထဂေါတမသည် အရိယသစ္စာတို့ကို သိကြောင်း၊ ဘုရားဖြစ်ကြောင်း
ဝန်ခံရုံသာမက “ငါရရှိတဲ့ ဥာဏဒဿန နှင့် စေတောဝိမုတ္တိ= ဥာဏ်အမြင်နှင့် စိတ်၏ လွတ်မြောက်ခြင်းတို့ဟာ ပြန်လည်၍ လျော့ပါးခြင်း၊ မှေးမှိန်ခြင်း၊
ပျက်စီးခြင်းမရှိ ပကတိခိုင်မြဲသော ဥာဏ်အမြင် အပြီးအတိုင် လွတ်မြောက်ခြင်းတို့
ဖြစ်ကြကုန်၏” ဟူ၍ မြတ်ဗုဒ္ဓက မိန့်ကြားတော်မူခဲ့ပါတယ်။

ဤသို့လျှင် မဟာသက္ကရာစ် ၁၀၃ ခုနှစ် ၀ါဆိုလပြည့်နေ့ ညနေခင်း ကာလ
ကာသိတိုင်း ဗာရာဏသီမြို့အနီး ဣသိပတနခေါ် မိဂဒါဝုန် သားပေါင်းစုံတဲ့ တောရဂုံမှာ
ရှောင်ရှားရန် အစွန်းနှစ်ပါး
လိုက်နာရန် အလယ်လမ်းနှင့်
ထိုးထွင်းသိမြင်ရာ သစ္စာ(၄) ပါးတို့
ပါဝင်တဲ့ ဓမ္မစက်ကို ဟောမြွက်တော်မူပြီး ဘုရားအဖြစ်ကို ကြေညာတော်မူတဲ့အခါ
ကောဏ္ဍည
ဝပ္ပ
ဘဒ္ဒိယ
မဟာနာမ
အဿဇိ တပည့် (၅) တို့ အလွန်လျှင် နှစ်သက်ဝမ်းသာ ဖြစ်ကြပါတယ်။
ခြွင်းချက်မရှိလည်း လက်ခံကြပါတယ်။
ထိုတပည့် (၅)ယောက်တို့တွင် အရှင်ကောဏ္ဍည တစ်ပါး
အရိယသစ္စာလေးပါးကို ထိုးထွင့်သိမြင်ခဲ့ပါတယ်။
အရိယာဖြစ်ပြီးသော ထိုနေ့မှာပင် အရှင်ကောဏ္ဍည ရဟန်းပြုခဲ့ပါတယ်။
ဓမ္မရတနာသည် ဗုဒ္ဓရတနာနှင့် တပြိုင်နက်တည်းပင် ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။
ဓမ္မစကြာဟောသောနေ့မှာ သံဃာရတနာ အစဥိးစွာ ပေါ်ပေါက်လာသည်ဖြစ်ခြင်းကြောင့်
ဝါဆိုလပြည့် ဓမ္မစကြာနေ့ ၀ါဆိုလပြည့် သံဃာရတနာနေ့လို့ ဆိုရမှာဖြစ်ပါတယ်။

အမျိုးသမီးများ နှင့် ဗုဒ္ဓဘာသာ

တရားပွဲအတော်များများမှာ တရားပွဲပြီးလို့ မေးခွန်းတွေ မေးပါလို့ ဆိုလိုက်တဲ့အခါ မေးတတ်တဲ့ မေးခွန်းတစ်ခုက

“တစ်ချို့ဗုဒ္ဓစာပေတွေကို ဖတ်ရတဲ့အခါ အမျိုးသမီးများနဲ့ ပတ်သက်ပြီး မကောင်းကြောင်း ဟောထားတာတွေ၊

တန်းတူအခွင့် အရေးမရှိတာတွေကို သိရတော့ စိတ်ထဲမှာ ခံစားရတယ်၊ ဘာကြောင့်လဲ..“

ဆိုတဲ့ မေးခွန်းလေးတစ်ခုပါ။

ဟိုတစ်လောကလည်း ကလေးမလေးတွေက

”ဘယ်နေရာရောက်ရောက် အမျိုးသမီးတွေဟာ အမြဲနိမ့်ကျပြီး ခွဲခြားခံရတယ်၊

မြန်မာပြည်မှာဆို ပိုလို့တောင်ဆိုးသေးတယ်၊

ဘာသာရေးနဲ့ ပတ်သက်တဲ့ နေရာတွေဆိုရင် အမျိုးသမီးများ မသွားရ၊

မတက်ရဆိုတဲ့ နေရာတွေ အများကြီးရှိတယ် စသဖြင့် ပြောပြီး အဲဒါဟာ ဘာကြောင့်လဲ…”တဲ့။

မှန်ပါတယ်။

ဒီလိုပြဿနာမျိုးက နေရာတိုင်း၊ နိုင်ငံတိုင်းမှာ ကြုံတွေ့ရမယ့် ပြဿနာပါ။

အမျိုးသမီးများ ဘက်ကကြည့်ရင် သူတို့ကို ခွဲခြားဆက်ဆံတယ်၊

နှိမ့်ချဆက်ဆံတယ်ဆိုတဲ့ အတွေးတွေ ၀င်မိကြမှာပါ။

ဒီလိုဝင်မိတာလည်း အပြစ်လို့ ပြောလို့မရပါဘူး။

တစ်ချို့ကလည်း ဒါဟာ ဘာသာတရားကြောင့် ဘာသာတရားမှာ ဟောကြားထားတဲ့

အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကြောင့် ဒီလို ခွဲခြားခံရတာလို့ တွေးကြပါတယ်။

အထူးသဖြင့် ဗုဒ္ဓစာပေတွေမှာ ဖော်ပြတဲ့ အမျိုးသမီးများ မကောင်းကြောင်း ဇာတ်တော်နိပါတ်တော် စတာတွေကြောင့် အမျိုးသမီးများအပေါ် မကောင်းမြင်တဲ့သဘော၊ အမျိုးသမီးများကို ယုတ်နိမ့်တဲ့သဘောစသည်ဖြင့် မြင်နေကြတာ ဖြစ်ကြောင်း မခံမရပ်နိုင် ပြောဆိုလာကြပါတယ်။

လူလူချင်းအတူတူ ခွဲခြားဆက်ဆံခံရတဲ့ အတွက် စိတ်ထဲမှာ မခံချိမခံသာ ဖြစ်မိတယ်လို့လည်း တစ်ချို့က ရင်ဖွင့်လာကြပါတယ်။

တကယ်တော့ ဒီလိုဖြစ်လာတာ ဗုဒ္ဓဘာသာနှင့် မသက်ဆိုင်ဘူးလို့ မြင်မိပါတယ်။

ယောက်ျား၊ မိန်းမဆိုတဲ့ သဘာဝနိယာမ သဘောက ခွဲခြားပေးခဲ့ခြင်းသာ ဖြစ်ပါတယ်။

အမျိုးသားများအဖြစ်၊ အမျိုးသမီးများ အဖြစ် ကွဲပြားလာစေတဲ့ ကိုယ်အင်္ဂါ အစိပ်အပိုင်းများကြောင့်ပဲ

နေရာတကာမှာ ရင်ဘောင်တန်းလို့ မရတဲ့ အနေအထားတွေ ဖြစ်နေတာပါ။

ဒီသဘာဝ နိယာမတွေကြောင့်ပဲ အမျိုးသမီးများမှာ အမျိုးသားများလို လွတ်လပ်မှုမရှိတာ၊

အမျိုးသားများထက် ပိုတဲ့ခန္ဓာဝန် ဒုက္ခတွေ ရှိလာတာ ဖြစ်ပါတယ်။

သေချာတာကတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဒုက္ခတွေ ပိုများတယ်ဆိုတာ သေချာပါတယ်။

ထင်ရှားအောင် ပြရရင် ကိုယ်ဝန်ဆောင်ရတဲ့ ဒုက္ခ၊ လစဉ်ဓမ္မတာ ဆင်းရတဲ့ဒုက္ခ၊ သားသမီးမွေးဖွားရတဲ့ ဒုက္ခ စတာတွေဟာ အမျိုးသားများထက် ပိုတဲ့ အမျိုးသမီးများမှာသာ ရှိနေတဲ့ ဒုက္ခတွေပါ။

ဗုဒ္ဓဘာသာလာ ကမ္မနိယာမ သဘောတရားအရ ကြည့်ရင် အတိတ်ကပြုခဲ့တဲ့ ကမ္မသတ္တိ ကံစွမ်းတွေအရ ဒီလို ဒုက္ခပိုများတဲ့ လူသားအဖြစ် မွေးဖွားလာရခြင်း ဖြစ်ပါတယ်။ ဒုက္ခပိုများတာဟာ မကောင်းတဲ့ အကျိုးတွေ ပိုများလို့ပါ။

မကောင်းတဲ့ အကျိုးပိုများတာဟာ မကောင်းတဲ့ အကြောင်းတွေ ရှိခဲ့လို့ဖြစ်ပါတယ်။

အတိတ်အတိတ်ဘ၀တွေက လုပ်ခဲ့တဲ့ မကောင်းတဲ့ ကံတွေ၊ စွဲလမ်းတပ်မက်တတ်တဲ့ တဏှာတွေ၊ မသိမှု အ၀ိဇ္ဇာတွေကြောင့် ရရှိလာတဲ့ အကျိုးဆက်တွေလို့ ပြောနိုင်ပါတယ်။

အမရပူရ ဆရာတော်ကြီးကတော့ အမျိုးသမီး အဖြစ်မွေးဖွားလာရတာ အတိတ်ဘ၀ တစ်ခုခုက ကျူးလွန်ခဲ့တဲ့ ကာမေသုမိစ္ဆာစာရကံကြောင့်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါက အတိတ်ကို ပြောပြတာပါ။

ဒီသဘောအရ ကြည့်ရင် ယောက်ျားအဖြစ်၊ မိန်းမအဖြစ် မွေးဖွားမှုဟာ ကံအကျိုးပေး ကွာခြားမှုကြောင့်လို့လည်း ပြောလို့ရပါတယ်။ တစ်ချို့လည်း အမျိုးသမီးဘ၀ကိုပဲ တပ်မက်တတ်တဲ့ တဏှာကြောင့် အမျိုးသမီးအဖြစ် ပြန်မွေးနေကြတာတွေ ရှိပါတယ်။ ထားပါတော့။ ဒါက အမျိုးသမီးအဖြစ်ကို ရလာတတ်တဲ့ အကြောင်းလေးကို ပြောပြတာပါ။

ဒါပေမယ့် ဒီလို မိန်းမယောက်ျား အဖြစ်ကွဲပြားနေပေမယ့် တူညီတဲ့ တန်ဖိုးမဖြစ်နိုင်တဲ့ ကောင်းကျိုးကတော့ ရခဲတဲ့ လူ့ဘ၀ကို ရလာခြင်းဆိုတဲ့ အချက်ပါ။ ရခဲ့တဲ့ လူဆိုတဲ့ ဒုလ္လဘတရားမှာ အမျိုးသား၊ အမျိုးသမီးလို့ ခွဲခြားမှုမရှိပါဘူး။

ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင်လည်း အမျိုးသား၊ အမျိုးသမီး ခွဲခြားမှု မရှိသလို

အမျိုးသမီးများကို နှိမ့်ချဆက်ဆံတဲ့သဘော၊

ခွဲခြားဆက်ဆံတဲ့ သဘော၊

ယုတ်ညံ့တဲ့ လူသားအဖြစ် ထုတ်ဖော်ဟောကြားတဲ့ သဘောများ မရှိခဲ့ပါဘူး။

အမျိုးသမီးများကိုလည်း

လူသားများအဖြစ် လူ့တန်ဖိုး၊ လူ့သိက္ခာ၊ လူ့အသိဉာဏ်ရှိတဲ့ သူများအဖြစ် ချီးမြှောက်ပါတယ်။

တရားဟောတဲ့အခါမှာလည်း အမျိုးသားများဖြစ်လို့ ဟောတယ်။ အမျိုးသမီးများ ဖြစ်လို့ မဟောဘူး စတာတွေ မရှိပါဘူး။

အမျိုးသားများ သောတာပန် ဖြစ်နိုင်သလို အမျိုးသမီးများလည်း သောတာပန် ဖြစ်နိုင်ကြပါတယ်။

အမျိုးသားများ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်နိုင်သလို အမျိုးသမီးများလည်း ရဟန္တာ ဖြစ်နိုင်ပါတယ်။

အမျိုးသားများ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သလို အမျိုးသမီးများလည်း နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါတယ်။

နောက်ဆုံး အမျိုးသမီးများ သာသနာ့ဘောင်ဝင်လာရင် ပြဿနာ အမျိုးမျိုးရှိလာနိုင်တာ၊ အမျိုးသမီးရဟန်းမများရဲ့ သာသနာဟာ ကြာကြာမတည်နိုင်တာကို သိရှိပေမယ့် အမျိုးသမီးများကို အခွင့်အရေး ပေးလိုတဲ့အတွက် ဘိက္ခုနီသံဃာ့ အဖွဲ့အစည်းကို ခွင့်ပြုပြီး ဘိက္ခုသံဃာ အဖွဲ့အစည်းအတိုင်း သာသနာတော်မှာ အသိအမှတ်ပြုပေးခဲ့ပါတယ်။ ဒါကြောင့် ဘုရားရှင်အနေနဲ့ တစ်နည်းအားဖြင့် ဗုဒ္ဓဘာသာအနေနဲ့ အမျိုးသမီးများအပေါ် နိမ့်ချခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ အခွင့်အရေး မပေးခြင်းများ မရှိခဲ့ပါဘူး။

ဟိုဟိုဒီဒီ ပြောစရာမလိုဘဲ ဗုဒ္ဓဘာသာရဲ့ အဓိက အရေးကြီးဆုံးဖြစ်တဲ့ လွတ်မြောက်ရေးဆိုတဲ့

နိဗ္ဗာန်ကို မျက်မှောက်ပြုရတဲ့ နေရာမျိုးနဲ့ ချိန်ထိုးကြည့်ရင် သိနိုင်ပါတယ်။

အမျိုးသမီးများ ဖြစ်နေလို့ တရားမရဘူး ဆိုတာမရှိခဲ့ပါဘူး။

ဒီအချက်တစ်ချက်တည်းကို ကြည့်လိုက်ရင်ပဲ ဗုဒ္ဓဘာသာရဲ့ ဒီမိုကရေစီ ကျမှု၊ တန်းတူအခွင့် အရေးရှိမှု၊ တစ်ပြေးညီတည်း ဆက်ဆံမှုကို သိနိုင်ပါတယ်။

သဘာဝက ပေးလိုက်တဲ့ ခန္ဓာကိုယ် ဖွဲ့စည်းမှု အနေအထားအရ အမျိုးသမီးများကို အားနည်းတဲ့ သူများအဖြစ်သာ သဘောထားပါတယ်။

ယုတ်ညံ့တဲ့ သူများအဖြစ် မသတ်မှတ်ပါဘူး။

ဗုဒ္ဓကိုယ်တော်တိုင်လည်း အမျိုးသား အမျိုးသမီး ကွဲပြားတဲ့အတွက် အရိယာသူတော်စင် မဖြစ်ရဘူးလို့ မသတ်မှတ်ပါဘူး။

အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ပါရမီအဟုန်ရှိပြီး အကျင့်သိက္ခာပြည့်စုံစွာနဲ့ ကြိုးစားအားထုတ်ပါက တရားရနိုင်တယ်ဆိုတာ သက်သေပြခဲ့ပါတယ်။ အမျိုးသမီး ရဟန်းမများကိုလည်း အမျိုးသား ရဟန်းတော်များ နည်းတူ ဧတဒဂ် ရထူးများနဲ့ ချီးမြှင့်ပေးခဲ့ပါတယ်။

သို့သော် ဗုဒ္ဓဘာသာမှာ အဆင့်မြင့်မှု မမြင့်မှု ခွဲခြားမှုတော့ ရှိပါတယ်။

ဒါကလည်း ယောက်ျား မိန်းမဆိုတဲ့ သဘာဝနိယာမ ကွဲပြားမှု၊ ပညာတတ်မှု မတတ်မှု စတာတွေကို လိုက်ပြီး ခွဲခြားတာ မဟုတ်ပါဘူး။

သူတို့ရဲ့ ကိုယ်ကျင့်သီလ မြင့်မှု၊ မမြင့်မှုကို ကြည့်ပြီး တစ်လင်တစ်မယားထဲမှာပဲ အမျိုးသမီးက အမျိုးသားထက် အကျင့်သိက္ခာမြင့်မြတ်ရင် အမျိုးသားထက်သာသူအဖြစ် ချီးကျူးတော်မူပါတယ်။

အမျိုးသားဖြစ်ပေမယ့် အကျင့်သိက္ခာ မကောင်းရင် ဘယ်မျက်နှာမှ မထောက်ဘဲ ကဲ့ရဲ့တော်မူပါတယ်။

ဘုရားရှင်ရဲ့ ကဲ့ရဲ့တော်မူတဲ့အခါ သုံးတဲ့စကားက “မောဃပုရိသ- မဂ်ဖိုလ်မပြီး အချည်းနှီးသော ယောက်ျား“ ဆိုတဲ့စကားပါ။

ပြီးတော့ တစ်အိမ်ထောင်တည်း ဖြစ်ပေမယ့် လင်ယောက်ျားက သီလလုံခြုံပြီး မယားက သီလမလုံခြုံရင်

နတ်သားလင်နှင့် သေသူမယားတို့ ပေါင်းသင်းခြင်းနှင့် တူကြောင်း၊

မယားက သီလလုံခြုံပြီး ယောက်ျားက သီလမလုံခြုံရင် နတ်သမီးမယားနှင့် သေသူလင်တို့ ပေါင်းသင်းခြင်းနှင့် တူကြောင်း

စသည်ဖြင့် မိန်းမယောက်ျား မခွဲခြားဘဲ အကျင့်သီလကိုသာ အဓိကထားကာ အဆင့်အနိမ့်အမြင့် သတ်မှတ်ပေးပါတယ်။

ဒါတွေကို ကြည့်ရင် ဗုဒ္ဓဘာသာဟာ လူတန်းစား ခွဲခြားတတ်တဲ့၊

အမျိုးသမီးများကို နှိမ်ချတတ်တဲ့ ဘာသာမဟုတ်ဘူး ဆိုတာ နားလည်သဘောပေါက် နိုင်ပါတယ်။

အချုပ်အားဖြင့် ပြောချင်တာက

ကံအကျိုးပေးကြောင့် ယောက်ျားအဖြစ်၊ မိန်းမအဖြစ် မွေးဖွားလာခဲ့ရပြီး ရရှိလာတဲ့ အခွင့်အရေးများဟာလည်း အနည်းငယ်ကွဲပြားနေတာ၊

ဒုက္ခတွေ ပိုနေတာ၊ နည်းနေတာ ရှိတတ်ပေမယ့်

စစ်မှန်တဲ့ သဘောသဘာဝ အနေဖြင့်ကတော့ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ နိဗ္ဗာန်မရသေးသမျှတော့ ခန္ဓာကိုယ်ရလာတဲ့သူ မှန်သမျှ ဒုက္ခတွေကတော့ ရှိနေကြမှာ ဖြစ်တယ်ဆိုတာပါ။

အမျိုးသားဘ၀ဟာ ဘုရားဖြစ်နိုင်၊ စကြာဝတေးမင်းတွေ ဖြစ်နိုင်တဲ့အတွက် မြင့်မြတ်တယ်လို့ ဆိုနိုင်ပေမယ့် ဒုက္ခအပေါင်းမှ ငြိမ်းရာနိဗ္ဗာန်ကို ၀င်ကြတဲ့အခါမှာတော့ အမျိုးသမီးများလည်း အမျိုးသားများ တန်းတူရနိုင်၊ ရောက်နိုင်တယ်ဆိုတာ ငြင်းလို့မရတဲ့ အမှန်တရားဖြစ်ပါတယ်။

ကံအကျိုးပေးအရ အမျိုးသမီးများ အဖြစ်ဘ၀ကို ရရှိလာမှုနှင့်အတူ အမျိုးသမီးများ၏ ဒုက္ခများလည်း ခံစားလာရမှုတွေ ရှိနေကြတဲ့အတွက်

အမျိုးသမီးများကို အားနည်းသူများအဖြစ် မြင်နိုင်ကြပေမယ့်

ယုတ်နိမ့်တဲ့သူများ၊

အဆင့်နိမ့်တဲ့သူများကတော့ မဟုတ်ကြဘူးဆိုတာပါ။

ဒါပေမယ့် အကျင့်သိက္ခာတွေ ပျက်ပြားနေမယ်၊ အကုသိုလ်တွေများနေမယ် ဆိုရင်တော့ ဒီလိုသူမျိုးကို နိမ့်ကျတဲ့သူများလို့ ပြောနိုင်ပါတယ်။

ဒီနိမ့်ကျမှုကတော့ အမျိုးသမီးဖြစ်ရလို့ မဟုတ်ပါဘူး။ အမျိုးသားပဲ ဖြစ်ဖြစ် အမျိုးသမီးပဲ ဖြစ်ဖြစ် ကိုယ်ကျင့်ပျက်ရင်တော့ အကုန်နိမ့်ကျသူတွေ ဖြစ်နေမှာပါ။ အဲလိုမျိုးသူတွေ ဆိုရင်တော့ ဘယ်နေရာသွားသွား ခွဲခြားဆက်ဆံခံနေကြရမှာပါ။

ဒါကြောင့် ကံပေးမှုနဲ့ သဘာဝတရားအရ ရလာတဲ့ အမျိုးသမီးများဟာ

အမျိုးသားများတန်းတူ အရာရာ ရင်ဘောင်မတန်းနိုင်ကြပေမယ့်

အကျင့်သီလကောင်းပြီး ကိလေသာကုန်ရာ လမ်းစဉ်ကို လိုက်နာကျင့်သုံးနေမယ်ဆိုရင်

နိဗ္ဗာန်ဆိုတဲ့ အခွင့်အရေး တံခါးက အမြဲဖွင့်လစ်ထားနေမှာ ဖြစ်တဲ့အတွက်

ဟိုတွေးဒီတွေး ကလေးအတွေးတွေ မတွေးကြဘဲ

အမျိုးသမီးဖြစ်ပေမယ့် အမျိုးသားများထက်သာအောင်၊

အမျိုးသားများထက် အဆင့်မြင့်အောင် ကိုယ့်ရဲ့ သီလ၊သမာဓိ၊ပညာ သိက္ခာတရားများ မြင့်မားအောင်သာ ကြိုးစားသင့်ပါတယ်

http://www.venvicitta.com/ မှ ကူးယူဖော်ပြပါသည်။


အမျိုးသမီးများ ဘာကြောင့် ဘုရားဆု မပန်နိုင်တာလဲ

ဘုရားဆု ပန်နိုင်ဖို့ရတွက် အင်္ဂါ ၈ ပါးနှင့်ပြည့်စုံရပါမယ်

ထိုအင်္ဂါတို့ကတော့
၁။ လူအဖြစ်
၂။ ယောကျာ်းအဖြစ်
၃။ ရှင်ရဟန်း အဖြစ်
၎။ ရဟန္တာဖြစ်နိုင်လောက်အောင် အကြောင်းပြည့်စုံမူ့
၅။ သက်တော်ထင်ရှား ဘုရားကို ဖူးရခြင်း
၆။ အဘိညာဉ်သမာပတ်ကို ရခြင်း
၇။ ဘုရားရှင်တွေအား အသက်ကို စွန့်လူခြင်း
၈။ ဘုရားဖြစ်ဖို့ ဆန္ဒပြင်းပြခြင်း

ဒီအင်္ဂါ ၈ ပါးဟာ ဘုရားဆုတောင်းမူ ပြည့်စုံရာ အကြောင်းတွေပါပဲ
ဘုရားဆုတောင်းဖို့ အင်္ဂါ မပြည့်စုံတဲ့ အတွက် မိန်းမများ ဘုရားဖြစ်ဖို့ ဆုမပန်နိုင်ပါ။
(အဂို င်္တ္ထိုလ်၊ ဌ၊ ပ၊ ၃၆၂/၃)

မိန်းမ နှင့် စကြ၀တေးမင်း

မိန်းမမှာ အင်္ဂါဇာတ်ကို သိုအိမ်မှာ ထားခြင်းစတဲ့ လက္ခဏာတွေ မရှိလို့
လက္ခဏာတွေ မပြည့်စုံ၊ မိန်းမ ရတနာ မရှိလို့ ရတနာ ၇ ပါး ပြည့်စုံမူ့ မရှိ
လူအားလုံးတို့ထက် သာလွန်တဲ့ ခန္ဓာကို မရှိပါ
ဒါကြောင့် အမျိုးသမီးများ စကြ၀တေးမင်း မဖြစ်နိုင်ပါ။
(အဂို င်္တ္ထိုလ်၊ ဌ၊ ပ၊ ၃၆၃)

မိန်းမ စွမ်းရည်

နေရာတိုင်းမှာ ယောကျာ်များသာ ပညာရှိတာမဟုတ် မိန်းမများလည်း ပညာရှိပါတယ်
ထိုထိုသို့သော နေရာမှာ ဆင်ခြင်ဥာဏ်ရှိတယ်။
တစ်ခဏလေး နဲ့ ကြံစည်နိုင်တယ်။
(အဂို င်္တ္ထိုလ်၊ ဌ၊ ပ၊ ၂၈၆)

အမျိုးသမီးများ ယောကျာ်းဖြစ်လိုလျှင်

အမျိုးသမီးများဟာ ဒါန စတဲ့ ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်ပြီး

မိန်းမအဖြစ်မှာ တပ်မက်မှုကင်းစေကာ

`ငါတို့ရဲ့ ဒီကောင်းမှုဟာ ယောကျာ်းအဖြစ် ရဖို့ရာ ဖြစ်ပါစေလို့´

စိတ်ကို အဓိဌာန်ပြီး သေသွားရင် ယောကျာ်းဘ၀ကို ရကြပါတယ်။

လင်ကို နတ်ကဲ့သို့ လုပ်ကျွေးတဲ့ မိန်းမဖြစ်ပြီး

လင်အပေါ် ကောင်းကောင်းကျင့်ရင်လည်း ယောကျာ်းဘ၀ကို ရကြတာပါပဲ။

(ဓမ္မပဒ၊ ဌ၊ ပ၊ ၂၀၈)

ဗုဒ္ဓပွင့်တော်မူရာ ကာလ

 Image Hosting

ခမည်းတော် -သုဒ္ဓေါဓန

မယ်တော် -မာယာဒေ၀ီ

မဟာသက္ကရာဇ် ၆၇ ခုနှစ် ၀ါဆိုလပြည့် ကြာသမတေးနေ့ ပဋိသန္ဓေယူ

မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့် သောကြာနေ့ ဖွားမြင်တော်မူ (BC 623)

မဟာသက္ကရာဇ် ၉၇ ခုနှစ် ၀ါဆိုလပြည့် တနလာင်္နေ့ တောထွက်

မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ဘုရားဖြစ် (BC 588)

ဝါဆိုလပြည့် စနေနေ့ ဓမ္မစကြာတရားဟော

မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့် အဂါင်္နေ့ ပရိနိဗ္ဗာန်စံ (BC 543)

ဆောင်ပုဒ်။ ။ မ၊ သိ၊ ကြ၊ လျှင်၊ တွေး၊ ဆ၊ ဦး။

အထက်ပါဖော်ပြပါ အချက်လက်များသည် ဗုဒ္ဓ၀င်ကျမ်း၊ ဗုဒ္ဓကျမ်းဂမ်များ နှင့် စာအုပ်စာတမ်းများမှာတွေ့ရသော
ခုနှစ် သက္ကရာဇ် အကျင်းမျှသာဖြစ်ပါသည်။
အောက်၌ ဖော်ပြလတ္တံသော သမိုင်းနှင့် တစ်နှစ်ကွာဟနေပါလိမ့်မည်။
အကျယ်ကို ဖော်ပြပါအံ့...........

ကမ္ဘာ့ဘာသာတရားများအနက်အသိမ်မွေ့ဆုံး တခုအဖြစ်ထင်ရှားသော

ဗုဒ္ဓဘာသာကို စတင်ထူထောင်ခဲ့သည့် ဂေါတမဗုဒ္ဓသည်

မည့်သည့်ကာလတွင် ပွင့်ပေါ်ခဲ့ပါသနည်း။

ဤအချက်ကို သုတေသီတို့က စိတ်ဝင်စားစွာလေ့လာကြသည်။


ဂေါတမဗုဒ္ဓပွင့်တော်မူခဲ့ရာ မဇ္ဈိမဒေသ(အိန္ဒိယ)၌ ရှေးခေတ်က

ခေတ်ပြိုင်မှတ်တမ်းများရေးသားလေ့ မရှိခြင်းကြောင့်

ဗုဒ္ဓပွင့်တော်မူရာကာလနှင့် ပတ်သက်၍ တိကျစွာသိနိုင်မည့်

ခေတ်ပြိုင်အထောက်ထားများကို အိန္ဒိယနိုင်ငံ အတွင်း၌ မတွေ့ရှိရချေ။

ထိုကြောင့် အိန္ဒိယပြင်ပခေတ်ပြိုင် မှတ်တမ်းများနှင့် အဖြစ်ပျက်များကိုသာ

အထောက်ထားပြု၍ ဗုဒ္ဓမြတ်စွာပေါ်ထွန်းရာကာလကို ခန့်မှန်းချင့် တွက်ကြရသည်။


ဗုဒ္ဓပွင့်တော်မူရာကာကကို သိရှိနိုင်ရန် အားထားရသည့် အဓိက

အထောက်ထားတစ်ရပ်မှာ သိရိလင်္ကာနိုင်ငံ၌

ခရစ်နှစ်(၃၅၀)ခန့်က ရေးသားခဲ့သော ဒီပ၀ံသကျမ်းနှင့်

ခရစ်နှစ် (၄၅၀)ခန့်က ရေးသားခဲ့သော မဟာဝံသကျမ်းတို့ ဖြစ်ကြသည်။

ထိုဝံသကျမ်းများ၌ ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း(၂၁၈)နှစ်အကြာတွင်

အိန္ဒိယနိုင်ငံ မဂဓတိုင်း၌ အသောကမင်း ရာဇဘိသေကခံယူခဲ့သည်ဟု

ဖော်ပြထားသည်။ ထို့ပြင် အသောကမင်းသည် အဘိသိတ်မခံမှီ လေးနှစ်တာမျှ

ထီးနန်းအုပ်ချုပ်ခဲ့သေးသည် ဟုလည်းကောင်း၊ အသောကမင်းးသည် ခမည်းတော်

ဗိန္ဒုသာရ ဘုရင်ကို ဆက်ခံကာ ထီးနန်းရရှိခဲ့ခြင်းဖြစ်သည်ဟု လည်းကောင်း

ဖော်ပြထားသည်။


ဗိန္ဒုသာရ သည် (၂၈) နှစ်ကြာ ထီးနန်းဆက်ခံခဲ့သည်ဟု ဆိုသည်။

တဖန်...စန္ဒဂုတ်ဘုရင်သည် (၂၄) နှစ်ကြာ ထီးနန်းစိုးစံခဲ့သည်ဟုလည်း

ဖော်ပြထားသည်။ ဤဖော်ပြထားချက်များအရ နောက်ပြန်တွက်ပြီး

စန္ဒဂုတ်ဘုရင်ထီးနန်းတက်သည့် ခုနှစ် သက္ကရာစ်ကို ခန့်မှန်းနိုင်ပါသည်။


ဤသို့တွက်သော်

အသောကအဘိသိတ်မခံမီ ၄ နှစ်

ဗိန္ဒုသာရနန်းစံ ၂၈ နှစ်

စန္ဒဂုတ်နန်းစံ ၂၄ နှစ်

ပေါင်း ၅၆ နှစ်


အသောက နန်းတက်သည် ဆိုသော သာသနာနှစ် (၂၁၈) တွင် (၅၆) နှစ်နုတ်ပါက

ရရှိသော (၂၁၈-၅၆)= ၁၆၂ ခုနှစ် သည် စန္ဒဂုတ်ဘုရင်ထီးနန်းရရှိသည့်

သာသနာသက္ကရာဇ်ဖြစ်ပေမည်။


အိန္ဒိယသမိုင်းတွင် စန္ဒဂုတ်ဘုရင် ထီးနန်းရရှိချိန်ကို သိရှိနိုင်ရန် ဂရိမှတ်တမ်းများကို

အားကိုးအားထားပြုရပြန်သည်။ အကြောင်းမှာ.........

စန္ဒဂုတ်ဘုရင်နန်းတက်ချိန်သည် အိန္ဒိယနိုင်ငံတွင်းသို့ အလက်ဇန္ဒားဘုရင်ကြီး

ဝင်ရောက်သိမ်းပိုက်ချိန်နှင့်ဆက်စပ်နေသောကြောင့် ဖြစ်သည်။

အလက်ဇန္ဒားဘုရင်ကြီးသည် ခရစ်ကြိုနှစ် (၃၂၃) တွင် ကွယ်လွန်ခဲ့သည်။


ထို့နောက်တွင် အလက်ဇန္ဒားဘုရင်ကြီး အောင်မြင်သိမ်းပိုက်ခဲ့သော အိန္ဒိယသည်

အစိတ်စိတ် အမွာမွာကွဲသွားခဲ့ရလေသည်။

ထိုသို့ အစိတ်စိတ်ကွဲချိန်တွင် မဂဓတိုင်း၌ စန္ဒဂုတ်ဘုရင် ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။

စန္ဒဂုတ်ဘုရင်သည် မဂဓတိုင်း၌ မောရိယမင်းဆက်ကို ထူထောင်ခဲ့ရာ

အသောကမှာ ထိုမင်းဆက်၏ တတိယမြောက်ဘုရင် ဖြစ်လာခဲ့သည်။


စန္ဒဂုတ်ဘုရင်သည် မောရိယမင်းဆက်ကို ထူထောင်နိုင်ရန်အတွက်

တစ်နှစ်၊ နှစ်နှစ်ခန့် စည်းရုံးခဲ့ရသည်ဟု ယူဆပါက

စန္ဒဂုတ်ဘုရင် ထီးနန်းရရှိသော ခုနှစ်သည် ခရစ်ကြိုနှစ် (၃၂၁) ခန့်ဖြစ်မည်ဟု

ကြောင်းကျိုးဆက်စပ်ကာ ယူဆနိုင်မည်ဖြစ်သည်။

ဝံသကျမ်းများ အလိုအရ စန္ဒဂုတ်ထီးနန်းတက်သောခုနှစ်သည်

သာသနာနှစ် (၁၆၂) ဖြစ်နိုင်ကြောင်း အထက်တွင်တွက်ပြခဲ့ပြီး ဖြစ်သည်။

ယခု ဂရိမှတ်တမ်းများကို အခြေခံ၍ ခန့်မှန်းတွက်ချက်ရရှိသော

ခရစ်ကြိုနှစ် (၃၂၁)ခုသည် စန္ဒဂုတ်ထီးနန်းရရှိသောခုနှစ်ဖြစ်သည်ဟု လက်ခံပါက

သာသနာနှစ် (၁၆၂) သည် ခရစ်ကြိုနှစ် (၃၂၁)ခုနှစ် ဖြစ်ပေမည်။


ဤသို့ဆိုသော်

ဗုဒ္ဓပရိနိဗ္ဗာန်ပြုရာကာလသည် (၃၂၁+၁၆၂)=ခရစ်ကြိုနှစ် (၄၈၃)ခုနှစ် ဖြစ်နိုင်ပေမည်။

ထိုအယူအဆအရ ဗုဒ္ဓဖွါးမြင်ရာကာလသည်

(၄၈၃+ ဗုဒ္ဓ၏သက်တော် ၈၀) = ခရစ်ကြိုနှစ် (၅၆၃)ခုနှစ် ဟု မှတ်ယူရပေမည်။



ဗုဒ္ဓပေါ်ထွန်းရာကာလကို ခရစ်ကြိုနှစ် (၅၆၃-၄၈၃) ဟု မှတ်ယူရခြင်းမှာ

မှန်းဆတွက်ချက်ထားခြင်းမျှသာ ဖြစ်ကြောင်းအထူးသတိရှိသင့်သည်။

ထို မှန်းဆ တွက်ချက်ထားချက်နှင့် ပတ်သက်၍

သံသယဖြစ်ဖွယ်အကြောင်းများလည်း ရှိနေသေးသည်။

သံသယဖြစ်ရသည့် ရှေးဦးအကြောင်းအချက်မှာ

သာသနာနှစ် (၂၁၈) တွင် အသောကမင်း ရာဇဘိသေက ခံယူခဲ့သည်ဆိုသော

ဝံသကျမ်းလာ ဖော်ပြချက်ပင် ဖြစ်သည်။

ဤအချက်ကို ပညာရှင်တချို့က ယုံမှားသံသယ ရှိကြသည်။


ဒုတိယအနေဖြင့် စန္ဒဂုတ်မင်းထီးနန်းရရှိသော ခုနှစ်သက္ကရာစ်မှာလည်း

မှန်းဆတွက်ချက်ထားခြင်းမျှသာ ဖြစ်သည်။

သမိုင်းအထောက်ထား အတိအကျမပြနိုင်သေးချေ။ ထို့ကြောင့်

နှစ်အနည်းငယ်ကွာခြားကြောင်း ကွာခြားနိုင်သည်။


တတိယ အချက်မှာစန္ဒဂုတ်ဘုရင်နှင့် ဗိန္ဒုသာရ၏ နန်းစံကာလ အသီးသီးကို

ဝံသကျမ်းများက ဖော်ပြချက်အတိုင်းသာ အမှန်ဟု လက်ခံထားရခြင်း ဖြစ်သည်။

ဤသို့သံသယဖြစ်ဖွယ် မှန်းဆထားချက်များကြောင့်

ဗုဒ္ဓပရိနိဗ္ဗာန်ပြုချိန် ကာလသည် ခရစ်ကြိုနှစ် (၄၇၇) မှ (၄၈၆/၄၈၇) အတွင်း

တစ်နှစ်နှစ် ဖြစ်နိုင်ဖွယ် ရှိပေသည်။

ဝံသကျမ်းများနှင့် ဂရိမှတ်တမ်းများကို အခြေခံပြီး၊ မှန်းဆတွက်ချက်ထားသော

အထက်ပါ တွက်နည်းအပြင် အခြားတွက်ချက်နည်းများလည်း ရှိပေသေးသည်။


အခြားတွက်ချက်နည်း တစ်ရပ်မှာ

ဇိန၀ါဒီ(Jains)တို့၏အစဉ်လာမှတ်သားထားချက်များကို အခြေခံသည်

ဇိန၀ါဒီ (Jains) တို့၏ အစဉ်လာ၌ ဗုဒ္ဓ နှင့် ခေတ်ပြိုင် မဂဓဘုရင် ဗိဗ္မိသာရ မှစပြီး၊

အသောကတိုင်အောင် မဂဓဘုရင်အဆက်ဆက်၏ စာရင်းကို ဖော်ပြထားသည်။

ဝံသကျမ်းများအရ ဗိဗ္မိသာရ နှင့် အသောက၏ကြားတွင် အကြမ်းဖျင်းအားဖြင့်

နှစ်ပေါင်းနှစ်ရာခန့် ကြာသည်ဟု ယူဆနိုင်သော်လည်း ဇိန၀ါဒီ (Jains) တို့၏

အစဉ်လာအရမူ နှစ်ပေါင်း (၁၀၀) မျှသာ ကြာသည်ဟု ဆိုသည်။


ဤအဆိုကို အခြေခံထားပြီး တွက်ချက်ပါက ခရစ်ကြိုနှစ် (၃၈၆) ခန့်တွင်

ဗုဒ္ဓပရိနိဗ္ဗာန်ပြုခဲ့သည်ဟု မှတ်ယူဖွယ် ရှိပေသည်။


မြန်မာဗုဒ္ဓဘာသာဝင်တို့၏ အလိုအရ လက်ရှိသုံးစွဲနေသော မြန်မာတို့၏

ကောဇာသက္ကရာစ်သည် ဗုဒ္ဓပရိနိဗ္ဗာန်စံသောနှစ်ကို အခြေခံကာ

စတင်ရေတွက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

ဤသို့သော သာသနာနှစ် တပြေးညီရေတွက်ခဲ့ရာမှ


သရေခေတ္တရာပြည်၊ သုမုန္ဒရီမင်း လက်ထက်တွင်

ဒေါဒေါရသ ကိန်းအရ နှစ်ပေါင်း (၆၂၂) ကို ဖြိုခဲ့သည်။


ပုဂံပုပ္ပါးစောရဟန်းမင်း လက်ထက်တွင် ခဆပဉ္ဖ ကိန်းအရ

နှစ်ပေါင်း (၅၆၀) ကို ဖြိုခဲ့သည်။


နှစ်ရပ်ပေါင်း (၁၁၈၂) နှစ် ဖြိုခဲ့သည်။

ဤနည်းအရ တွက်ချက်သော်

လက်ရှိမြန်မာကောဇာသက္ကရာဇ် (၁၃၇၂ ခရစ် 2010) သည်

သာသနာသက္ကရာဇ်အားဖြင့် (၁၃၇၂+၁၁၈၂) = ၂၅၅၄ ခုနှစ်ဖြစ်သည်။

ထိုတွက်ချက်နည်းအရ ဗုဒ္ဓပရိနိဗ္ဗာန်ပြုသောနှစ်ကို

ကမ္ဘာသုံးပြက္ခဒိန်နှစ်အဖြစ် ပြန်လည်ရှာဖွေသော်

(၂၅၅၄-၂၀၁၀) ခရစ်ကြိုနှစ် ၅၄၄ ဖြစ်ကြောင်း တွေ့ရှိရပေမည်။


ဤနည်းဖြင့် ဗုဒ္ဓဖွါးမြင်ရာကာလသည်

ခရစ်ကြိုနှစ် (၅၄၄+၈၀) = ၆၂၄ ဖြစ်ဖွယ်ရှိပေသည်။


ဤနည်းဖြင့် ဗုဒ္ဓပွင့်ပေါ်ရာကာလကို နည်းအမျိုးမျိုးဖြင့် တွက်ဆကြသည်။

အကြမ်းအာဖြင့်မူ၊ ခရစ်ကြိုနှစ် ( ၆ ) ရာစုသည် မဇ္ဈိမဒေသ၌

ဗုဒ္ဓဘာသာ သာသနာစတင်ထွန်းကားရာ ကာလဖြစ်သည်ဟု မှတ်ယူဖွယ် ရှိလေသည်။

Friday, June 4, 2010

ထေရ၀ါဒ ဗုဒ္ဓဘာသာ၏ ရည်ရွယ်ချက်

ကျွန်တော် အခုရေးမယ့်အကြောင်းအရာလေးက ဆရာတော် အရှင်ဇ၀နရေးသားထားတဲ့ မျက်ရည်မကျခင် သိစေချင်ဆိုတဲ့ စာအုပ်မှ

ကူးယူဖော်ပြခြင်းဖြစ်ပါတယ်ခင်ဗျာ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ မိမိတို့ရဲ့  အဓိက ရည်ရွယ်ချက် ပန်းတိုင်ကိုသိစေချင်တဲ့

စေတနာနဲ့ ပြန်လည်ရေးသားဖော်ခြင်းပါ စာအရေးအသား အနှစ်အရသာ ပျက်မှာစိုး၍ ဆရာတော် ရေးသားထားသည့်အတိုင်း

ဖော်ပြလိုက်ပါတယ်

ထေရ၀ါဒဗုဒ္ဓဘာသာ၏ ရည်ရွယ်ချက်ပန်းတိုင်ကား မဂ်ဥာဏ် ၊ ဖိုလ်ဥာဏ်ကိုရကာ နိဗ္ဗာန်ကိုမျက်မှောက်ပြုရေးပင် ဖြစ်ပါ၏ ။ လောက၌

ဘုရားပွင့်တော်မူခြင်းကလည်း ၄င်းရည်ရွယ်ချက်ကြောင့်ပင်ဖြစ်၏ ။ ထို့ကြောင့်လည်း စလင်းကန်လယ်ဆရာတော်ဘုရားကြီးက……

အိုလူများတို့ ၊ ဘုရားသခင်နှင့် ကိုယ်တိုင်မတွေ့လိုက်ကြရ၍ဘာ ၀မ်းနည်းစရာရှိသလဲ ၊ ယခုအခါ ဓမ္မက္ခန္ဓာ ဘုရားတွေအများကြီး ရှိသေး၏ ။

ကံ ၊ ပါရမီရှိလျှင် ရလိမ့်မည်ဟူ၍သာ အေးစက်စက်နေကြလျှင် အများကြီးနစ်နာကြလိမ့်မည် ။ စာမတက်လို့ ဘာမတက်လို့ လဲမလုပ်ကြပါနှင့် ၊

ဆရာကောင်းနှင့်တွေ့လျှင် ရနိုင်ပါသည် ။ သို့အတွက် အိုလူများတို့ ၊ ယခုအခါ ကံ ပါရမီကိုမေးရန် မလိုပါ ။ ရှင်ဘုရင်သားဖြစ်ပြီး

အိမ်ရှေ့မင်းသားသည် ရှင်ဘုရင်ဖြစ်ရန် ဗေဒင်မေးဖို့မလိုပါ ။မုတ်ဆိတ်ပျားစွဲသူသည် တခြားသွားပြီးပျားဖွတ်ရန်မလို ၊

ရန်သူဝိုင်းထားခံရသူသည် ထွက်ပေါက်သိလျက်နဲ့ မထွက်သော် ၊ ကံပါရမီချဖွယ်မလို ၊ အညစ်အကြေးလူးသူသည် ရေစင်ရှိလျက်မဆေးသော်

ရေ၌အပြစ်ဆိုဖွယ်ရာမလို ၊ မိမိကသာဖျင်းလို့ ၊ အ လို့ န လို့ ဖြစ်သည် ။ အသေနည်းသေးတယ်လို့သာ ဆိုဖွယ်ကောင်းတော့၏ ။

ကြောက်ကြ ၊ လန့်ကြ ၊ ထိတ်ကြ ၊ အိုလူများတို့ ၊ သို့အတွက် တရားအားထုတ်ကြပါကုန်လော့ ။

ဟူ၍ မဂ်ဥာဏ် ဖိုလ်ဥာဏ်ရကြောင်းလမ်းဖြစ်သည့် ၀ိပဿနာတရားကို အားထုတ်ကြရန် အရေးတကြီး တိုက်တွန်းတော်မူခဲ့ပါသည် ။

မဂ်ဥာဏ် ၊ ဖိုလ်ဥာဏ်ရဖို့ အားထုတ်ခြင်းမှာ ရလာသော လူ့ဘ၀မှ အနှစ်သာရထုတ်ခြင်းတစ်ခုပင် ဖြစ်၏ ။ ထိုကဲ့သို့ အနှစ်သာရ

ထုတ်ချင်လာဖို့ရန် ရှေးဦးစွာ လူ့ဘ၀တန်ဖိုး ၊ ဗုဒ္ဓဘာသာဖြစ်ရခြင်း၏ တန်ဖိုးတို့ကို သိရန်လိုအပ်ပါသည် ။

Thursday, June 3, 2010

ထေရ၀ါဒ ဗုဒ္ဓဘာသာမူ (၅)ရပ်


(၁၅.၈.၂၀၀၆ ခုနှစ် မန္တလေးမြို့ Intensity Speaking Center မှာ ဘာသာကြီးများဆိုင်ရာနှီးနှောဖလှယ်ပွဲလေး ကျင်းပခဲ့ပါတယ်၊ အဲဒီနှီးနှောဖလှယ်ပွဲမှာ ဦးဇင်း ဖတ်ကြားတင်သွင်းခဲ့တဲ့ စာတမ်းလေးကို ခုမှ ပြန်ရှာတွေ့လို့ မျှဝေလိုက်ပါတယ်)

မဟာသက္ကရာဇ်(၁၀၃)ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ဘီစီ(၅၈၈)-က ဒီကမ္ဘာကြီးမှာ ဗုဒ္ဓရတနာ ပွင့်ထွန်းပေါ်ပေါက်ခဲ့ပါတယ်၊ တဆက်တည်းမှာပဲ မဟာသက္ကရာဇ် (၁၀၃)ခု ၀ါဆိုလပြည့် စနေနေ့ ဘီစီ ၅၈၈ မှာ ဓမ္မရတနာ စတင်ခဲ့သလို မဟာသက္ကရာဇ် (၁၀၃)ခု ၀ါဆိုလပြည့်ကျော် ၂ ရက် တနင်္လာနေ့ ဘီစီ ၅၈၈ ခုမှာ သံဃာရတနာ စတင်ပေါ်ပေါက်ခဲ့ပါတယ်။

မြတ်ဗုဒ္ဓ ဟာ ဘုရားအဖြစ်နဲ့ ၄၅ နှစ် နေပြီး မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လပြည့် အင်္ဂါနေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် စံလွန်တော်မူပါတယ်၊ ဗုဒ္ဓအဖြစ်နဲ့ ၄၅ နှစ်အတွင်း တာဝန်ကြီး ၂ ရပ်ကို တစ်နေ့လျှင် ၂၂ နာရီ မိနစ် ၂၀ ခန့်မျှ နေမအား ညမနား လူသား, သတ္တ၀ါတို့၏ ကောင်းကျိုးကို မျှော်ကိုး၍ ထမ်းဆောင်တော်မူခဲ့ပါတယ်၊

အဲဒီ တာဝန်ကြီး ၂ ရပ်ကတော့..... (၁) ဓမ္မကို ဟောပြောခြင်း, ဖြေဆိုခြင်း (၂) သံဃာ့အဖွဲ့အစည်းကို ထူထောင်ခြင်းတို့ပဲ ဖြစ်ပါတယ်၊ ထို မြတ်ဗုဒ္ဓ ဟောပြသည့်ဓမ္မအတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးသူများကို ဗုဒ္ဓဘာသာဝင်လို့ခေါ်ဆိုပါတယ်၊ ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်ရန်အတွက် ကျယ်ပြန့်တဲ့ ဥပဒေ တွေ မရှိပါဘူး၊ ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း, တရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း, သံဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း လို့ ခေါ်တဲ့ သရဏဂုံ သုံးပါးကို လက်ခံလိုက်လို့ ရှိရင် ဗုဒ္ဓဘာသာဝင် အဖြစ်ရောက်ရှိပါတယ်၊

ဗုဒ္ဓဘာသာဝင်တစ်ဦး အတွက် လိုက်နာကျင့်သုံးရမည့် စည်းကမ်း ၅ မျိုး ရှိပါတယ်၊ အဲဒါတွေကတော့.....

(၁) သက်ရှိလူသား တိရစ္ဆာန် တို့ရဲ့ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ရခြင်း။


(၂) သူတပါးပစ္စည်းကို ခိုးယူလုယက်ခြင်းမှ ရှောင်ကြဉ်ရခြင်း။


(၃) ကာမဂုဏ် ဖေါက်ပြန်မှု, အိမ်ထောင်ရေး ဖေါက်ပြန်မှု မှ ရှောင်ကြဉ်ရခြင်း။


(၄) မဟုတ်မမှန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ရခြင်း။


(၅) မူးယစ်ဆေးဝါး သုံးစွဲခြင်း, ရောင်ဝယ်ခြင်းမှ ရှောင်ကြဉ်ရခြင်းဆို တဲ့ စည်းကမ်း ၅ မျိုးတို့ပဲ ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓ ချမှတ်သည့် ဒီစည်းကမ်း ၅ မျိုးကို ကြည့်ရင် မြတ်ဗုဒ္ဓဟာ လူသားတို့ရဲ့ အသက်, အိုးအိမ်, စည်းစိမ်, ချမ်းသာ, လုံခြုံဖို့၊ အိမ်ထောင်ရေး သာယာဖို့၊ ဒီကမ္ဘာကြီးမှာ သစ္စာတရားထွန်းကားဖို့၊ လူသားတို့ရဲ့ ဥာဏ်ရည်အဆင့်အတန်း မှီဖို့ အရေးကို မျှော်တွေးကာ အထက်ပါစည်းကမ်း ၅ ချက်ကို ချမှတ်ခဲ့တယ်ဆိုတာ တွေ့ရမှာပါ။

လူသားတွေဟာ အပျော်ကြူးခြင်း, အလိုရမက်ကြီးခြင်း, ကြောက်စိတ်များခြင်းတို့ကြောင့် မိမိတို့ဘ၀ အတွက် အားကိုးရာတွေကို စိတ်ကူးပုံးဖေါ်ပြီး ယုံကြည်ကိုးကွယ်တတ်ကြပါတယ်၊ စိတ္တဇ အတွေးတွေကို ပုံဖေါ်ပြီး ယုံကြည်ကိုးကွယ်လက်ခံနေတာကို မြတ်ဗုဒ္ဓက နှစ်သက်တော်မမူပါဘူး၊ ဒါကြောင့် ဗုဒ္ဓဘာသာဝင်မှန်ရင် အထင်စွဲအာရုံ ကိုးကွယ်မှုမျိုးစုံကို စွန့်လွှတ်ရမှာဖြစ်သလို အတွေးစွဲအလီလီ ယုံကြည်မှုအရပ်ရပ်ကိုလည်း ပယ်စွန့်ကြရပါလိမ့်မယ် သို့ဖြစ်၍ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်ရေးအတွက် ဥပဒေသ မူကြီး ၅ ရပ်ကို စံပြု သတ်မှန်ထားခဲ့ပါတယ်။

အဲဒါတွေကတော့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်မှန်ရင်.......

(၁) ယုံကြည်မှုသဒ္ဓါတရားရှိရမည်။


(၂) စောင့်ထိန်းမှု သီလရှိရမည်။


(၃) ကောတုဟလ မင်္ဂလာကို မယုံကြည်ရ။


(၄) ကံတရားကို ယုံကြည်သူဖြစ်ရမည်။


(၅) သာသနာတော်ပြင်ပ၌ ကိုးကွယ်မှုကို မရှာမှီးရ- ဆိုတဲ့


ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့အတွက် မူကြီး ၅ ရပ်ကို အဂ္ဂုင်္တ္တရနိကာယ်မှာ ချပြတော်မူခဲ့ပါတယ်။

တဆင့်တက်ပြီး အနည်းငယ် ရှင်းပြလိုပါတယ်

(၁)ယုံကြည်မူသဒ္ဓါတရားရှိရမည်-ဆိုသည်မှာ ဘုရား တရား သံဃာ ရတနာသုံးပါး တို့၌ ဘုရားစစ် ဘုရားမှန် တရားစစ် တရားမှန် သံဃာစစ် သံဃာမှန် ဖြစ်ကြောင်း ယုံကြည်လက်ခံတဲ့ စိတ်ရှိရမယ်လို့ ဆိုလိုပါတယ်။

(၂) စောင့်ထိန်းမူ သီလ ရှိရမည်- ဆိုသည်မှာ ၀ါရိတ္တ သီလ လို့ခေါ်တဲ့ ငါးပါး, ရှစ်ပါး သီလ နဲ့ စာရိတ္တ သီလလို့ ခေါ်တဲ့ လင်ကျင့်ဝတ်, မယားကျင့်ဝတ်, ဆရာ့ကျင့်ဝတ်, တပည့်ကျင့်ဝတ်, မိဘ ကျင့်ဝတ်, သားသ္မီး ကျင့်ဝတ်, အထက်လူကြီးကျင့်ဝတ်, အောက်လက်ငယ်သားကျင့်ဝတ်- စတဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ကျင့်ဝတ်သီလ များနဲ့ ပြည်စုံရမယ်လို့ ဆိုလိုပါတယ်။ နံပါတ် ၂ ဥပဒေသ နှင့် မြတ်ဗုဒ္ဓက မလုပ်ဘဲနေရမှာကို မလုပ်ဘဲနေရဲတဲ့ သတ္တိ၊ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရဲတဲ့ သတ္တိ လူသားတို့ရဲ့ စိတ်မှာမွေးမြူနိုင်ဖို့ မီမောင်ထိုးပြသွားတာပဲဖြစ်ပါတယ်။

(၃) ကောတုဟလမင်္ဂလာကို မယုံကြည်ရ-ဆိုသည်မှာ အချို့သောလူများဟာ” အိမ်မြောင်စုတ်ထိုးရင်… လာဘ်ကောင်းတယ်” “ ကျီးကန်းလာနားရင်…. နိမိတ်မကောင်းဘူး” ဆိုတဲ့ ကောတုဟလမင်္ဂလာကို ယုံကြည်လက်ခံကြပါတယ်၊ မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာဝင်မှန်ရင် ရက်ရာဇာ, ပြဿဒါး, ကျီးကန်းလာခြင်း, အိမ်မြောင်စုတ်ထိုးခြင်း, နေကြတ်, လကြတ်- စတာတွေကြောင့် ကောင်းကျိုး ဆိုးကျိုး ရှိတယ်ဆိုတာတွေကို လက်မခံဖို့ နံပါတ် ၃ ဥပဒေသကို ချမှတ်တော်မူခဲ့ပါတယ်---


ကောင်းကျိုးလိုလားသူ ကောင်းတဲ့လုပ်ရပ်တွေ ကို လုပ်ရမှာဖြစ်သလို မကောင်းကျိုး မခံစားလိုသူတွေ အတွက် မကောင်းတဲ့ အပြုအမူ အပြောအဆို တွေးအကြံများကို မပြုလုပ်မိဖို့လိုပါတယ် အတွေးအကြံများက မကောင်းတဲ့ဘက်မှာ အမြဲပျော်မွေ့နေပေမယ့်


တန်ပြန်သက်ရောက်မှု ကောင်းကျိုးကို မျှော်လင့်နေကြတာဟာ “ကောင်းကင်က ရေစီး မြေ ကီး က လသာမယ့်အချန်တွေကို စောင့်နေကြတာနဲ့ “ အတူတူပါပဲ။

(၄) ကံတရားကို ယုံကြည်သူဖြစ်ရမည်-ဆိုသည်မှာ အကြင်မျိုးစေ့ကို စိုက်ပျိုး၏ ထိုအပင်ကို သာလျှင် ရိတ်သိမ်းရ၏- ဆိုတဲ့ ဗုဒ္ဓဒေသနာတော်အတိုင်း ကောင်းကံလုပ်ရင် ကောင်းကျိုးခံစားရ မကောင်းကံလုပ်ရင် မကောင်းကျိုးခံစားရမယ်ဆိုတဲ့ သဘောတရားကို ယုံကြည်လက်ခံကြရမယ်လို့ဆိုလိုပါတယ်။

ကံတရားနဲ့ ပတ်သက်လို့အနည်းငယ်ပြောပြခြင်ပါတယ်…


သစ်ပင်တစ်ပင်ကို ကြည့်ပါ.. ဒီသစ်ပင် ရှင်သန်ကြီးထွားဖို့…

(၁) လုံလောက်တဲ့ နေရောင်ခြည်


(၂) လုံလောက်တဲ့ ရေဓာတ်


(၃) ကြီးထွာ သီးပွင့်ရမယ့် အချိန်အခါ-

ဒီအကြောင်းတရား ၃ မျိုး ပေါင်းဆုံမှ သစ်ပင်ဟာ ရှင်သန်ကြီးထွား ပွင့်သီးမှာဖြစ်ပါတယ် ဒါကို ဗီဇနိယာမလို့ခေါ်ပါတယ်။ ဒီဗီဇနိယာမလိုပါပဲ မိမိတို့ပြုလုပ်လိုက်တဲ့ ကောင်းကံဆိုးကံတွေဟာ ပြုလုပ်လိုက်ပြီးတာနဲ့ တစ်ပြိုင်နက် မိမိတို့ရဲ့ ခန္ဓာကိုယ်မှာ သတ္တိကလေးတွေချန်ထားရစ်ပြီး ပျောက်သွားကြပါတယ် မိမိတို့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဒီသတ္တိ ကလေးတွေဟာ စေတနာ သမင်္ဂီတာ, ကမ္မ သမင်္ဂီတာ, ဥပဋ္ဌာန သမင်္ဂီတာ, ၀ိပါက သမင်္ဂီတာ ဆိုတဲ့ အကြောင်းတရား ၄ မျိုး ပေါင်းစုံတဲ့ အချိန်မှာ တန်ပြန်သက်ရောက်မှုအဖြစ် ဧကန်အကျိုးပေးမှာဖြစ်ပါတယ်၊ မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာဝင်မှန်ရင် ဒီကမ္မနိယာမ ရဲ့ သဘောတရားကို ယုံကြည်လက်ခံသူ ဖြစ်ရမယ်လို့ မိန့်တော်မူပါတယ်။

(၅) သာသနာတော် အပြင်ပ၌ ကိုးကွယ်မှု ကို မရှာမှီးရ-ဆိုသည်မှာ လူများဟာ အပျော်ကြူးခြင်း အလိုကြီးခြင်း ကြောက်စိတ်များခြင်း စိုးရိမ်စိတ်များခြင်းတွေကြောင့် သာသနာတော်ရဲ့ ပြင်ပဖြစ်တဲ့ နတ်ကိုးကွယ်ခြင်း ဘိုးတော် မယ်တော် ကိုးကွယ်ခြင် အင်း အိုင် လက်ဖွဲ့ ဗေဒင် မန္တာန် ကို အားထား ယုံကြည်ခြင်း စတဲ့ သာသနာတော်ပြင်ပ ကိုးကွယ်ရာ တွေကို ရှာမှီး ကိုးကွယ်နေကြပါတယ်။


မြန်မာပြည်မှာ ခေတ်စားနေတဲ့ အတွင်း ၃၇ မင်း အပြင် ၃၇ မင်း သူရဿတီ မယ်တော် စတဲ့ နတ်တွေရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် မြန်မာပြည်ဖြစ်နတ်များ အစိမ်းသေ နတ်များဖြစ်တယ်ဆိုတာကို လေ့လာတွေ့ရှိနိုင်ပါတယ်၊ ဗြဟ္မဏ တို့ စိတ်ကူးပုံဖေါ် ကိုးကွယ်ခဲ့တဲ့ တကယ် မရှိတဲ့ သူရဿတီ နတ်သ္မီးကို ပိဋကတ် သုံးပုံစောင့် နတ်သ္မီး အဖြစ် ယုံကြည် ကိုးကွယ်နေကြတာဟာ ပိဋကတ် သုံးပုံကို လက်ဆင့်ကမ်းသယ်ဆောင်ခဲ့ကြတဲ့ သံဃာတော်များကို စော်ကားခြင်းဖြစ်သလို မိမိ ဦးနှောက်နဲ့ နှလုံးသားကို အသိအမှတ် မပြုရာလဲ ရောက်ပါတယ်၊

ဒီနေရာမှာ မနုဿဗေဒ ပညာရှင်တစ်ဦးရဲ့ အဆိုအမိန့်ကို ပြောပြချင်ပါတယ် “ ထာဝရ ဘုရားက လူတို့ကို ဖန်ဆင်းထားခြင်းမဟုတ် လူတို့ကသာ ထာဝရ ဘုရားကို ဖန်ဆင်းထားခြင်းဖြစ်သည်” လို့ ဆိုပါတယ် ဒီလိုဆိုရင် ဦးဇင်းက လဲ ပြောချင်ပါတယ် နတ်တို့ က လူတို့ကို စောင့်ရှောက်ထားခြင်းမဟုတ် လူတို့က သာ နတ်တို့ ကို စောင့်ရှောက်ထားခြင်းဖြစ်တယ်ဆိုတာပါပ၊ဲ


ဒါကြောင့် မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာဝင် မှန်ရင် သာသနာပ ကိုးကွယ်မှုကို မရှာရလို့ မိန့်တော်မူခဲ့တာ ဖြစ်ပါတယ်။

ထေရ၀ါဒ ဗုဒ္ဓဘာသာ ၀င် စစ်စစ်ဖြစ်ဖို့ အတွက်….. ယုံကြည်မှု သဒ္ဓါ တရားရှိရမည် ,စောင့်ထိန်းမှု သီလ ရှိရမည်, ကောတုဟလ မင်္ဂလာကို မယုံကြည်ရ, ကံတရားကို ယုံကြည်သူဖြစ်ရမည်, သာသနာတော်ပြင်ပ ကိုးကွယ်မှု မရှာရဆိုတဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာ မူ ၅ ချက်ကို ဦးထိပ် ပန်ဆင်၍ ဗုဒ္ဓ၀ါဒ သဘောတရားဖြစ်သော ဆင်းရဲ ခြင်းမှ ချမ်းသာခြင်းသို့၊ မကောင်းမှု မှ ကောင်းမှုသို့၊ အမှောင်မှ အလင်းသို့၊ မသိမှုမှ သိမှုသို့၊ ဒုက္ခအတွင်းမှ ဒုက္ခလွတ်မြောက်ရာသို့ ရောက်အောင် အသိ အကျင့် ဘက်စုံမြှင့်၍ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် ဖြစ်အောင် ကြိုးစားကြပါစို့…….။

Theravada Buddhist Foundation (ထေရ၀ါဒ ဗုဒ္ဓဘာသာမူ (၅)ရပ် ) by Ashin Tikkhanyanalinkara ( Tikkhanyanalinkara Ashin )

Wednesday, June 2, 2010

ဝိပဿနာအဓိပ္ပါယ်နှင့် ဘာကြောင့်အားထုတ်သင့်သလဲ?


ယနေ့ခေတ်တွင် ၀ိပဿနာ ရှုမှတ်ခြင်းကို ခက်ခဲသည်ဟု ပြောဆိုနေကြခြင်းမှာ လုံးဝမှားယွင်းလှပေသည်။ ပြသသော တရားပြဆရာပုဂ္ဂိုလ်အပေါ်မူ တည်ပြီး တစ်ထိုင်တည်းနှင့်လည်း အပါယ်တံခါးပိတ်နိုင်ပါသည်။ သို့သော် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်ရန်မှာ ဆရာကောင်းလိုအပ် သည့်အပြင် မိမိ၏ ပါရမီ၊ အနုအရင့်နှင့် ကြိုးစားမှုအပေါ် မူတည်ပေသည်။ဝိပဿနာ ဆိုရာတွင် "၀ိ"သည် များပြားလှစွာသော သတိပဌာန်လေးပါးတို့ဖြင့် "ပဿနာ"သည် ဉာဏ်ဖြင့် ရုပ်၊ နာမ်တို့အား ရှုမှတ်ခြင်းဟု အဓိပ္ပါယ်ရသည်။ "ဘာဝနာ"ဆိုသည်မှာ တိုးပွားခြင်း၊ ပွားများခြင်းဟု အဓိပ္ပါယ် ရသည်။
ထို့ကြောင့် "၀ိပဿနာဘာဝနာ"မှာ များပြားလှစွာသော သတိပဌာန်လေးပါးတို့ဖြင့် ရုပ်၊ နာမ်တို့အား ဉာဏ်ဖြင့် ရှုမှတ်ပွားများခြင်းဖြစ်သည်။ ၎င်းတွင် ပညတ်နှင့်ပရမတ် ကိုသိရန် လိုအပ်သည်။

ပညတ်

(၁) ခေါ်ဝေါ် / သတ်မှတ်
(၂) မရှိ /မမှန်
(၃) ကိုင်တွယ်နိုင်
(၄) ပုံသဏ္ဍာန်(ရှိ)
အရောင်အဆင်း(ရှိ)
ဇီဝသတ္တ၀ါ(ရှိ)
(၅) နေရာညွှန်ပြနိုင်


(၆) သာမန်သိ
(၇) ပုံ
(၈) သဏ္ဍာန်
(၉) အကာ
(၁၀) အတု
(၁၁) အပူ

ပရမတ် (ပရမတ္တ)

သဘောတရား
အရှိ /အမှန်
ကိုင်တွယ်၍မရ
ပုံသဏ္ဍာန်(မရှိ)
အရောင်အဆင်း(မရှိ)
ဇီဝသတ္တ၀ါ(မရှိ)
နေရာညွှန်ပြ၍မရ။


ဉာဏ်ဖြင့်သိ
ဂုဏ်
အမှန်
အနှစ်
အစစ်
အငြိမ်း


ပညတ်နယ်မှာ လောကကြီးသုံးပါးဖြစ်သည်။ သတ္တ၊ သြကာသ၊ သင်္ခါရ လောကတွင် သတ္တ၀ါအားလုံး မှီတင်းနေထိုင်ကြသည်။ ပရမတ်နယ်မှာ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်တို့ဖြစ်သည်။ စိတ်၊ စေတသိက်၊ ရုပ်သည် အရှုခံဖြစ်ပြီး နိဗ္ဗာန်က မျက်မှောက်ပြုရမည်ဖြစ်သည်။ ပညတ်နယ်နှင့် ပရမတ်နယ်ကို စပ်ပြီး ရှုမှတ်ရပါသည်။ ရှုမှတ်သည့်အခါ စိတ်၊ စေတသိက်၊ ရုပ်တို့အား ခန္ဓာငါးပါးအဖြစ် ခွဲခြားပြလို့ရသည်။ စိတ်သည် သိမှုသဘော၊ စေတသိက်သည် စိတ်ကို မှီတွယ်ခြယ်လှယ်နေသည်။ စိတ်နှင့်စေတသိက်ပေါင်းလျှင် နာမ်၊ ထို့ကြောင့်


အရှုခံက ရုပ်နှင့်နာမ်၊
ရှုမှတ်ရမည့်နည်းမှာ သတိပဌာန်လေးပါး

ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ မည်သည့်လမ်းနှင့် ကျင့်ကျင့် နိဗ္ဗာန်သို့ မျက်မှောက်ပြုပါသည်။ "သဘာဝ" ဆိုသည့် "မူပိုင်" လက္ခဏာမှာ ကွဲပြားသော်လည်း လမ်းဆုံးလျှင် "သာမည" ဆိုသည့် "ပုံမှန်"လက္ခဏာမှာ အတူတူပင်ဖြစ်သည်။ မဂ် ဖိုလ် နိဗ္ဗာန်ကို မျက်မှောက်ပြုသည့်နေရာတွင် အတူတူပင်ဖြစ်သည်။ ရွှေတိဂုံဘုရား ကို မည်သည့်မုခ်က တက်တက် နောက်ဆုံးရင်ပြင်ကို ရောက်သည့်သဘောပင်ဖြစ်သည်။

အရှုခံခန္ဓာငါးပါးတွင်
ရုပ်ခန္ဓာက ရူပက္ခန္ဓာ (ဖောက်ပြန်)

နာမ်ခန္ဓာလေးပါးကတော့
ဝေဒနာက္ခန္ဓာ (ခံစား)
သညာက္ခန္ဓာ (မှတ်သား)
သင်္ခါရက္ခန္ဓာ (ပြုပြင်)
ဝိညာဏက္ခန္ဓာ (သိမှု)
အားလုံးပေါင်းလျှင် "ရုပ်နှင့်နာမ်" နှစ်ပါးဖြစ်သည်။

အရှုခံသည် ခန္ဓာငါးပါး (ရုပ်နှင့်နာမ်)
ရှုဉာဏ်သည် မဂ္ဂင်ငါးပါး (သမာဓိနှင့်ပညာ)
ထိုသို့ ရှုမှတ်သည့်အခါ အရှုခံ မှန်၊ ရှုဉာဏ်မှန်၊ သတိ က ဗိုလ် (အထွဋ်အထိပ်)၊ နှလုံးသွင်း မှန်လျှင် မိမိတာဝန်ကျေပြီဖြစ်သည်။ သို့သော်အချိန်ကိုတော့ စောင့်ရပါသည်။ အချိန်လည်းရောက်၊ ပါရမီလည်းပြည့်ပြီး သဘောဆိုက်လျှင် မဂ်ဆိုက်၍ဖိုလ်ဝင်စားပြီး "မြတ်နိဗ္ဗာန်"သို့ မျက်မှောက်ပြုပါသည်။ ၀ိပဿနာ ကို အားထုတ်ရသည့်အကြောင်းရင်းမှာ -
(၁) ဘုရားအကြိုက် နှင့် (၂) မိမိအကြိုက်ဘုရားရှင်က ၀ိပဿနာအကျင့် တစ်ခုတည်းနှင့် ပူဇော်ခြင်းကိုသာလျှင် ချီးမွမ်းတော်မူသည်။ ကျန်သောအလုပ်များနှင့် ပူဇော်ခြင်းကို မချီးမွမ်းပါ။

မိမိအကြိုက်ဆိုရာတွင် ရခဲလှသည့် လူ့ဘ၀မှာ လူဖြစ်ရကျိုးနပ်ဖို့နှင့် သာသနာနဲ့ မီပါသည် ပြောနိုင်ဖို့ ၀ိပဿနာအားထုတ်ရမည်ဖြစ်သည်။ ဒါန၊ သီလ၊ သမထတို့ကို အထွဋ်အထိပ် လုပ်နေပေမယ့် ၀ိပဿနာ မပါလျှင် သာသနာနှင့်မီသည်လို့ ပြောလို့မရပေ။
ဝိပဿနာအားထုတ်ခြင်း အကျိုး(၄)မျိုးမှာ
(၁) ကျန်းမာရေးကောင်းမွန်ခြင်း၊
(၂) အနေတတ်ခြင်း၊
(၃) အသေတတ်ခြင်း၊
(၄) အပါယ်ဘေးက လွတ်ပြီး မဂ် ဖိုလ် နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ခြင်း၊ အပါယ်လွတ်ပြီးမှသာ နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ခြင်း ကြောင့်လည်း ၀ိပဿနာ ဘာဝနာ အားထုတ်ဖို့အထူး တိုက်တွန်းလိုက်ရပါသည်။