Showing posts with label ပညာပေး ဆုံးမစာများ. Show all posts
Showing posts with label ပညာပေး ဆုံးမစာများ. Show all posts

Friday, February 5, 2010

လူ့ဘ၀ဧ။်အကြီးမားဆုံးသောအသိတရား၁၄ချက်

လူ့ဘ၀ဧ။်အကြီးမားဆုံးသောအသိတရား၁၄ချက်

၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင် ပင်ဖြစ်သည်။

၂။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည် မိမိဧ။် မာနကြောင့်ဖြစ်သည်။

၃။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိ ကိုယ့်ကိုမိမိ လိမ်လည်နေ
ခြင်းဖြစ်သည်။

၎။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ၀မ်းနည်းရခြင်းသည် မိမိဧ။် မနာလို ၀န်တိုသော စိတ်ကြောင့်ဖြစ်သည်။

၅။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော မှားယွင်းမှု လုပ်ရပ်သည် မိမိဧ။် စိတ်ဓာတ်ကျဆင်း
ခြင်းကြောင့်ဖြစ်သည်။

၆။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပြစ်မှုပြုခြင်းသည် မိမိဧ။် အနိုင်ကျင့်လိုသော စိတ်ဓာတ်ကြောင့် ဖြစ်သည်။

၇။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော သနားစရာကောင်းခြင်းသည် မိမိဧ။် စိတ်အားငယ်မှု
ဖြစ်သည်။

၈။ လူ့ဘ၀ဧ။် အကြီးမားဆုံးလေးစားခံရခြင်း သည် မိမိဧ။် ကြံ့ခိုင်သည့် စိတ်ဓာတ်ဖြစ်သည်။

၉။ လူ့ဘ၀ဧ။် အကြီးမားဆုံး စီးပွားပျက် ရခြင်းသည် မိမိဧ။် ကိုယ်ပိုင်အနာဂတ် မျှော်လင့်ချက်
ကင်းမဲ့ခြင်း ကြောင့်ဖြစ်သည်။

၁၀။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ချမ်းသာရခြင်းသည် မိမိဧ။် ကျန်းမာရေး ကောင်းမွန်ခြင်းဖြစ်သည်။

၁၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အကြွေးသံသရာ ဖြစ်ခြင်းသည် လူမှုရေး
အကြွေးသံသရာဖြစ်သည်။

၁၂။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လက်ဆောင်မွန်သည် မိမိဧ။် သည်းခံခွင့် လွတ်တတ်သော စိတ်ဓာတ် ဖြစ်သည်။

၁၃။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လိုအပ်ချက်သည် မိမိဧ။် အကြင်နာတရား မေတ္တာ စိတ်ဓာတ်ဖြစ်သည်။

၁၄။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပီတိသည် အလှူဒါန ပြုခြင်း ဖြစ်သည်။

အေးချမ်းစေသော စကားလုံးကလေးများ

ယခုတင်ပြသည်တို့မှာ ဖတ်မိသူများနှင့် ကျွန်တော်၏ သူငယ်ချင်းများ တနေ့တချိန် ဖတ်မိနိုင်ခဲ့လျှင် အကျိုးရှိနိုင်သည်ဆိုသော ဆန္ဒနှင့် ဘ၀ တကွေ့က မထင်မှတ် ဂရုမမူမိခဲ့သော
ကိစ္စအသေးကလေးများသည် မည်မျှထိရောက် အရေးကြီးသည်ကို သိစေလို၍ ဖြစ်ပါသည်။

( ဉာဏ်စွမ်းရည် )
နားလည်သဘောပေါက်နိုင်စွမ်း ဉာဏ်မရှိသောသူကို ဘာတွေပြောပြော ဘယ်တော့မှ ထူးလာမှာ မဟုတ်ပါ။ နားမလည်သရွေ့
သဘောမပေါက်နိုင်ပါ။ သဘောမပေါက်လျှင် ဘယ်တော့မှ အကြံဉာဏ်သစ်ကို ပြောင်းဖို့
လက်ခံမှာ မဟုတ်ပါ။ အချိန်ကုန်၊ ဒေါသထွက်ခြင်းသာ ကိုယ့်အတွက် ရလဒ်ဖြစ်သည်။

( ဝေဖန်မှု )
သူများကိုဝေဖန် သုံးသပ်နေလျှင် မပြေလည်မှုများ ပိုများလာမည်၊ ကိုယ့်ဖြစ်ရပ်များ
ကိုယ့်ကိစ္စများကိုသာ အချိန်များများသုံးပြီး အမှားများကို ဝေဖန်
စိစစ်သုံးသပ်ပါ။ လမ်းမှန်ပေါ် ရောက်ရန် ကြိုးစားပါ။ သူများတွေနှင့်လည်း
ပို၍ အဆင်ပြေလာမည်။

( အားလုံးနှင့် ပြေလည်လိုလျှင် )
ကျွန်တော်ဘ၀မှာ အားလုံးနှင့်
အဆင်ပြေအောင်နေဖို့ ဒီလိုနေကြည့်တာ အောင်မြင်တယ်။
လုပ်ကြည့်စမ်းပါလား-ဗျာ။ သူများမကြိုက်တာ ဆန့်ကျင်တာ ဝေဖန်တာတွေကို
မပြောမိအောင် နေတယ်။ ကိုယ့်အကြောင်း မကောင်းတာ၊ ကိုယ်မနှစ်သက်တာကို
ကိုယ့်ရှေ့မှာပဲ ပြောပြော ဘာမှ ပြန်မပြောမိအောင်နေပြီး
ကြိုးစားနားထောင်ပေးလိုက်ပါတယ်။

သတ္တိမရှိ ကြောက်လို့ ပြန်မချေပဘဲ ငြိမ်နေတာမဟုတ်ပါ။ ပြောတတ် ပြောချင်တဲ့စကားလုံးတွေ လျှာဖျားအထိ
ရောက်လာပေမဲ့ ပြန်မျိုချထားလိုက်တယ်။ ခုလိုအောင့်အည်း သည်းခံလိုက်ရတဲ့
ဒုက္ခက ခဏလေးပါ။ သည်းမခံနိုင်လို့ လက် နှုတ်နှင့်ပြန်ချေပမိလိုက်ရင်
တွေ့ရမယ့် အရှုပ်အရှင်းပြဿနာက ပိုကြီးမယ်။ လုပ်ငန်း အလုပ်ဌာနမှာ ဆိုရင်
အဆင်မပြေတာတွေ များလာပြီး အလုပ်လက်မဲ့ ဖြစ်နိုင်တယ်။
နှုတ်ပိတ်သည်းခံလိုက်ရတဲ့ ဒုက္ခက နောက်ထပ် တွေ့ရမယ့်ပြဿနာတွေနဲ့ ဘာမှ
မယှဉ်သာပါဘူးဗျာ။ သည်းခံလိုက်ရတဲ့အကျိုးကြောင့် ပတ်ဝန်းကျင်နဲ့
အဆင်ပြေတာတွေလည်း တိုးလာပါတယ်။

( ဘ၀အဖြစ်အပျက်နှင့် ခံယူချက် အဆက်အစပ် )
လူတိုင်းရဲ့ ဘ၀အဖြစ်အပျက်-အားလုံးဟာ သူခံယူထားတဲ့ ခံယူချက်နဲ့ တိုက်ရိုက်ဆက်စပ်နေတယ်။
ခံယူချက်-မပြောင်းသရွေ့ အခြေအနေ ဘယ်တော့မှ မပြောင်းပါ။ မွေးစကလေးမှာ
ဗီဇ-ပါလာတယ်လို့ ပြောကြပေမယ့် သူ့ကိုယ်ပိုင်ဉာဏ်ကနေ ပတ်ဝန်းကျင်မှာ
တွေ့ထိသမျှကို ဝေဖန်ပြီး ခံယူချက်-အနေနဲ့ လက်ခံလိုက်တာပဲ။
အချိန်ကြာသွားလေလေ ခံယူချက်-က ပြောင်းဖို့ ခက်လေလေပါပဲ။

ပထမဆုံးလိုအပ်တာက အမှား-အမှန်
ကောင်း-မကောင်း လုပ်သင့်-မလုပ်သင့်ကို
ဝေဖန်နိုင်စွမ်းရှိတဲ့ဉာဏ်။ ဒုတိယက ၄င်းဉာဏ်ဖြင့် မှန်သော၊ ကောင်းသော
လုပ်သင့်သော အချက်များကို လက်ခံနိုင်စွမ်းရှိတဲ့ အသိစိတ်၊။
တတိယအချက်က မှားနေသော လက်ခံယူထားပြီးသား ခံယူချက်များအစား မှန်သော ကောင်းသော
လုပ်သင့်သော ခံယူချက်-အသစ်များဖြင့် အစားထိုး ပြောင်းလိုသည့်ဆန္ဒ-နဲ့
ပြောင်းနိုင်စွမ်းရှိတဲ့ စွမ်းရည်များ အဓိက လိုအပ်ပါတယ်။

( မကျေနပ်မှုဖြစ်တိုင်း ဒီလိုမြင်ပါ )
လူတယောက်ကို မကျေမနပ် ကိုယ်စိတ်တိုင်းကျ ဖြစ်မလာတိုင်း စိတ်ဆိုးပြီး ဆုံးဖြတ်ချက်
လွယ်လွယ်လေးနဲ့ အပြစ်မမြင်ပါနဲ့။ သူဘာတွေဖြစ်နေလဲ သူဘယ်လောက် ဒုက္ခတွေ့နေလဲ
ဆိုတဲ့ သနားတဲ့စိတ်နဲ့ သူ့နေရာကနေ နေပြီး ခွင့်လွှတ်စိတ်အပြည့်နဲ့
တွက်တတ်ပါ။ ကိုယ်လည်း အခက်အခဲ အများကြီးတွေ့ဖူးလို့ တခြားတယောက်က
ကိုယ့်ချွတ်ယွင်းချက်ကို ခွင့်လွှတ်ဆက်ဆံရင် ဘယ်လောက် ၀မ်းသာမလဲဗျာ။


( စိတ်ညစ်ချိန်မှာ )
စိတ်ညစ် စိတ်ရှုပ်စရာတွေ တွေ့ချိန်တိုင်းမှာ စိတ်ကို အေးအောင် ကြည်အောင် ရှင်းအောင်
ထားပါ။ ခက်သွားအောင် မလုပ်ပါနဲ့၊ အပိုစိတ်ရှုပ်အောင် အပူတွေ
ထပ်မပေါင်းပါနဲ့။ ပို၍ စိတ်ညစ်စရာတွေ ရှုပ်ပြီး များလာလျှင် ပြေလည်အောင်
ဖြေရှင်းဖို့၊ အကြံဉာဏ်ကောင်းတွေ ၀င်လာဖို့ နေရာရှိမှာ မဟုတ်တော့ပါ။
စိတ်အေးအေးထား ဆုံးဖြတ် အစီအစဉ်ဆွဲတတ်ပါစေ။

( အကောင်းဆုံးအမြင်-စိတ် )
ဘာအကြောင်းကလေးပဲဖြစ်ဖြစ် ကောင်းတဲ့ရှုထောင့်က တွေးပါ။ မြင်ပါ။ သနားခွင့်လွှတ်နိုင်တဲ့ စိတ်ကို
အခြေခံထားပါ။ ကိုယ့်နေရာ ကိုယ်ဖြစ်ချင်တဲ့ပုံ၊ ဆန္ဒတွေနဲ့မြင်ပြီး
မကျေမနပ်ဖြစ်ပြီး စိတ်တိုင်းမကျ အပြစ်တင်နေသရွေ့ ဘယ်သူနဲ့မှ ဆက်ဆံမှု
ပြေလည်မှာ မဟုတ်ပါ။ သူ့နေရာကနေ ကိုယ်ချင်းစာပြီး တွက်ပါ။ သူ့ရဲ့အဖြစ်မှန်
အခြေအနေကို ဘာမှသေချာမသိဘဲနဲ့ ကိုယ်လိုချင်တဲ့ဆန္ဒ အတိုင်းအတာအတိုင်း
ဖြစ်မလာတာကို ဝေဖန်အပြစ်တင်တတ်တာမျိုး ရှောင်ပါ။
ဒီလိုအကောင်းဆုံး-အသိ-အမြင်-စိ
တ် အားလုံးအပေါ် ထားနိုင်ရင် လူတိုင်းနဲ့ ပြေလည်ပါမယ်။

( ဒေါသ နှင့် မေတ္တာ )
တခုတည်းသော ချွတ်ယွင်းချက် မရှိ၊ ထာဝရမှန်နေသည့် နိယာမမှာ ဤသို့ဖြစ်ပါသည်။
ဒေါသတိုင်းမှရသော ရလဒ်သည်-ဘာကောင်းကျိုးမှ မပေး။ ဆုံးရှုံးမှုနှင့် အဆုံးသပ်သည်။
နှစ်သက်မြတ်နိုးသူ မရှိ။ ဒေါသကို ပိုင်ထားသူတိုင်း အပူသောကနှင့်
စိတ်ဆင်းရဲနေရသည်။

မေတ္တာတိုင်းမှရသော ရလဒ်သည်-
အမြဲကောင်းကျိုးပေး၏။ အောင်မြင်မှုနှင့်
အဆုံးသပ်သည်။ လူတိုင်းနှစ်သက်မြတ်နိုး၏။ မေတ္တာကို
ပေးတတ်သောသူနှင့် လက်ခံရသူ နှစ်ဦးစလုံး စိတ်ချမ်းမြေ့ အေးချမ်းမှုကို
ရယူနိုင်ကြသည်။

( ကုန်ကျမှု နှင့် ၀င်ငွေ )
အသက်ရှင်နေသော အသက်အရွယ်ရောက်သူတိုင်းမှာ စားဝတ်နေထိုင်မှု ကုန်ကျစရိတ် ကာမိအောင်
ဝင်ငွေရတဲ့ အလုပ် ရှိကိုရှိရမည်။ လောကမှာ အလုပ်က နှစ်မျိုးပဲ ရှိသည်။
သန့်ရှင်းသောအလုပ်က ရသော ငွေနှင့် မဖြောင့်မတ်သောလမ်းနှင့် ရှာ၍ရသော ငွေ။

( ချမ်းသာလိုလျင် )
ချွေတာမှ စုနိုင်မည်။ စုနိုင်မှ ချမ်းသာမည်။

( သုံးသပ်ခြင်း )
သူများအကြောင်း အခြေအနေကို အချိန်များများယူ သုံးသပ်ဝေဖန်နေလျှင် သူများနှင့်
အဆင်မပြေလည်မှု ပိုများလာမည်။ ကိုယ့်ကိုယ်ကို များများသုံးသပ်ဝေဖန်ပြီး
မှားနေတာတွေကို ပြင်နိုင်လျှင် သူများတွေနှင့် ဆက်ဆံရတာ ပို၍ အဆင်ပြေလာမည်။

( မှတ်သားလိုက်နာခြင်း )
သင်ခန်းစာအဖြစ် မှတ်ယူသင့်သည့်စကားလုံး စာကြောင်းစာတန်းများကို အခွင့်အခါကြုံတိုင်း ရေးယူ
မှတ်သားခြင်းတို့သည် အလွန်ကောင်းသောအကျင့်ပင်။ ရေးထားသမျှ မှတ်တမ်းတွေကို
စာအုပ်အဖြစ်ရေးဖို့ တခုတည်းသာ ရည်ရွယ်လျှင် စာဖတ်ပရိသတ်အတွက်
တန်ဖိုးရှိသော စာအုပ်ရေးတတ်သည့် စာရေးဆရာပင် ဖြစ်သွားနိုင်သည်။
ကိုယ်ရေးမှတ်ထားသော စာတွေထဲက တန်ဖိုးရှိသော စာသားတွေအတိုင်း ကိုယ်ကြိုးစား
လိုက်နာနိုင်ဖို့လည်း မမေ့သင့်ပါ။

( မှတ်ချက် )
ရေးသမျှ စာအားလုံးအတိုင်း လိုက်နာနိုင်ဖို့ ကျွန်တော့်မှာ အရည်အချင်း
မရှိသေးပါကြောင်း ၀န်ခံပါသည်။ အတတ်နိုင်ဆုံး ကြိုးစားနေပါကြောင်း
ကတိပြုပါသည်။

Thursday, February 4, 2010

ဆုံးမသြ၀ါဒများ

လယ်တီဆရာတော် သံဝေဂတေးထပ်...

ငါးအာရုံ ဘင်အစု၊ ခင်မှုနှင့် နေ့ကုန်၊

နင်ယခု မေ့ပုံလို၊ တွေ့မကြုံ စခန်း၊

ပါယ်လေးဝ သောကဘုံမှာ၊ မျောရရုံ ရှိတော့မခန်း။

အောက်ဝီစိ သောင်းအငူမှာ၊ ခေါင်းမပြူ စတမ်း၊

နှစ်အရှည် နစ်မည့်လမ်းကိုလ၊ နင်မျှော်စမ်း နင့်ကိုယ်၊

ဒေသနာ ထင်အလင်းရယ်နှင့်၊ နင်အဖျင်း ပိုထက်သာပို။

သည်လောဘ စရိုက်အိုကို၊ မလိုက်လို ရှောင်ပစ်လို့၊

နောက်အသစ် တကယ်ပြင်လျင်၊ ကောင်းဖို့ အစဉ်၊

ခွင့်သာခိုက်ကမှ မလိုက်ချင်လျှင်၊

အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။

ခွင့်သာဆဲကမှ မခဲချင်လျှင်၊

အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။

ခွင့်သာတုန်းကမှ မရုန်းချင်လျှင်၊

အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား....

(တပည့်မောင်သြဇာကို ဆုံးမသော ဆရာတော်ဘုရားကြီး၏ သံဝေဂတေးထပ်)

+++++++++++++++++++++++++++++++++++++++

အသာခံလမ်းစဉ်နှင့် အနာခံလမ်းစဉ်...

အရှင်ဒေ၀ဒတ်သည် အရာရာ၌ အသာချည်း စံခဲ့သည်။ အသာစံခြင်း ၀ါဒကို တည်ထောင်ခဲ့သော အရှင်ဒေ၀ဒတ်သည် ယခုအခါ အ၀ီစိ ငရဲသို့ ကျရောက်နေရပြီ ဖြစ်၏။ ထို့အတူ အသာစံခြင်း ၀ါဒကို တည်ထောင်ခဲ့သူ မှန်သမျှသည်
အရှင်ဒေ၀ဒတ် နောက်သို့ လိုက်ကြရမည် ဖြစ်၏။

ဗုဒ္ဒသည် အရာရာ၌ အနာခံခဲ့သည်။ အနာခံခြင်း ၀ါဒကို တည်ထောင်ခဲ့သော ဗုဒ္ဓသည် ယခုအခါ နိဗ္ဗာန်သို့ ရောက်နေပြီ ဖြစ်၏။ ထို့အတူ အနာခံခြင်း ၀ါဒကို ကျင့်သုံးသူ မှန်သမျှသည် ဗုဒ္ဓနောက်သို့ လိုက်ကြရမည် ဖြစ်၏။

သစ္စာစကားဖြင့် ပြောလျှင် အသာစံခြင်းသည် “သမုဒယသစ္စာ” ခေါ် တဏှာကို သိမ်းပိုက်ထားခြင်း ဖြစ်၏။ အနာခံခြင်းသည် သမုဒယသစ္စာ ခေါ် တဏှာကို စာတွေ့မဟုတ်ဘဲ ငါတွေ့အလုပ်ဖြင့် ပယ်သတ်ခြင်း ဖြစ်၏။

ထို့ကြောင့် နိဗ္ဗာန်ကို ရယူလိုသူ မှန်သမျှ အနာခံခြင်း ၀ါဒကို ကျင့်သုံးရမည် ဖြစ်သည်...

[အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ)]

++++++++++++++++++++++++++++++++++++++++++++



သူများအကျိုး ပျက်စီးရာကို ဘယ်အခါမှ မပြောနှင့်၊ မလုပ်နှင့်၊ မကြံနှင့်။

ကြမ်းထမ်းသော စကားကို မဆိုနှင့်။

မေတ္တာနှင့်ယှဉ်သော စိတ်ကို ဖြစ်စေရမည်။

အကောင်းကြံ၊ အမှန်လုပ်၊ အဟုတ်ပြော။

ယခုလက်ရှိအချိန်ထက် ကောင်းသောအချိန်မရှိ။

လက်ရှိအချိန်ကို နိဗ္ဗာန်အထိ အကျိုးရှိအောင် သုံးပါ။

(မင်းကွန်းဆရာတော်ဘုရားကြီး)

++++++++++++++++++++++++++++++++++++++++++++++

တရားစစ်နည်း...

အသိတစ်ခုကို သိရ၍ ကိလေသာများ လျော့ပါးမှု၊ ကုန်ခန်းမှု မရှိလျင်

ထိုအသိသည် သညာသိ၊ စာသိ၊ ဗဟုသုတသိ။

အသိတစ်ခုကို သိရ၍ ကိလေသာများ လျော့ပါးမှု၊ ကုန်ခန်းမှု ရှိလျင်

ထိုအသိသည် ပညာသိ၊ ခန္ဓာသိ၊ ပဋိဝေဓသိ။

ဤကား သောချာသော တရားစစ်နည်းတည်း...

[အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ)]

+++++++++++++++++++++++++++++++++++++++++++

စေတီထိုက်သော ခန္ဓာအိမ်...

ယောဂီတို့ ကိုယ့်ရှိပြီးသား ထွက်လေ၊ ၀င်လေ လေးကိုပဲ တစ်ရူတစ်ရှိုက် နှာသီးဖျား သတိလေးကပ်ပြီး ဘုရားဂုဏ်တော်တွေ၊ တရားဂုဏ်တော်တွေ၊ သံဃာ့ဂုဏ်တော်တွေ ထုံမွှမ်းပြီး မှတ်နေကြတော့။

ယောဂီတို့ရဲ့ ခန္ဓာအိမ်ကြီးက စေတီအိမ်ကြီးလိုပဲ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတွေရဲ့ ပူဇော်ခြင်းငှာ ထိုက်နေတော့တယ်။

ခန္ဓာကိုယ် တစ်ခုလုံး တရားတွေနဲ့ ပြည့်နေတော့ ယောဂီတို့ရဲ့ ခန္ဓာကိုယ်ကြီးက

နံ့သာတုန်းကြီး ဖြစ်မနေဘူးလား။

အကောင်းတုန်းကြီး ဖြစ်မနေဘူးလား။

အမွန်မြတ်တုန်းကြီး ဖြစ်မနေဘူးလား။

ဒီလို ဖြစ်ဖို့ မလွယ်ဘူး။

ကြိုးစားအားထုတ်ကြ.....

(မောင်းထောင် မြေဇင်းတောရ ဆရာတော်ဘုရားကြီး)

ဆုံးမသြဝါဒများ

မမြဲစု (၆) ခု…
၁။ ရူပလက္ခဏာ၊ ကိုယ်ခန္ဓာ၊ များစွာဖေါက်လှဲ၊ တည်မမြဲ။
၂။ လောကီဥစ္စာ၊ ရတနာကို၊ များစွာသိမ်းဆည်း၊ နေမမြဲ။
၃။ ပုထုဇဉ်လူ၊ မောဟထူကို၊ အယူစွပ်စွဲ၊ မှတ်မမြဲ။
၎။ သူမြတ်တို့အား၊ ချစ်သနား၍၊ မြီစားမြှောက်ကဲ၊ ရာမမြဲ။
၅။ သစ်ကိုင်းခက်မြိုင်၊ ကမ်းမနိုင်၊ ပြိုယိုင်ရေထဲ၊ တည်မမြဲ။
၆။ ငါတကားဟု၊ ကြိမ်းဝါးမောင်းမဲ၊ မှတ်မမြဲ။
ဖျက်စု-ခက်စု-ခဲစု-မမြဲစု တို့ကို ကြည့်ရှု မှတ်သားတော်မူကြပါ။
ပညာသတိ၊ စိစိကြပ်ကြပ်၊ စက်လျှင်ဖြတ်သို့၊ လျှောက်ပတ်တော်လျော်၊ လူသူတော်တို့၊
တေဇော်မှန်ကင်း၊ မင်းထက်မင်းလျှင်၊ လက်ရင်းထားတော် မူလိမ့်တည်း…


(တောင်ဖီလာဆရာတော်၏ လောကသဘာဝ ဆုံးမစာ)


+++++++++++++++++++++++++++++++


လယ်တီဆရာတော်ဘုရားကြီး၏ နိဗ္ဗိန္ဒတေးထပ်…


Ø အ၀ိဇ္ဇာ ပိတ်ကာဆို့၊ မိစ္ဆာမြို့ ပြင်ပြင်၊
ဣဋ္ဌာလို့ ခင်မင်လျှင်၊ လွင့်စင်မည် မလွဲ၊
အရွတ်စု အပုပ်ကောင်ကို၊ အဟုတ်ယောင် မှားဖို့ ဖန်နဲ၊
Ø အသုဘ ရုပ်တစ္ဆေငယ်၊ မဟုတ်လေ ကိုယ်ထဲ၊
အပုပ်ရည် စိုအရွှဲဟာမို့၊ ယိုမစဲ သူ့မှာ၊
သွေး သည်ခြေ ပြည်သလိပ်တွေက၊ တည်မဆိပ် လျှမ်းပြည့်သည်သာ၊
Ø သို့ကလောက် ရွံစရာပါကို၊ လွန်တဏှာ မက်စွဲလို့၊
စက်ဝဲမှာ တပေပေ၊ မွန်းနစ်ကြပလေ၊
တဏှာဖမ်းတဲ့ အကန်းတွေမှာ၊ အပန်းမပြေ ဟိုက်မောရှာကြလေး။
Ø တဏှာပူးတဲ့ အရူးတွေမှာ၊ အမူးမပြေ မိုက်မောရှာကြလေး။
Ø တဏှာလိုက်တဲ့ အမိုက်တွေမှာ၊ အဟိုက်မပြေ ပင်ပန်းရှာကြလေး။


+++++++++++++++++++++++++++++++++++++++++++++


လယ်တီဆရာတော်ဘုရားကြီး၏
ဟံသာဝတီခရိုင်၊ ကွမ်းခြံကုန်းမြို့၊ မြို့ကွင်းကျောင်းဘုန်းကြီး တပည့်ဦးသူရိန္ဒကို သတိပေး ဆုံးမအပ်သော
သြ၀ါဒတေးထပ်



- မျက်မြင်မှာ ဉာဏ်တွဲလို့၊ အနဲနဲရှုပါ၊
- ငရဲနှင့် လူ့ရွာမှာ၊ ခုအခါ မခြား၊
- မီးသုံးရပ် ဗလောင်ဆူ၊ အကောင်ပူ သင်းတို့ ဖြစ်လား၊
- စိတ်ရတက် အညစ်ထူ၊ အပြစ်မူထွေပြား၊
- တတွေတွေ သေလို့သွားရင်လ၊ တဖွားဖွားအောက်မှာ၊
- ယမနယ် ဘုံအနှုန်း၊ အကုန်လုံး စုကြမည်သာ၊
- သို့ကလောက် လူ့ငြမ်းဟာကို၊ ရှုစမ်းပါညီလှရဲ့၊
- မှီသမျှ ဉာဏ်ကုန်မျှော်နော်၊ ရောလို့ မတော်၊
- အလိုလိုက်လို့ အငိုက်ချော်လျှင်၊
- တဟိုက်ဟော်ဟော် ညီမောရှာလိမ့်လေး။


+++++++++++++++++++++++++++++++++


သံဝေဂ၀တ္ထု (၈) ပါး...



- နုနယ်ရုပ်ဆင်း၊ ပျိုမြစ်ခြင်းကား၊ အိုမင်းနောက်ဆုံး ရှိချေ၏။
- ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊ ယိုယွင်းနောက်ဆုံး ရှိချေ၏။
- ၀ိညာဏ်ထင်လင်း၊ သက်ရှင်ခြင်းကား၊ သေခြင်းနောက်ဆုံး ရှိချေ၏။
- ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊ ကွေကွင်းနောက်ဆုံး ရှိချေ၏။
- ထက်ကြွားကြွကြွ၊ မြင့်လွန်းကလည်း၊ လျောကျနောက်ဆုံး ရှိချေ၏။
- ခုံမင်ခယ၊ ချစ်သမျှကား၊ သောကနောက်ဆုံး ရှိချေ၏။
- ပွဲလယ်ပြင်ပ၊ ချီးမွမ်းကြလည်း၊ ရှုတ်ချနောက်ဆုံး ရှိချေ၏။
- ကြည်သာရွှင်ပြ၊ ချမ်းသာလှလည်း၊ ဒုက္ခနောက်ဆုံး ရှိချေ၏။


(လယ်တီဆရာတော်ဘုရားကြီး)


+++++++++++++++++++++++++++++


မနာလိုကင်း ၀န်တိုရှင်း လက်ငင်းချမ်းသာ ကြရမည်။


(မဟာစည်ဆရာတော်ဘုရားကြီး)



ရွှေရှိတယ် ပြောပြော၊ ငွေရှိတယ် ပြောပြော…
ပစ္စုပ္ပန်မှာ အေးချမ်းတည်ငြိမ် ရင့်ကျက်စွာနဲ့ မနေတတ်ဘူးဆိုရင်
လူ့ဘ၀ဟာ ဘာကိုမှ အဓိပ္ပာယ် မရှိပါ။


(ယောဆရာတော်)



“ကိုယ့်အကျိုး မထိခိုက်တဲ့ သူတစ်ပါး အကျိုး သယ်ပိုးရမယ်” ဆိုတာက “အကုသိုလ်အလုပ် မလုပ်ဖို့” ပြောတာပါ။
“သူတစ်ပါးအကျိုး မထိခိုက်တဲ့ ကိုယ့်အကျိုး သယ်ပိုးရမယ်” ဆိုတာက “ကုသိုလ်အလုပ်
လုပ်ဖို့” ပြောတာပါ။


(အရှင်ဆန္ဒာဓိက)


++++++++++++++++++++++++++++++


“ဒါနကလည်း မပြောင်၊ သီလကလည်း အကြောင်၊ ဘာဝနာကလည်း အယောင်ဆောင်”


အဲဒီလို မဖြစ်စေနဲ့...


(လယ်တီဆရာတော်ဘုရားကြီး)


တဏှာခိုင်းတိုင်း လုပ်တာသည် အရှက်မရှိလို့။


အ၀ိဇ္ဇာတဏှာ ကိန်းလာရင် အရှက်အကြောက် မရှိတော့ဘူး။


ဒကာ၊ ဒကာမတွေ ကျွန်သဘောက် ပီပီ တဏှာခိုင်းတိုင်း လုပ်နေတာပဲ။


တဏှာခိုင်းတိုင်း လုပ်နေရင် သေရင် အပါယ်ရောက်ပြီ။


တဏှာအဖော် မလုပ်ပါနဲ့။ ဉာဏ်အဖော် လုပ်ပါ။


(မိုးကုတ်ဆရာတော်ဘုရားကြီး)


သူတော်ကောင်း ဆိုတာ


သူတော်အောင် ကိုယ်က ကောင်းပေးရတာပဲ။


သူတော်မှ ကိုယ်ကောင်းနိုင်မယ် ဆိုရင်


သူတော်ကောင်းအစစ် မဟုတ်နိုင်တော့ဘူး...


(ယောဆရာတော်)


++++++++++++++++++++++++++++++++++++++


ဟန်ကျအောင်...


ကိုယ့်ကိုယ်ကို ဟန်မကျတာ


ဟန်မကျမှန်းသိမှ


ဟန်ကျမယ်။


ဟန်မကျဘဲနဲ့ ဟန်ကျတယ်


ထင်နေရင်


နည်းနည်းလေးမှ


ဟန်မကျသေးဘူး။


(ဝေဘူဆရာတော်ဘုရားကြီး)

ဆုံးမစာများ


မိုးကုတ်ဆရာတော်ဘုရားကြီး၏ သံဝေဂ အစု...


(၁) ငါသည် မုချသေရမည်။ အချိန်ပိုင်းသာ လိုတော့သည်။
(၂) အဇ္ဇေ၀ သုဝေက။ ယနေ့လား နက်ဖြန်လား
သေနိုင်ပါသည်။(၃) ရခဲလှတဲ့ လူ့ဘ၀ကို အလွဲသုံးစား မလုပ်နဲ့။ အချိန်အလကား
မဖြုန်းနဲ့။

(၄) မမျှော်လင့်ဘဲ ဗြုန်းခနဲ နာလည်း နာနိုင်သည်။
(၅) မမျှော်လင့်ဘဲ ဗြုန်းခနဲ သေလည်း သေနိုင်သည်။
(၆) ခန္ဓာကိုယ်က မွေးကတည်းက အသေဖက် တရစပ်
ပြေးနေတယ်။

(၇) မနေ့ကထက် ယနေ့ သေဖို့ တစ်ရက် ပိုနီးသွားပြီ။
(၈) သက်တမ်းတိုတဲ့ ဘ၀လေးမှာ တရားအားမထုတ်ဘဲနှင့်
ချောင်ခိုနေရင် လူဖြစ်ရှုံးပြီမှတ်။

(၉) အသေစောက ကိုယ်ကျိုးအနည်းကြီး နည်းပြီမှတ်။
(၁၀) အပြေးမရပ်တဲ့ ခန္ဓာကိုယ် သုဿန်မရောက်ခင်
မဂ္ဂင်အလုပ် မြန်မြန်လုပ်။
(၁၁) လူပြောသူပြော မယုံနဲ့။ ခန္ဓာပြောတာသာ
အယုံကြီး ယုံလိုက်ပါ။

(၁၂) လူပြောယုံတော့ သူများပါးစပ် လမ်းဆုံး။ ခန္ဓာပြောတာ
ယုံတော့ သံသရာ လမ်းဆုံး။

(၁၃) ရှေ့နောက်ခွဲတတ်ပါစေ။ သားရေးသမီးရေး
နောက်ထား။ ကိုယ့်ကိုယ်ကို ကယ်တင်မယ့်အရေး ရှေ့ထား။

(၁၄) ကိုယ့်ကိုယ်သနားရင် ၀ိပဿနာ လုပ်ကြ။
ကိုယ့်ကိုယ်ကို မသနားရင် သားရေးသမီးရေး စီးပွားရေး လုပ်ကြ။

(၁၅) ဘုန်းကြီးက ပြောရက်လိုက်လေ မလုပ်နဲ့။
ခင်ဗျားတို့ အဖြစ်က ဆိုးလွန်းလို့ ဖော်ပြောပြနေတာ။

(၁၆) ခင်ဗျားတို့မှာ ကိလေသာရေနစ်နေတာ
လည်ပင်းရောက်နေပြီ။ သေခါနီးတွေက သေခါဝေးတွေ အတွက် ပူမနေနဲ့။

(၁၇) ယခု သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့
ပစ္စည်းတွေနဲ့ ဒီလို မသိပြုံး ပြုံးနေသလောက် မသိပျော် ပျော်နေသလောက် သေခါနီး
အိပ်ရာညောင်စောင်း ထက်မှာ မျက်ရည်ကျရပါလိမ့်မယ်။


+++++++++++++++++++++++++++++++++++


ဖျင်းကြသူများ အပျင်းများ...


ဘေးပွဲကြုံ၊ အေးသဲတုန်၊


ကိုယ်စီကုတ်ပါလို့၊ အားထုတ်သင့်သား၊


သို့ပါကို၊ ဘယ်တော့ဘာလိုလိုနဲ့၊


နောင်ရေးကို မြှော်ခေါ်လင့်လို့၊


ဘာဝနာသီခေါင်လွင့်တယ်၊


ဖျင့်ဖင့်အများ။


(မဟာဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီး)


+++++++++++++++++++++++++++++++++++++++++++++


ဝိပဿနာအစစ် ဟူသည်ကား...


ရှိတာရှုရင် နိစ္စ
မရှိတာရှုရင် အဘာဝပညတ်
ဟုတွာ အဘာဝတ္တေန ဆိုတာ
တဇ္ဇရီပညတ်ကို ရှုခိုင်းတာ ပညတ်တစ်ဝက်ပါတယ်။
ရှိရာက မရှိရာကိုဆိုတာ သဘောကျပြီလား။
တဇ္ဇရီပညတ်ကို ရှုခိုင်းတာ။
ပျောက်ပျက်သွားတာကို မြင်ရတယ်။
အေး...
မရှိတော့ဘူး ဆိုတော့
ပုဂ္ဂိုလ်ရော၊ သတ္တ၀ါရော၊ ပရမတ်ရော
ပျောက်ပျက်သွားတယ်။
အပျက်လှန် နာမ် နာမ်ချင်း ရှုတာကိုး။
နှစ်ခုမှ မပြိုင်နိုင်ဘဲ။
ဒါဖြင့်...
ရှိရာက မရှိတာကို ရှုမှ ၀ိပဿနာ။
ရှိရာက မရှိတာကို မြင်မှ ၀ိပဿနာ။


(မိုးကုတ်ဆရာတော်ဘုရားကြီး)


++++++++++++++++++++++++++++++++++++++


လယ်တီဆရာတော်ဘုရားကြီး၏ ဆိုပိန့်မညှာ ဆုံးမစာ...


ဆိုပိန့်မညှာ စေ့စေ့နာလော့ ဂင်္ဂါသဲမျှ ပွင့်ကုန်ကြသား ဘုရားသာသနာ ခေတ်အခါဝယ်...


လူ့ရွာနတ်၌ နင်ကြုံကြိုက်လည်း အမိုက်မချွေ အလိုက်နေ၍ အခြေမကြီး အချည်းနှီးလျှင် ယီးတီးယောင်တောင် ခုတိုင်အောင်တည့်။


သန်းခေါင်လကွယ် တောအုပ်နယ်၌ ရှစ်နယ်ပတ်ကုံး အပြည့်ဖုံးသည့် မိုးလုံးတိမ်တိုက် လျှပ်မကြိုက်သား အမိုက်အပြား အင်လေးပါးထက် နင်ကားရာထောင် မကမှောင်၏။


လူ့ဘောင်လူ့ရွာ သာသနာ၌ ကြမ္မာတော်၍ ယခုတွေ့လည်း အလေ့မလွဲ အများနဲလျှင် မိုက်မြဲနှင်နှင် မိုက်စရွှင်၏ မျက်မြင်လောက ဤဘ၀ကား ဒုက္ခစင်းစင်း ချမ်းသာကင်း၏။


သေမင်းအစာ နင့်ခန္ဓာကို တဏှာဘီလူး အမှောင့်ပူး၍ အရူးပြင်ပြင် နင့်ကိုယ်ထင်၏။


နင်နှင့်မဆိုင် နင်ပိုင်မဟုတ် နင့်ရုပ်နင့်နာမ် နင့်သန္တာန်ကို နင့်ဉာဏ်မစူး အပေါ်ဖြူး၍ မူးမူးမေ့မေ့ အများလေ့ဖြင့် နေ့ရက်အပုံ လွန်ခဲ့တုံပြီ အာရုံဝတ္ထု မီးစာစုကို မှုမှုရရ
နင်အားကျလည်း ဓားပြသေမင်း သူ့တပ်နင်းက မငြင်းဆန်သာ နင့်ခန္ဓာသည် ပြာပုံအပြီး
ဖြစ်လုနီးပြီ။


ယီးတီးယားတား သေ၍သွားလည်း တရားမကြွယ် အထုပ်ငယ်လျက် အပါယ်စခန်း သွားမြဲလမ်း၌ တပန်းဟိုက်ဟိုက် တရှိုက်ငင်ငင် တငြင်ငြိုငြို ဆင်းရဲပိုလျက် ထိုထိုဘဝ

အနန္တလျှင် အစမဆုံး အများထုံးတည့် အနှုန်းမပျက် အောက်နရက်ဝယ် တစ်သက်နွယ်နွယ် အမြစ်တွယ်သို့ အပါယ်ထိုထို
ဥဒဟိုသည် နင်လိုလူမိုက် သွားလမ်းတည်း...


+++++++++++++++++++++++++++++++++++


လောကမှာ အမှီအခိုဆိုတာ ရှိရတယ်။
တပည့်ဟာ ဆရာကို မှီခိုရတယ်။
သားသမီးက မိဘကို မှီခိုရတယ်။
ဒီအတိုင်းပဲ
သံသရာသွားတဲ့အခါ
တရားအမှီအခို ရှိမှကောင်းတယ်…


(ဖြူးဆရာတော် ဘဒ္ဒန္တနရပတိ)

ပညာပေး ဆုံးမစာ




တစ်ပိုင်းကြောင် ကျက်စားရုံနှင့် ခက်လှပါသောဉာဏ်
ထက်မာန အပြောသန်တယ်၊ ဒေါသမာန်ထူပွားး။ ။
စောဒကတုဖက်လာလျှင် သူ့ထက်ငါ ငြင်းတဲ့လူစား။ ။
ဘုရားဟော မြတ်ဓမ္မခန်ကို တတ်လေဟန်ယောင်ဝါး
ပရမတ်ပြန် အကြောင်သမားတွေတို့ ထောင်လွှားကြ သူ့ထက်ငါ
အသိဉာဏ်တစ်ထွာလောက်ကယ်နှင့် ညာမထောက် ဟောတတ်လှပါ။ ။
ပရိတ်သတ် ထောမနာအောင် စောဒနာဉာဏ်
အထောက်တွေနှင့် ကန်အကြောက် အတင်းမရှောင် ငြင်းကြလူ့ဘောင်၊
ပိဋကတ်အစွယ်ထောင်လျှင်၊ အပါယ်ဘောင် ဆင်းရလိမ့်လေး။ ။

(လယ်တီဆရာတော်ဘုရားကြီး)


+++++++++++++++++++++++++++++++++


*အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)*

သူရဲကောင်းဆိုတာ ကိလေသာဖြစ်မယ့်ကိစ္စ၊ အကုသိုလ် ဖြစ်မယ့်ကိစ္စတွေမှာ တွန့်ဆုတ်တဲ့သူ ဖြစ်ရပါမယ်။
ကိလေသာစိတ် မဖြစ်ရဲ၊ အကုသိုလ်အလုပ် မလုပ်ရဲတဲ့သူဟာ သူရဲကောင်းအစစ်ပါ။

………………………………………………………

*အရှင်ကောဝိဒ (မြိတ်)*

ဘဝတစ်ခုရဲ့ အရေးကြီးဆုံး အချိန်ဟာ ဘဝနေဝင်ချိန် (သေဆုံးခါနီး) ပဲလို့ လူတိုင်း သိနေပေမယ့်
အမှန်တကယ်တော့ ယခု သင်စာဖတ်နေတဲ့ ဖြစ်ဆဲခဏ အချိန်လေးသာ သင့်ဘဝရဲ့ အရေးကြီးဆုံး အချိန်ဖြစ်ပါတယ်။

………………………………………………………

*အရှင်ကောသလ္လ (ဓမ္မစေတီ ဆရာတော်)*

ဗုဒ္ဓ၏ တရားဓမ္မများကို နာယူပြီးတိုင်း အကျယ်အားဖြင့် သူတစ်ပါးကို ပြောပြခြင်း၊ ကိုယ်တိုင်ရွတ်ဖတ်ခြင်း၊
စိတ်ဖြင့် ကြံစည်သုံးသပ်ခြင်း၊ တရားတော်လာ သဘာဝတို့ကို ရှုမှတ်ခြင်း၊ ပညာရှိတို့ထံ မေးမြန်းခြင်းဖြင့်
ယုံမှားမှုကို ပယ်ဖျောက်ခြင်းတို့အား တရားနာယူပြီးတိုင်း ဆောင်ရွက်ရမည့် ကျင့်စဉ်ဖြစ်၏။

………………………………………………………..

*အရှင်သာဓိန (ခေတ္တ - ဘုံဘေ)*

ဟောဒီ ခုရောက်ရှိနေတဲ့ ဘ၀လေးဟာ တကယ်ဆိုတော့ လမ်းဆုံလေး တစ်ခုပဲ၊ လမ်းဆုံဆိုတာ ဘယ်အရပ်ကိုပဲ
သွားချင်သွားချင် သွားလို့ရတဲ့နေရာပဲ၊ ဒါပေမယ့် အဲဒီလမ်းဆုံမှာ လမ်းမှားတွေလည်း ရှိနေတယ်၊
လမ်းမှန်ကလည်း အတိအကျရှိနေပြန်ရော၊ ဒီတော့ လမ်းမှန်ကိုသာ တည့်တည့်လျှောက်ပါ၊ လမ်းမသိရင်
လမ်းဆုံမှာ မေးစရာလူတွေရှိတယ်၊ ဗုဒ္ဓစာပေတွေရှိတယ်၊ သိကြားတတ်မြောက် လိမ်မာသူတွေရှိတယ်၊
ဖတ်ပါ၊ မေးပါ၊ လိုရာခရီးကို လွယ်ကူစွာ ရောက်ပါလိမ့်မည်။

…………………………………………………….

*အရှင်ဆေကိန္ဒ (ဓမ္မဒူတ ဆရာတော်)*

ကုသိုလ်ကောင်းမှုဆိုတာ အချိန်တိုင်း နေရာတိုင်းမှာ ရှိတယ်၊ ကုသိုလ်မှန်သမျှကို သတိက
ပိုင်တယ်၊ သတိကို သူတော်ကောင်းက ပိုင်တယ်။

……………………………………………………..

*အရှင်နာယကာ လင်္ကာရ (ခေတ္တ - အမေရိက)*

ကိုယ်ဖြစ်ကိုယ်ခံလောကကြီးထဲမှာ ဘယ်သူမှ မကယ်နိုင်ဘူး။ မသေခင်မှာ ကောင်းကောင်းနေကြ။

……………………………………………………..

*အရှင်ပဏ္ဍိစ္စ (ပြည်တော်ဦးဆရာတော်)*

လောကီရေးပဲဖြစ်ဖြစ်၊ လောကုတ္တရာ ရေးပဲဖြစ်ဖြစ် ရွပ်ရွပ်ချွံချွံကို လုပ်မှ၊ ပျင်းတာ
ဖျင်းတာ၊ အစွမ်းအစနည်းတာ၊ သူရဲဘော ကြောင်တာလိုလို၊ ရောင့်ရဲတာလိုလို၊ သံဝေဂလိုလို ဘာလိုလိုနဲ့
ရောမချဖို့ သိပ်အရေးကြီးတယ်။

……………………………………………………..

*အရှင်ဝိဇ္ဇောတ (ဓမ္မဒူတ ဇေတ၀န်တောရ ဆေကိန္ဒာ ရာမကျောင်းတိုက်)*

နေပူထဲကလေဟာ အေးမြတယ်လို့ ထင်ရပေမယ့် အပူငွေ့တွေ ပါနေတယ်...

……………………………………………………….

*အရှင်ဇ၀န (မေတ္တာရှင် - ရွှေပြည်သာ)*

မေတ္တာဖြင့် အကောင်းမြင်တတ်လျှင် စိတ်လည်းချမ်းသာသည်၊ ကုသိုလ်လည်းရသည်။ ဒေါသဖြင့် မကောင်းမြင်တတ်လျှင်
စိတ်လည်း ဆင်းရဲသည်၊ အကုသိုလ်လည်း ဖြစ်သည်။

………………………………………………………

*အရှင်ရာဇိန္ဒ (ရဝေနွယ် - အင်းမ)*

သူတစ်ပါး ကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့်အချိန် မဟုတ်တော့ပါဘူး၊ ကိုယ်ကောင်းအောင်ပဲ
နေရမယ့်အချိန် ဖြစ်နေပါပြီ၊ ဘာဖြစ်လို့လည်းဆိုတော့ သေဖို့က တဖြည်းဖြည်း နီးလာပြီလေ။

………………………………………………….

*အရှင်ဝီရိယ (ဓမ္မဘေရီ - တောင်စွန်း)*

အကြံအဖန်ဥာဏ်တွေကို အမှန်အကန်ဥာဏ်အဖြစ် ပြောင်းနိုင်ရင် အရင်လူတွေထက် အခုလူတွေက သာတယ်။

…………………………………………………

*အရှင်ကောဝိဒ (မဇ္ဈိမ ဂုဏ်ရည်)*

လွတ်ရာလမ်းကိုရှာနေ၊ လည်ရာလမ်းကို မလျှောက်နဲ့ သံသရာမှာ ဆင်းရဲရှည်ရှည်နဲ့ တွေ့မယ်။
လမ်းမှန်ညွှန်ပြသည့် တရားတွေ၊ ဓမ္မစာပေတွေ များများနာယူ၊ များများဖတ်ပါ။ ဒါမှ အသိဥာဏ်တွေ
ရင့်လာ ဘ၀ချမ်းသာ နိဗ္ဗာန်ချမ်းသာ ဧကန်မုချ ရကြမည်။

…………………………………………………..

*အရှင်ဇေယျ ပဏ္ဍိတ (ပိုင်းလော့ ဆရာတော်)*

အချိန်တိုင်း တွေးနေရင်း ဘ၀ပြောင်းနေသည်။

လယ်တီဆရာတော် ဘုရား၏ သတိပေး သံဝေဂဆောင်ပုဒ်

ဆိုမိန့်ပညာ၊ စေ့စေ့နာလော၊ ဂင်္ဂါသဲမျှ၊ ပွင့်ကုန်ကြသား၊ ဘုရားသာသနာ၊

ခေတ်အခါတွင်၊ လူရွာနတ်၌၊ နင်ကြုံကြိုက်လည်း၊ အမိုက်မချွေ၊ အလိုက်နေ၍၊

အခြေမကြီး၊ အချည်းနှီးလျှင်၊ တီးတီးယောင်ယောင်၊ခုတိုင်အောင်တည့်။

သန်းခေါင်လကွယ်၊ တောအုပ်လည်၌၊ ရှစ်နယ်ပတ်ကုန်း၊ အပြည့်ဖုံးသည်
မိုဃ်းလုံးတိမ်တိုက်၊ လျှပ်မကြိုက်သား၊ အမိုက်လေးပြား၊ အင်လေးပါးထက်၊ နင်ကရာထောင်၊
မကမှောင်၏။

လူ့ဘောင်လူရွာ၊ သာသနာ၌၊ ကြမ္မာတော်၍၊ ယခုတွေ့လည်း၊ အလေ့မလွဲ၊ အများနည်းလျှင်၊
မိုက်မြဲနင်နင်၊ မိုက်စရွှင်၏၊ မျက်မြင်လောက၊ ဤဘ၀ကား၊ ဒုက္ခစင်းစင်း၊ ချမ်းသာကင်း၏၊
သေမင်းအစာ၊ နင့်ခန္ဓာကို၊ တဏှာဘီလူး၊ အမှောင်ပူး၍၊ အရူးပြင်ပြင်၊ နင့်ကိုထင်၏။

နင်နဲ့မဆိုင်၊ နင်ပိုင်မဟုတ်၊ နင့်ရုပ်နင့်နာမ်၊ နင့်သဏ္ဍာန်ကို၊ နင့်ဉာဏ်မစူး၊ အခေါ်ဖြူး၍၊
မူးမူးမေ့မေ့၊ အများလေ့ဖြင့်၊ နေ့ရက်အပုံ၊ လွန်ခဲ့တုန်ပြီ၊ အာရုံဝတ္ထု၊
မီးစာစုဖြင့်၊ မှုမှုရရ၊ နင်းအားကျလည်း၊ ဓားပြသေမင်း၊ သူတပ်နင်းက၊ မငြင်းဆန်သာ၊
နင့်ခန္ဓာသည်၊ ပြာပုံအပြီး၊ ဖြစ်လုနီးပြီ၊ ရီးတီးယားတား၊ သေ၍သွားလည်း၊ တရားမကြွယ်၊
အထုတ်ငယ်လျှက်၊ အပါယ်စခန်း၊ သွားမြဲလမ်း၌၊ တပန်းဟိုက်ဟိုက်၊ တစ်ရှိုက်ငင်ငင်၊
တငြင်ငြိုငြို၊ ဆင်းရဲပိုလျှက်၊ ထိုထိုဘ၀၊ အနန္တလျှင်၊ အစမဆုံး၊ အများဆုံးတည့်၊
အနှုန်းမပျက်၊ နောက်နရက်ငယ်၊ တစ်သက်နွယ်နွယ်၊ အမြစ်တွယ်သို့၊ အပါယ်ထိုထို၊
ဥဒဟိုသည်၊ နင့်လိုလူမိုက်သွားလမ်းတည်း။

မှတ်ခါစွဲယူ၊ များဗိုလ်လူတို့၊ နိဗ္ဗူမရ၊ ဆင်းရဲကြလိမ့်၊ လောကသုံးခွင်၊
ဘုံအပြင်တွင်၊ ဖြစ်လျှင်ပျက်မြဲ၊ မှန်မလွဲတည့်၊ သုံးစွဲဖို့ရာ၊ မြတ်ဥစ္စာတို့၊
ကံကြမ္မာပေး၊ ရပြန်သေးက၊ ပျက်ရေးတစ်ဖန်၊ တွေ့ကြုံပြန်၏။

ချစ်လျံဝေေ၀၊ ချစ်ဆွေတွေနဲ့၊ ချစ်လေသမျှ၊ ပေါင်းဆုံကလည်း၊ ကွဲရသည်မှာ၊ မလွဲသာတည့်။
ရှည်စွာအသက်၊ တည်ရှိလျှက်လည်း၊ ပုခက်နဲ့ပေ ဝေးလေလေ၍၊ နီးလျှင်ပျဉ်ခေါင်း၊
အမှန်အောင်းလိမ့်၊ အကြောင်းမလျှော်၊ သုံးရက်ကျော်က၊ ပုပ်စော်ညှီနံ၊
ရန်တွေ့ပြန်သို့၊ အမှန်ချစ်သူ၊ မကပ်မူပဲ။၊ လစ်လျူရှုသုဉ်း၊ တကယ်မုန်း၏။

နောက်ဆုံးရောက်ခါ၊ မြို့ပြည်ရွာနှင့်၊ ဆွေညာအများ၊ စွန့်ပယ်ရှား၍၊ သွားရအပြီး၊
လူမနီးတည့်၊ တောကြီးမြိုင်ယံ၊ မြေသုဿာန်၌၊ (ရောက်ပြန်မရှိ) မြှုပ်နှံဘိခြင်း၊
ခြောက်ပေတွင်းဝယ်၊ စင်းစင်းအိပ်ကာ၊ မလှည့်သာပဲ၊ နေရနည်းကို၊ စွဲမြဲမှတ်ကာ၊
ဆင်ခြင်ပါလော့၊ သင်္ခါရချုံ၊ လောကီဘုံ၌၊ ခုံလှုံဝင်ခံ၊ ပုထုဇန်ကို၊
လောကဓံလွတ်ကြောင်း၊ ဆုပန်တောင်း၍၊ လမ်းကြောင်းမဂ္ဂင်၊ ရှစ်အင်ဓမ္မ၊ အ၀၀ကို၊
နေ့ညမကွာ၊ ကြိုးစားရာသည်၊ ခေမာရောက်မှ၊ အေးမည်တည်း။

အ၀ိဇ္ဇာပိတ်ခါဆို့၊ မိစ္ဆာမြို့ပြင်ပြင်၊ ဣစ္ဆာလို့ခင်မင်လျှင်၊ လွှင့်စင်မည်မလွဲ၊
အရွတ်စု အပုပ်ကောင်ကို၊ အဟုတ်ယောင်မှားဖို့ဖန်နည်း၊ အသုဘရှုတစ္ဆေငယ်၊
မဟုတ်လှေကိုယ်ထဲ၊ အပုပ်ရည်စိုတချွဲဟာမို့၊ ယိုမစဲသူ့မှာ၊
သွေးသည်းခြေပြည်သလိပ်တွေက၊ တည်မဆိပ်၊ လျမ်းပြည့်သည်သာ၊ သို့ကလောက်ရွံစရာကို၊
လှန်တဏှာမက်စွဲ၊ စက်ထဲမှာ တပေပေ၊ မွန်းနစ်ကြပေ။

တဏှာဖမ်းတဲ့၊ အကန်းတွေမှာ၊ အပန်းမပြေ မိုက်မောရှာကြလေး။
တဏှာပူးတဲ့၊ အရူးတွေမှာ၊ အမူးမပြေ မိုက်မောရှာကြလေး။
တဏှာလိုက်တဲ့၊ အမိုက်တွေမှာ၊ အဟိုက်မပြေ၊ ပင်ပန်းရှာကြလေး။

ပျိုလျှင်အို၊ ရှင်သေကွဲ၊ နင်ဝေခွဲရှုပါ၊ မြင်နေမြဲစက္ခုမှာ၊ သက်နုခါကြည်လို့၊
ဇယာညင်းမုံဝေသီတယ်၊ စုံပွေလီ သောတချို၊ သွားကြွေပြုတ်ဖြူဆံပင်၊ ပူဟန်ပင်ခွေညို့၊
ပူဟန်အင်ထွေထွေတို့ရယ်ကြောင့်၊ အခြေအနေ ယို့ပျက်ပြယ်၊ သတိကွယ်ဉာဏ်ထုံထိုင်းပါလို့၊
ကံမုန်တိုင်းတိုက်ခွင့်ရောက်တယ်၊ ခါစွေစောင်းရုပ်ပြောင်းကွယ်၊
ဟုတ်ကြောင်းနွယ်ဆိုရိပ်ပြပြီပေါ့၊ အို အနိစ္စ…ကာယသည်ကို ဘာမှ မတည်လို၊ ခါ ကာလ
သီသီလိုတယ် ဤ ဤ ကိုယ် ပျက်ဆုံးပါလိမ့်လေး။


*“ပထမရွှေကျင်ဆရာတော်ဘုရားကြီး”ရဲ့ ဆုံးမဩ၀ါဒကထာများ*

၁။ယစ်မသည် ဥအတွက်အသေခံသည်။
၂။စာမရိသားကောင်သည် အမြီးအတွက် အသေခံသည်။
၃။ရဟန်းသည် သီလအတွက် အသေခံသည်။
၎။သစ်ပင်အားနည်းလျှင် လေမုန်တိုင်း တိုက်လှဲသည်။
၅။ရဟန်းသမာဓိနည်းလျှင် ကိလေသာမုန်တိုင်း တိုက်လှဲသည်။
၆။စိတ်သည် တောမျောက်ကဲ့သို့ လော်လည်ဧ။် ။ အလိုမလိုက်ရာ။
၇။ကာလကို လူမစားလျှင် လူကိုကာလ စားသည်။
၈။သည်းခံခြင်း လက်နက်ဆောင်လျှင် ဒေါသမီးမလောင်။
၉။တုတ်လက်နက်ဆောင်လျှင် ခွေးဟောင်သည်။
၁၀။ဦးခေါင်းပြောင်ရိတ်ခြင်းသည် မာနကိုလည်း ရိတ်သည်မည်ဧ။် ။
၁၁။ဦးချိုကျိုးသော နွားသည် မာနလည်းကျိုးသည်။
၁၂။မြွေဆိုး ပါးပျဉ်းထောင်လျှင် လူရိုက်ခံရသည်။
၁၃။ရန်မထောင်မှ ရန်အောင်သည်။ ရန်ထောင် ရန်လှောင်မိတတ်သည်။
၁၄။ရန်မလိုမှ ရန်ပြိုသည်။ရန်လို ရန်ပိုတတ်လှသည်။
၁၅။သလေးနှံ အဆံမရှိခင် ထောင်သည်။ အဆံပြည့်လျှင်ညွတ်သည်။
၁၆။ဂါရ၀ကင်းသူ ဂုဏ်သတင်းမပြူ။ နွားစာငုတ်တိုနှင့်တူသည်။
၁၇။သူတစ်ပါးလှေကိုဖာနိုင်လျှက် မိမိလှေကို မဖာလျှင် ရေနစ်တတ်သည်။
၁၈။ဥဒေါင်းငှက် အက ကောင်းသော်လည်း စအိုပေါ်၍ အဆိုအမည်ခံရသည်။
၁၉။ရေကန်၌ မှော်ကိုဖယ်၍သောက်ရေခတ်ရသည်။
၂၀။မသူတော်၌ အပြစ်ကိုဖယ်၍ ဂုဏ်ကောင်းရှာရသည်။
၂၁။တုံးတတားလျှောက်စဉ် အရပ်တစ်ပါးမကြည့်နှင့် ချောက်သို့ကျလိမ့်မည်။
၂၂။သံသရာတံတားလျှေက်စဉ် သူတစ်ပါးအပြစ်မကြည့်နှင့် သံသရာချောက်သို့ ကျလိမ့်မည်။
၂၃။တရားပွဲကား လူကျဲတဲ ရပ်ရွာပျော်ပွဲတသဲသဲ။
၂၄။ရိုသေစွာ ခစားလျှင်မင်းခစားပင် မင်းကိုနိုင်သည်။
၂၅။အဆင်းလှလျှင် အိမ်သူဇနီးပင် လင်ကိုနိုင်သည်။
၂၆။ကျင့်ဝတ်မချွှတ်လျှင် တပည့်ပင် ဆရာကိုနိုင်သည်။
၂၇။မြင်းနိုင်လို ဇက်ဆွဲ၊ လှေနိုင်လို တက်ဆွဲ၊ ဆရာနိုင်လို
ကျင့်ဝတ်ရိုသေမြဲ။
၂၈။အပြစ်ပြ၍ ဆုံးမသူကို ရွှေအိုးပေးသူဟု ဆည်းကပ်ရမည်။
၂၉။ပန်းပဲဆရာ အထုမခံသော သံတုံး လက်နက်မဖြစ်။
၃၀။ကျောက်ဆစ်ဆရာ အဖြတ်မခံသော ကျောက်တုံး အရုပ်မဖြစ်။
၃၁။ဆရာကောင်းအဆုံးအမ မခံသောတပည့် သူကောင်းမဖြစ်။
၃၂။ရေနက်ရာသို့ ပြေးဝင်သော ငါး ကျီးငှက်အစာမဖြစ်။
၃၃။အဆုံးအမသို့ ပြေးဝင်သောတပည့် မာရ်နတ်အစာမဖြစ်။
၃၄။နွားကျောင်းသားသည် နွားခြင်မကိုက်အောင် မီးခိုးတိုက်သည်။
၃၅။ဆရာသည်တပည့် ကိလေသာခြင်မကိုက်အောင် တရားမီးခိုးတိုက်သည်။
၃၆။မြေခွေးသည် ခြင်္သေ့စားကြွင်းဖြင့် မာန်တက်သည်။
၃၇။ပုထုဇဉ်သည် အရိယာစားကြွင်းဖြင့် မာန်တက်သည်။
၃၈။ဖားငယ်သည် ဆောင့်ကြောင့်ထိုင်လျှက် ခြင်္သေ့မာန်တက်လျှက် ကျီးချီသောအခါ
ပီယတ်ပီယတ်မြည်သည်။
၃၉။ပုထုဇဉ်သည်လာတ်ပေါလျှင် သူဌေးမာန်တက်လျှက် ဖျားနာသောအခါ တအင်အင်ညည်းသည်။
၄၀။ကြာပင်အောက်ကဖား ကြာဝတ်ဆံမစားရွှံ့စားသည်။ပိတုံးကား အဝေးမှကြာဝတ်ဆံ လားစားသည်။
၄၁။သာသနာရိပ်တွင်းသား သာသနာဝတ်ဆံမစားလျှင် ပိတုံးအားရှက်သင့်သည်။
၄၂။သစ်ပင်ကြီးသည် ခုတ်လှဲသူကို မလှဲမချင်း အရိပ်ဖြင့် အေးစေဧ။် ။
၄၃။နံ့သာတုံးသည် မီးရှို့သူကို မကျွှမ်းမခြင်း အနံ့ဖြင့် မွှေးစေဧ။် ။
၄၄။သူတော်ကောင်းသည် ညှင်းဆဲသူကို သော်လည်း မသေမချင်း အကျိုးဆောင်ဧ။် ။
၄၅။တောမီးသည်သစ်ရွက်ခြောက်ကို လောင်လွယ်ဧ။် ။ သစ်ရွက်ဆိုကိုမတတ်နိုင်။
၄၆။မသူတော်မီးသည် မေတ္တာခန်းသူကို လောင်လွယ်ဧ။် ။ မေတ္တာဖြန်းသူကို မတတ်နိုင်။
၄၇။ဆေးဆရာသည် လူနာနှင့်ပြိုင်၍ အသက်မထွက်ကောင်း။
၄၈။အကောင်းသည် အရူးနှင့်ပြိုင်၍ အ၀တ်မလစ်ကောင်း။
၄၉။သူတော်ကောင်းသည် မသူတော်နှင့်ပြိုင်၍ ဒေါသမဖြစ်ကောင်း။
၅၀။ကျားကြောက်၍ ပြေးစဉ် ခွေးဟောင်သည်ကို အရေးမယူရ။
၅၁။ငရဲကြောက်၍ သီလစောင့်စဉ် မသူတော်ညှင်းသည်ကို အရေးမယူရ။
၅၂။ရန်သူကိုမီးခဲ ကိုင်ပစ်လျှင် မိမိလက်ရှေးဦးစွာ လောင်ဧ။် ။
၅၃။ရန်သူကို အမျက်ထွက်လျှင် မိမိဂုဏ်ရှေးဦးစွာ ပျက်ဧ။် ။
၅၄။ရန်သူလာဆဲ၍ ပြန်ဆဲလျှင် မိမိလည်း အရှက်ကွဲဧ။် ။
၅၅။မာရ်နတ်ပစ်သော လက်နက်သည် သည်းခံသော ဘုရားရှေ့၌ ပန်းကုံးအသွင်ဖြင့်
အဖူးအမျှော်ဝင်ဧ။် ။
၅၆။သမုဒ္ဒရာရေ မီးကြောင့်မကျွှမ်း၊ မြင်းမိုရ်တောင် လေကြောင့်မလှုပ်၊ ကျောက်ခဲ
ရေကြောင့်မကြေ၊ သူတော်ကောင်း မသူတော်ကြောင့် မတုန်လှုပ်။
၅၇။မသူတော် အမျက်ကြောင့် သူတော်ကောင်းဂုဏ်ပျက်မခံ။
၅၈။သူတော်ကောင်း အမျက်ထွက်လျှင် မသူတော် အလိုပြည့်သည်။
၅၉။ရန်သူညှင်းဆဲခြင်းသည် မိမိဧ။် ရှေးကံ ရှေးဥစ္စာပင်တည်း။
၆၀။မိမိကံကြောင့် မိမိ ဒုက္ခတွေ့သည် ဘယ်သူမပြု မိမိမှု။
၆၁။ညဥ့်အခါ သားကို ခွေးထင်၍ သတ်သော အဘသည် သားဧ။် ရန်သူလော။
၆၂။သစ်ပင်မှ ကျသေလျှင် သစ်ပင်သည် ထိုသူဧ။် ရန်သူလော။
၆၃။စစ်သူရဲသည် ပြင်ပရန်သူကို နိုင်သော်လည်း အတွင်း ရန်သူမှ ရှုံးဧ။် ။
၆၄။အမျက်ထွက်သူကို အမျက်မထွက်သူ အမြဲ နိုင်ဧ။် ။
၆၅။မကောင်းပြောသူကို အကောင်းပြောသူ အမြဲ နိုင်ဧ။် ။
၆၆။စေးနှဲသူကို ပေးကမ်းသူ အမြဲ နိုင်ဧ။် ။
၆၇။မုသားဆိုသူကို သစ္စာဆိုသူ အမြဲ နိုင်ဧ။် ။
၆၈။သိကြားမင်း လက်နက်ကား မိုးကြိုး။
၆၈။ယမမင်း လက်နက်ကား မျက်စောင်း။
၆၉။ဝေဿ၀ဏ် လက်နက်ကား အစွယ်။
၇၀။မသူတော်လက်နက်ကား ဒေါသ။
၇၁။သူတော်ကောင်း လက်နက်ကား ခန္တီ။(သည်းခံခြင်း)
၇၂။ဗီလုံးငှက်သော်လည်း ကျွဲခြေရာခွက်ကို အမှီရလျှင် ဂဠုန်နှင့်တူဧ။် အန္တရာယ်မရှိ။
၇၃။ပုထုဇဉ်သော်လည်း သီလရှိလျှင် အရိယာနှင့်တူဧ။် ။ အပါယ်မရောက်။
၇၄။ရေရှိမှကြာပွားသည် သီလရှိမှ သမာဓိ များသည်။
၇၅။ဗဟုဿုတရှိလျှက် သီလမရှိလျှင် ရေမတည်သော ကန်နှင့်တူဧ။် ။
၇၆။ပညာရှိလျှက် သီလမရှိလျှင် အသီးမရှိသော သစ်ပင်နှင့်တူဧ။် ။
၇၇။သီလရှိမှ ဒါနနှင့် ဘာဝနာအကျိုးပေးသန်သည်။
၇၈။ပင်လယ်ကူးလိုလျှင် လှေသင်္ဘောတည်။ နတ်ပြည်တက်လိုလျှင် သီလလှေကားထောင်။
၇၉။ပင်လယ်ကူးလိုလျှင် သင်္ဘောလုံအောင်ဖာ။သံသရာကူးလိုလျှင် သီလလုံအောင်ဖာ။
၈၀။လောကီဥစ္စာစောင့်လျှင် တစ်သက်ချမ်းသာဧ။် ။

မိတ်ဆွေအပေါင်းသူတော်ကောင်းတို့ရဲ့ အနာဂါတ်ပန်းများ လှပစွာဖြင့်
ပွင့်လန်းနိုင်ကြပါစေ..............။

ဘဝအတွက် ဆောင်ပုဒ်များ

ဘဝအတွက် ဆောင်ပုဒ်များ
(၁) နေလည်း နေရဲရမည်။ သေလည်း သေရဲရမည်။

(၂) ကိုယ့် ကိုယ် ကိုလည်း သတ်မသေနှင့်။ သူတစ်ပါး ပယောဂ နှင့်လည်း မသေစေနှင့်။
မိမိ ကံ ကုန်မှ သေစေရာ၏။

(၃) သင်၏ တန်ဖိုးသည် သင့်ကိုယ်ကို သင်၏ ပြဌာန်းချက်ပေါ်တွင်သာ(လုံးဝ)မူတည်သည်။

(၄) သူတစ်ပါး ဒုက္ခရောက်လျှင် ဝမ်းသာသည့်စိတ် ဘယ်သောအခါမှ မမွေးနှင့်။

(၅) အနိုင်၊ အရှုံး ဆိုသည်မှာ အမှား၊ အမှန် ပေါ်တွင်မူတည်ခြင်း မရှိချေ။ အင်အား
အနည်း၊ အများ ပေါ်တွင်သာ မူတည်သည်။

(၆) လက်ရှိ ဖြစ်ပေါ် နေသော အခြေအနေများ အပေါ်တွင် အခြေခံပြီး အကောင်းဆုံး အနေအထား
တစ်ခု ဖြစ်အောင် ဖန်တီးပါ။

(၇) သူတစ်ပါးထံမှ သင်လိုအပ်သော အရာရှိပါက သင်မှ သူတစ်ပါး လိုအပ်သော အရာကို အရင်
ပေးနိုင်အောင် ကြိုးစားပါ။

(၈) မိမိ၏ ရည်မှန်းချက်သို့ မရောက်ရှိသေးခင် အရာအားလုံးကို သည်းခံပါ။ ကြောက်၍
သည်းခံခြင်းမဟုတ်ပေ။ အသိတွင် သတိ ရှိနေစေရန်သာ ဖြစ်သည်။ ထိုသို့ သည်းခံ
နိုင်ခြင်းသည် သူရဲကောင်း တို့၏ သတ္တိပင်ဖြစ်သည်။

(၉) အသက် ရှင်သန်နေစဉ် အတွင်း ဘဝ မသေ ပါစေနှင့်။

(၁၀) ဤလောက၌ အရာ အားလုံးတို့သည် ဖြစ်သောကြောင့် ပျက်သည်။ ပျက်သောကြောင့်
သာပြန်၍ ဖြစ်သည်။ ထို့ကြောင့် ဖြစ်ပျက်... ပျက်ဖြစ် မှာ လောက၏ အမှန်တရားပင်
ဖြစ်သည်။

(၁၁) လူသာ သေပါစေ။ နာမည် မသေပါစေနှင့်။

(၁၂) သင့်အတွက် အရာဝတ္တု တစ်ခု (သို့) လူတစ်ယောက် မည်မျှ တန်ဖိုးရှိသည်၊ အဘယ်မျှ
အဖိုးတန်သည်ကို သိရှိ လိုပါက.. သင့်အနားမှ ခေတ္တ၊ ခဏ ဖယ်ထုတ် ထားကြည့် လိုက်ပါ။

(၁၃) ဤလောက၌ လူသားတို့သည် မိမိ၏ အကြောင်းကို မိမိ ကိုယ်တိုင် တိကျသေချာစွာ
သိရှိရန်သာ အရေးအကြီးဆုံး ဖြစ်သည်။

(၁၄) သင့်အတွက် အကောင်းဆုံး အဖော်မွန်မှာ သင်ကိုယ်တိုင်သာ ဖြစ်သည်။

(၁၅) မိမိစိတ်မှ မိမိ မနိုင်လျှင်၊ လူလုပ်ရန် အကြောင်း မရှိပေ။

(၁၆) ဘဝ ဆိုသည်မှာ ရှင်သန် နေထိုင်နိုင်ရန် အတွက် ရုန်းကန် လှုပ်ရှား နေရသော
နေရာဖြစ်သည်။

(၁၇) မှန်ရာကိုသာ လုပ်ဆောင်ပါ။ သို့သော်လည်း မှန်တိုင်း မလုပ်မိပါစေနှင့်။

အမှားတွေကို ရင်ဆိုင်ဖို့ အကောင်းဆုံး နည်းယာမ

အမှားတွေကို ရင်ဆိုင်ဖို့ အကောင်းဆုံး နည်းယာမကတော့ ပထမဆုံး အဲဒီအမှားတွေကို
မလုပ်မိဖို့နဲ့ ရှောင်နိုင်ဖို့ပါပဲ။ အခုပြောပြမယ့်ဟာကတော့ ယေဘူယျအားဖြင့်
ကြုံတတ်တဲ့ အချက်အချို့ ကိုပါ။

သင်ကြားဖူးပြီးသားဖြစ်မှာပါ "Be proactive, not reactive" ဆိုတဲ့ စကားကိုပါ။
ဒီစကားစုဟာ အမှားတွေကို ရင်ဆိုင်ဖို့ အကောင်းဆုံး စကားစု တစ်ခုပါပဲ။
စဉ်းစားပုံကတော့ အမှားတွေကို မကြုံတွေ့ခင် ကြိုတင် ကာကွယ်တာပါပဲ။ ကာကွယ်ခြင်းဟာ
ကုသခြင်းထက်ကောင်းတယ်လို့ ဆိုတယ်မဟုတ်ပါလား။

ဒါပေမယ့် အဲဒါတွေကို ဘယ်လိုလုပ်ရမလဲ။ ဘယ်လို ကာကွယ်ရမလဲ။ ဆိုတဲ့ မေးခွန်းတွေ
မေးလာနိုင်ပါတယ်။ ဒီ စာမျက်နှာကနေ လက်တွေ့ လောကမှာ project တွေ ထုတ်လုပ်တဲ့
နေရာမှာ ကြုံတွေ့တတ်တဲ့ အမှားတွေကနေ ရှောင်နည်း၊ ကာကွယ်နည်း 10
ချက်ကိုရေးသားဖော်ပြပေးပါမယ်။ အခုရေးသားမယ့် အကြောင်းအရာတွေက Developers တွေကို
အဓိကရည်ရွ့ယ်ပြီး ရေးသားထားပေမယ့် အခြား IT roles ကလူတွေလည်း ဒီစာမျက်နှာတွေကနေ
အကျိုးကျေးဇူးရနိုင်မယ်လို့ မျှော်လင့်ပါတယ်။

*(၁) အခြားသူတွေရဲ့ အမှားတွေကနေ သင်ယူပါ*

ကိုယ်လုပ်ခဲ့တဲ့ အမှားတွေကို မျှဝေချင်တဲ့ သူတွေကို ရှာဖွေကြည့်ပါ။
ကိုယ်ကိုတိုင်ကလည်း မျှဝေပေးပြီး သူတို့တွေ ပြောပြတဲ့ အတွေ့အကြုံတွေကိုလည်း
နားထောင်ပေးပါ။

*(၂)သုတေသနကို အရင်လုပ်ပါ*

သိထားတာတွေ ဘယ်လောက်ပဲ များများ၊ နေ့စဉ်လုပ်ဆောင်မှုတွေမှာ စိန်ခေါ်မှု အသစ်တွေ
တွေ့နေရဦးမှာပါ။ စိန်ခေါ်မှု တိုင်းမှာ အသစ်အသစ်သော သင်ကြားလေ့လာဖို့
လိုအပ်မှုတွေ ရှိနေပါတယ်။ ပြဿနာတွေ၊ စိန်ခေါ်မှုတွေကို မရင်ဆိုင်ခင်မှာ အရင်ဆုံး
စူးစမ်းလေ့လာမှု၊ သုတေသနကို အရင်လုပ်ကြည့်သင့်ပါတယ်။

"Trial-and-error" လို့ ခေါ်တဲ့ စမ်းသပ် သင်ကြားမှု နည်းလမ်းဟာ
နှစ်ပေါင်းများစွာကတည်းက လက်ခံကျင့်သုံးလာတဲ့ နည်းလမ်း တစ်ခုပါပဲ။ ဒါပေမယ့်
အင်တာနက်မှာ ရရှိနိုင်တဲ့ သယံဇာတ အရင်းအမြစ်ကြီးရှိနေမှတော့ ကြိုတင် ပြင်ဆင်
သုတေသန၊ ရှာဖွေစူးစမ်းမှုကို ကြိုတင်ပြင်ဆင် ပြုလုပ်မထားတာကတော့ ကြီးမားတဲ့
အမှားတစ်ခုပါပဲ။ ဒါ့ကြောင့် သင့်တော်တဲ့ စူးစမ်းရှာဖွေ သုတေသနပြုမှုကို
ကြိုတင်ပြီး လုပ်ဆောင်သင့်ပါတယ်။

*(၃) ကြံစည်မှု Plan ရှိပါစေ*
သွားရမယ့် လမ်းကြောင်းပြမြေပုံ Roadmap သာမရှိရင် လမ်းဆုံးပန်းတိုင်ကို ဘယ်လို
သွားရမယ်ဆိုတာ မသိနိုင်ပါဘူး။ Project Development မှာတော့ အဲဒီ Roadmap ကို
project plan လို့ ခေါ်ပါတယ်။ formally ပဲဖြစ်ဖြစ် informally ပဲဖြစ်ဖြစ်၊
အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် သွားမယ့်နေရာကို ဘယ်လို ရောက်အောင်သွားမယ်
ဆိုတာကို သိထားသင့်ပါတယ်။

မှားယွင်းတဲ့လမ်းကြောင်းကို လျောက်မိမယ် ဆိုရင် ရက်တွေ ဒါမှမဟုတ်
ရက်သတ္တပတ်အထိတောင် programming ရေးတဲ့ အချိန်တွေ ကုန်ဆုံးသွားနိုင်ပါတယ်။
အသေအချာသာပြင်ဆင်ထားမယ်ဆိုရင် project
plan<http://en.wikipedia.org/wiki/Project_plan>က
လမ်းကြောင်းသွေဖယ်သွားမှုကို ထိန်းညှိပေးနိုင်ပါတယ်။

*(၄) စနစ် Standards တွေကို လိုက်နာပြီး Template တွေကို သုံးပါ*

အတွေ့အကြုံရင့်တဲ့ professionals တွေက အချိန်ယူပြီး စက်ရုံနဲ့ ကုမ္ပဏီသုံး စနစ်
standards တွေကို ပြုလုပ် ဖော်ထုတ်ကြသလဲဆိုတာ အကောင်းဆုံး အကြောင်းပြချက်တွေ
ရှိပါတယ်။ စနစ် standards တွေဟာ အကောင်းဆုံး လုပ်ဆောင်မှု best practices တွေကို
အသေးစိတ်လုပ်ထားပြီး၊ နှစ်ပေါင်းများစွား trial-and-error နည်းနဲ့ သိရှိခဲ့တဲ့
လုပ်ဆောင်မှုတွေ ပါရှိနေလို့ပါပဲ။

Templates လို့ခေါ်တဲ့ ကြိုတင်ပြင်ဆင်ပုံဆံထုတ်ထားတဲ့ ပုံစံ forms တွေဟာ
အလွန်ကို အသုံးဝင်ပါတယ်။ ဘာလို့လဲဆိုရင် အလုပ်တွေအားလုံးဟာ စံသက်မှတ်ထားတဲ့
ပုံစံအတိုင်း ဖြစ်လာမှာ ဖြစ်တဲ့ အတွက်ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ
့ကိုယ်ပိုင် standard စံစနစ်နဲ့ template ပုံစံတွေကို ကြိုတင်ပြင်ဆင်
ပြုလုပ်ထားသင့်ပါတယ်။ အခြား ချမှတ်ပြီး သား standard စံစနစ်တွေနဲ့ template
ပုံစံတွေကိုလည်း ယူပြီး သုံးစွဲသင့်ပါတယ်။

*(၅) အခြားသူတွေနဲ့ ဆက်သွယ်၊ ပူးပေါင်းဆောင်ရွက်ပါ*

အသင်းဝင်တစ်ယောက် ဖြစ်တယ်ဆိုရင်၊ အခြား အသင်းဝင်တွေနဲ့ ဆက်သွယ် ဆက်ဆံရေးဟာ
အလွန်ပဲ လိုအပ်ပါတယ်။ ဒါမှ အလုပ်ထပ်မှုတွေ၊ မတူညီမှုတွေနဲ့ နားလည်မှုလွဲမှုတွေကို
ဖြေရှင်းနိုင်ပြီး ပူးပေါင်းဆောင်ရွက်နိုင်မှာပါ။

Emails, instant messages, project status reports နဲ့ teleconferences
စတာတွေအားလုံးဟာ အသင်းဝင်တွေ ကြားမှာ ဆက်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုကို
ဆောင်ရွက်ပေးနိုင်တဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီတစ်ခုချင်းစီက
လုံးဝအကောင်းမွန်ဆုံးတွေတော့ မဟုတ်ပါဘူး။

နေ့တစ်နေ့ရဲ့  အလုပ်လုပ်ဖို့ အကောင်းဆုံး အချိန်တွေ coding ရေးချင်တဲ့
အချိန်တွေကို emails ရေးတာ၊ ဖတ်တာ၊ conference calls, meeting တွေမှာ ပါဝင်ရတာ၊
instant message တွေပို့နေရတာနဲ့ပဲ အချိန်တွေ ကုန်နေနိုင်ပါတယ်။ ဒါပေမယ့်
ဒီလိုအရာတွေက project development process မှာ အလွန်ကို လိုအပ်တဲ့ အရာတွေ
ဖြစ်ပါတယ်။ အကောင်းဆုံးလို့ ပြောလို့ရမယ့် ဆက်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး
tool က မပေါ်သေးဘူးလို့ ဆိုနိုင်ပါတယ်။ အားနည်းချက်တွေကတော့ ရှိနေဦးမှာပါ။

Code တွေကို share လုပ်ဖို့ အတွက် အကောင်းဆုံးနည်းကတော့ revision control
software <http://en.wikipedia.org/wiki/Revision_control> တွေသုံးတာပါပဲ။ ဥပမာ
subversion, CVSNT, sourcesafe စသဖြင့်ပေါ့။


ဆက်သွယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု plan တစ်ခုချမှတ်ပြီး stakeholders အားလုံး
ပါဝင်နိုင်အောင် လုပ်ဆောင်ထားမယ်ဆိုရင် တော့ အကောင်းဆုံးပါပဲ။

Free communication plan template
<http://downloads.techrepublic.com.com/abstract.aspx?docid=173819>

*(၆) အချိန် အလုံအလောက်ပေးပါ*

အဆိုးဆုံးကို လိုချင်ရင် အဆိုးဆုံးရမှာပဲ ဆိုတာ တကယ်ကို မှန်ပါတယ်။ အမြဲတော့
မဖြစ်တတ်ပေမယ့် ဖြစ်နေတတ်တာကတော့ ကိုယ်ရေးမယ့် product က အရမ်းကို
အလျင်လိုနေပြီး ထုတ်လုပ်တဲ့ အဆင့်တွေမှာလည်း မြန်မြန်လုပ်၊ စစ်ဆေးမှုတွေ နည်းပါး
အဆိုးဆုံးတွေ ကြုံတွေ့ နိုင်ပါတယ်။

Project ကို အစိတ်အပိုင်းလေးတွေပိုင်း water fall လိုမျိုး လုပ်ပြီး
လုပ်ဆောင်ကြပါတယ်။ ဒါပေမယ့် အပိုင်း တစ်ခုချင်းစီကို အချိန်
အလုံအလောက်မပေးမိတာကနေပြီ လိုအပ်ချက်တွေ ကျန်နေခဲ့တာ မတိကျတဲ့ analysis တွေ၊
ညံဖျင်းတဲ့ design တွေ၊ မြန်မြန်ရေးထားတဲ့ programming တွေ၊ သေချာ စစ်မထားတဲ့
testingတွေ၊ မပြည့်စုံတဲ့ documentation တွေကို ရရှိလာတတ်ကြပါတယ်။ ရရှိချက်
result အနေနဲ့ လိုအပ်ချက်တွေ မပြည့်စုံတဲ့ key areas တစ်ခု ဒါမှမဟုတ်
တစ်ခုထက်မကတဲ့ fail ဖြစ်မှုတွေ ပြည့်နေတဲ့ system တစ်ခုကို ရရှိနိုင်ပါတယ်။

ဒါပေမယ့် project development တစ်ခုရဲ့  အစိတ်အပိုင်း တစ်ခုချင်းစီကို
ပြီးဆုံးဖို့ အတွက် ဘယ်လောက်အချိန်ယူရမလဲ ဆိုတာကို တွက်ချက်ရတာ အတော်လေးကို
ခက်ခဲပါတယ်။

Tips on creating realistic
schedules<http://articles.techrepublic.com.com/5100-10878_11-6160572.html>


*(၇) ရေးပြီးသား proven code တွေ ပြန်သုံးပါ*

အတွေ့အကြုံရှိတဲ့ developer တစ်ယောက်သာဆိုရင်၊ နှစ်များစွာရေးလာခဲ့တဲ့ code တွေ
အများကြီး ရှိမှာပါ။ အဲဒီ proven code တွေကို ဖြစ်နိုင်သမျှ ပြန်ပြန်သုံးပေးပါ။
အသစ်ရေးတဲ့ စနစ်အတွက် လိုအပ်ချက်တွေကို ထပ်ပြီး ဖြည့်ကောင်းဖြည့်ဖို့
လိုအပ်ပါလိမ့်မယ်၊ ဒါပေမယ့် proven code တွေကတော့ တကယ့်ကို ကောင်းမွန်တဲ့
အခြေခံတစ်ခု အနေနဲ့ ပြန်လည် သုံးစွဲသင့်ပါတယ်။

ဒီလို လုပ်ခြင်းအားဖြင့် အသစ် bugs တွေတွေ့တာလျော့သွားနိုင်သလို တူညီတဲ့ code
တွေ test တွေ လုပ်ရတာ သက်သာသွားနိုင်ပါတယ်။ အခြားသူတွေနဲ့လည်း ကိုယ့် code
တွေကို share လုပ်ပေးပါ။ proven code တွေကို plug-i ဒါမှမဟုတ် libraries
ပုံစံတွေနဲ့ share လုပ်နိုင်ပါတယ်။ အခြားသော ပြင်ပ source code တွေလည်း
အင်တာနက်ကနေ အခမဲ့ ရယူ သုံးစွဲနိုင်ပါသေးတယ်။

*(၈) စစ်ဆေးတဲ့ စာရင်း Checklists တွေ သုံးပါ*

Checklistတွေကို project development အဆင့်တိုင်းမှာ အသုံးပြုနိုင်ပါတယ်။ ဒီ
checklists တွေက systems အကြီးကြီးတွေ၊ လူတစ်ယောက်ထဲက အလုပ်တွေအများကြီးကို
တာဝန်ယူရတဲ့ အခါတွေမှာ အရမ်း အသုံးဝင်ပါတယ်။ အလုပ်ရှုပ်နေတဲ့ developers တွေ
အနေနဲ့ အရေးကြီးတဲ့ အချက်တွေကို အမြင်ကျော်ပြီး လစ်ဟာသွားတတ်ပါတယ်။ ဒါ့ကြောင့်
ကိုယ်လုပ်တဲ့ အလုပ်တွေမှာ checklists တွေကို အသုံးပြုပြီး စစ်ဆေးတာကတော့
အကောင်းဆုံး စစ်ဆေးနည်း တစ်ခုပါပဲ။

*(၉) စစ်ဆေးပါ၊ test လုပ်ပါ၊ အလုပ်ကို သေသေချာချာ ပြန်လည်သုံးသပ် review လုပ်ပါ
*

ဖြစ်နိုင်ရင် ဖြစ်နိုင်သလောက် test ကို စောစော လုပ်ပါ။ code တွေထဲမှာ တွေ့တဲ့
errors တွေဟာ dev process ပြီးဆုံးခါနီးမှသာ တွေ့မယ်ဆိုရင် အတော်လေးကို
ခက်ခဲတဲ့ အလုပ်တစ်ခုဖြစ်သွားပါမယ်။ တစ်လလောက်ကတည်းက သိရမယ့် အမှားတစ်ခု bug
တစ်ခုကို တစ်လလောက်ကတည်းက သိပြီး ပြင်နိုင်တာက အကောင်းဆုံးပါပဲ။

ဒါ့ကြောင့် သေသေချာချာ၊ အသေးစိတ် testing လုပ်ပြီး users တွေ မတွေ့ခင်ကတည်းက
တွေ့နိုင်အောင် လုပ်သင့်ပါတယ်။ နှစ်ကြိမ်၊ သုံးကြိမ် အလုပ်တွေကို ပြန်စစ်ဆေးပါ။
test data နဲ့ plan တွေကို ချမှတ်ပြီး လုပ်ဆောင်ပါ။

လုပ်ဆောင်မှု functionality တွေအားလုံးနဲ့ အကြောင်းအရာ scenario တွေ တစ်ခုမကျန်
သေချာစစ်ဆေးပါ။ ဒီနေရာမှာ checklist ကို သုံးဖို့ အကောင်းဆုံးပါပဲ။ PCL
(program check list) စတဲ့ checklist တွေကို သုံးပြီး စစ်ဆေးမှုတွေကို
အကြိမ်ကြိမ် လုပ်သင့်ပါတယ်။

*(၁၀) တတိယအဖွဲ့အစည်း Third Paryt နဲ့ ထပ်ပြီး စစ်ဆေးပါ၊ Test လုပ်ပါ*
အနည်းဆုံး အတွေ့အကြုံရှိတဲ့ beta testing လုပ်ဖို့ သင့်တော်တဲ့
လူတစ်ယောက်ရှာပြီး စစ်ခိုင်းပါ။ ကိုယ်ကလုံးဝ တွေးမထားတဲ့ နည်းလမ်းတွေနဲ့
စစ်ဆေးပြီး ကိုယ်ထင်မထားတဲ့ အမှားတွေ bugs တွေကို တွေ့နိုင်မှာ လုံးဝ
မမှားပါဘူး။ ဒါ့ကြောင့် ဒီအဆင့်ကို လုံးဝ အလျင်မလိုသင့်ပါဘူး။ နောက်ဆုံး
အခွင့်အရေးလို့ လည်း ဆိုနိုင်ပါတယ်။ ဘာလို့လည်းဆိုရင် မကောင်းတဲ့
အမှားတွေအများကြီးပါတဲ့ system တစ်ခုကို released လုပ်လိုက်တာဟာ ကိုယ့်ကုမ္ပဏီရဲ
့ ပုံရိပ်ကို နှစ်များစွာ ထိခိုက်စေနိုင်ပါတယ်။

*နောက်ဆုံးအနေနဲ့*

သေချာတာကတော့ အမှားတွေကို တစ်ယောက်ယောက်က အမှားလို့ မသိမချင်း အမှားကို
အမှားလို့ မထင်ပါပဲ။ ဒါအရေးကြီးပါတယ်၊ မမြင်ရတဲ့ မမြင်နိုင်တဲ့ အမှားတွေ
ကိုယ့်အတွင်းထဲမှာ ဘယ်လောက် များနေပြီလည်း။ ကိုယ်က ကြီးမားတဲ့ အမှားတွေ
လုပ်ခဲ့မိတယ်ဆိုတာကို ပြောတာတစ်ခုတည်းကတော့ ဘာမှ အကျိုးကျေးဇူးရလာစရာမရှိပါဘူး။
မတော်ရင် ကိုယ်မှာပဲ အကျိုးယုတ်နိုင်တာ မဟုတ်လား။

ဒီစာမျက်နှာကနေ အမှားတွေကို ဘယ်လိုရှောင်ရမလဲ ဆိုတဲ့ နည်းလမ်းအချို့ ကို
ရနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်လည်း များသောအားဖြင့် အမှားတွေကနေ
တဆင့် အမြဲ သင်ယူနေရ ပါတယ်။ ဒါပေမယ့် အမှားတွေကို အရင် မလုပ်မိအောင်တော့
အမြဲသတိပေးချင်တယ်။

Other References
Mini-glossary: Project management terms you should
know<http://downloads.techrepublic.com.com/download.aspx?docid=236923>
Build a foundation for project success with this definition
template<http://downloads.techrepublic.com.com/download.aspx?docid=173859>
Project planning template for project
managers<http://downloads.techrepublic.com.com/abstract.aspx?docid=172745>
Top project management resources: Best of Tom
Mochal<http://downloads.techrepublic.com.com/abstract.aspx?docid=296839>

ဘ၀ကို တန်းဖိုးရှိအောင် နေထိုင်နည်း

ဆရာ လှသမိန်၏ ( ဘ၀ကို တန်းဖိုးရှိအောင် နေထိုင်နည်း )စာအုပ်ထဲမှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

၁။ လူ့လောကတွင် လူတို့၏ အကြီးဆုံးကျင့်ဝတ် နှင့် အကြီးဆုံးတာဝန်မှာ .... “ မိမိကြောင့် လူတစ်ဖက်သားတွင် ဒုက္ခမရောက်စေရန်နှင့် အနှောက်အယှက် မဖြစ်စေရန်ပင် ” ဖြစ်ပါသည်။

၂။မိမိပိုင်ဆိုင်သော အချိန်တစ်စုံတစ်ရာ ကုန်ဆုံးလျော့ပါးသွားလေတိုင်း ထိုအချိန်နှင့် ဆက်၍ယူခဲ့ရသော အကျိုးကျေးဇူး တစ်စုံတစ်ရာ ကြွင်းကျန် အဖတ်တင်နေခဲ့ရပေလိမ့်မည်။

၃။မိန်းကလေးတစ်ယောက်အတွက် အကောင်းဆုံးသော ထိန်းသိမ်းမှုမှာ ...
“ မိမိကိုယ်ကို ထိန်းသိမ်းခြင်းပင် ” ဖြစ်ပေသည်။

၎။အလုပ် (မည်သည့်အလုပ်၌မဆို) မိမိတာဝန်ကျေပွန်နိုင်ဖို့သည်သာ ပထမ အရေးကြီးဆုံးဖြစ်ပါသည်။

၅။“ ကြိုတင်ပြင်ဆင်တတ်မှု့” သည် မင်းဘ၀အတွက် အရေးကြီးတဲ့ ကဏ္ဍတစ်နေရာမှာ ထားဖို့မမေ့ပါနှင့်။

၆။ မိမိအတွက်နှင့် မည်သူမျှ ထိခိုက်ခြင်းမရှိအောင် အမြဲတစေ အာရုံစိုက်သော လူမှု့ကျင့်ဝတ်ကား မွန်မြတ်သော ကျင့်ဝတ်ပင် ဖြစ်ပေသည် ။

၇။အခွင့်အရေးသည် ပစ္စပ္ပန်၌သာ ရှိသည်ကို မမေ့ပါနှင့်။ မနေ့က အခွင့်အရေးသည် မနေ့ကနှင့်အတူ ပျောက် ဆုံးသွားခဲ့ပြီ။ မနက်ဖြန်ကား မနက်ဖြန်နှင့်အတူ မသေချာ မရေရာ။ သေချာသည်မှာ “ ယနေ့ပင် ” ဖြစ်သည်။

၈။လူသည် မိမိကိုယ်ကို ကောင်းအောင်လုပ်နိုင်သလို ၊ ဆိုးအောင်လည်း လုပ်နိုင်၏။ သို့အတွက် ...... “ ကောင်းလည်းကိုယ် ၊ ဆိုးလည်းကိုယ် ” ဆိုတာ မမေ့ပါနှင့်။ ကိုယ်သာလျှင် ကိုယ့်ဘ၀ရဲ့ ပဲ့ကိုင်ရှင် ပါ ။။။

၉။အောင်မြင်သူတိုင်း ယုံကြည်ကြသည့် အချက်တစ်ချက်မှာ ..... “ မိမိ၏ ကံကြမ္မာ အဆိုးအကောင်းကို မိမိသာ ဖန်တီးနိုင်သည်။ ” ဟူ၍ ဖြစ်သည်။

၁၀။ကိုယ့်အားကိုယ်ကိုးစိတ် ၊ မိမိကိုယ်ကို ယုံကြည်စိတ်များ ထူထောင်ပေး နိုင်လျှင် ယင်းစိတ်ဓါတ်များနှင့်အတူ သင့်ဘ၀အောင်မြင် တိုးတက်လာပါမည်။

အောင်မြင်သော ဘ၀တစ်ခု တည်ဆောက်နိုင်ရေးတွင် အသိပညာရှိမှုသည် အဓိက လိုအပ်ချက် တစ်ခု ဖြစ်ပါသည်။ သို့သော် သိရုံသက်သက်ဖြင့်သာ မပြီးပါ။ အသိတရားကို လက်တွေ့ဘ၀၌ ထိရောက်စွာ အသုံးချနိုင်ဖို့ လိုပါသည်။

တန်ဖိုးရှိသော စကားများ

မပျင်းမရိ မပေါ့မဆ ဇွဲလုံ့လဖြင့် ကြိုးစားအားထုပ် အဓိကလုပ်ဆောင်ပါ အောင်မြင်မှုဆိုတာ မြဲလာပါလိမ့်မည် ..( အရှင် ကုမာရ)

အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်မှာ ရည်ရွယ်ချက်၌တစိုက်မတ်မတ်လုပ်ခြင်းပင်ဖြစ်တယ်။
(ဘင်ဂျမင်ဒစ်ဆရေလီ)

အောင်မြင်ကျော်ကြားသူဖြစ်အောင် မကြိုးစားပါနှင့်၊ တန်ဖိုးရှိသောသူဖြစ်အောင် ကြိုးစားပါ။
(အယ်ဘတ်အိုက်စတိုင်း)

လူသားတို့၏ဘ၀တွင် မည်သည့်အရာမှ တည်မြဲခြင်းမရှိ သည်ကိုသတိရပါ။ ထို့ကြောင့် အဆင်ပြေသည့်အခါ၌ အလွန်အမင်းဝမ်းသာခြင်း၊ အဆင်မပြေသည့်အခါ၌ အလွန်အမင်း စိတ်ဓာတ်ကျခြင်း မဖြစ်ပါနှင့်။
(ဟင်းရစ်အစ်ဆန်)

ကျေးဇူးသိခြင်းဆိုသည်မှာ မြင့်မြတ်သောစိတ်ရဲ့ သင်္ကေတဖြစ်တယ်။
(အီစွတ်)

သင့်ထံမှ ဝေဖန်ချက်တောင်းကြသူများမှာ စင်စစ် သူတို့အား ချီးမွမ်းခြင်းကိုသာ ခံယူလိုကြသူများဖြစ်တယ်။
(ဟီးဟီးဒီအချက်က ကျွန်တော်မကင်းဘူး)
(ဆမ်းမာဆက်မော)

ကျဉ်းထဲကျပ်ထဲရောက်နေပြီး မျှော်လင့်ချက် ကင်းမဲ့ နေသည့်အခါ၌ အရဲရင့်ဆုံး အကြံဥာဏ်ဟာ လုံခြုံမှုအရှိဆုံးဖြစ်တယ်။
(လိုင်ဗွီ)

စာဖတ်ခြင်းက ပြည့်ဝသောလူတစ်ယောက် ဖြစ်စေတယ်။
ဆွေးနွေးညှိနှိုင်းခြင်းက အသင့်ပြင်ထားသော လူတစ်ယောက်ဖြစ်စေတယ်။
မှတ်သားခြင်းက တိကျသောလူတစ်ယောက်ဖြစ်စေတယ်။
(ဆာဖရန်စစ်ဘေကွန်)

မိမိကိုမိမိ ယုံကြည်ခြင်းဆိုတာ အောင်မြင်သူအတွက် ပထမဆုံးသော သော့ချက်ပဲ။
(နီကီတာခရုရှက်)

တစ်စက်ချင်းကျနေသော ရေစက်များဟာ နောက်ဆုံးမှာကျောက်တုံးကိုပင် တိုက်စားသွားတယ်။
(လူခရီးတပ်စ်)


သူငယ်ချင်းဆိုသည်မှာ ၄င်းအပေါ် ကျွန်ုပ်က ရိုးသားဖြူစင်ရမည့်သူပင် ဖြစ်တယ်။
(ရပ်ဝယ်ဒိုအီမာဆန်)

ပျင်းရိခြင်းဟာ ထိခိုက်နစ်နာမှုများအားလုံးဝင်ရာ ၀င်ပေါက်ကြီးဖြစ်တယ်။
အလုပ်မရှိတဲ့လူတစ်ယောက်ဟာ နံရံမရှိတဲ့ အိမ်တစ်လုံးနဲ့တူတယ်။
မကောင်းဆိုးဝါးများဟာ အရပ်လေးမျက်နှာမှဝင်ရောက်နိုင်တယ်။
(ဂျော့ဖရီချော်ဆာ)

ပြက်ရယ်ပြုခြင်းက သဘောထားသေးသိမ်ညံ့ဖျင်းတဲ့လူများရဲ့ လှုပ်ရှားမှုပင်ဖြစ်တယ်။
(အဲဖရက်တင်နီဆင်)

အပြစ်မရှိသူတစ်ဦး မတရားခံရခြင်းထက် အပြစ်ရှိသူ ဆယ်ဦး ထွက်ပြေးလွတ်မြောက်သွားခြင်းက ပိုလို့ကောင်းသေးတယ်။
(ဘလက်စတုံး)

သန္နိဋ္ဌာန်ချရာ၌ နှေးပါ ၊ လုပ်ဆောင်ရာ၌ မြန်ပါ။
(ဂျွန်ဒရိုင်းဒန်)

ငွေကြေးဥစ္စာအတွက် သက်သက်အိမ်ထောင်ပြုတာက ပြည့်တန်ဆာလုပ်တာနဲ့ အတူတူပဲ။ (ဒီစာသားလေးက နဲနဲတော့ရိုင်းမယ်ထင်တယ် ခွင့်လွတ်ပေးကြပါ။ ကျွန်တော်ရေးတာတော့မဟုတ်ပါဘူး)
(ဘားနဒ်ရှော)

သာယာချမ်းမြေ့သောအိမ်ထောင်ရေး ဆိုသည်မှာ မျက်မမြင်မယား နဲ့ နားပင်းနေသောလင်ယောကျာင်္း တို့ရဲ့အိမ်ထောင်ရေးပင် ဖြစ်ပါတယ်။ (ဒါလေးကတော့စဉ်းစားစရာပဲ)
(ဂျွန်မီတန်)

ဤကမ္ဘာပေါ်၌ မည်သူ့ကိုမျှ အားမကိုးဘဲ မိမိဘာသာမိမိ ရပ်တည်သောလူသာလျှင် အတော်ဆုံးလူဖြစ်တယ်။
(ဟင်းရစ်အစ်ဆန်)

သင့်လောက် ကံမကောင်းသူအား သင်၏ပျော်ရွှင်မှုများ ၊ အဆင်ပြေမှုများကို သွားမပြောပါနှင့်။
(ပလူးတက်)


သူတပါးကို ထိခိုက်နာကျင်စေခြင်းထက် မိမိက အနစ်နာခံလိုက်သည်က ပိုကောင်းတယ်။
(ချားဒါဝင်)

အနည်းငယ်သုံစွဲခြင်းကို သတိပြုပါ။ အလွန်သေးငယ်တဲ့အပေါက်ကလေး တစ်ပေါက်ဟာ အလွန်ကြီးမားတဲ့ သင်္ဘောတစ်စင်းကို နစ်မြုပ်စေနိုင်တယ်။
(ဘင်ဂျမင်ဖရင်ကလင်း)

လိမ်ညာပြောတတ်သူသည် အမှန်ပြောသည့်တိုင်အောင် ယုံကြည်ခြင်းမခံရပါ။
(စီဆာရို)

ခင်ဗျားရဲ့ သဘောတူညီမှုမပါဘဲနဲ့ ဘယ်သူကမှ ခင်ဗျားကို သိမ်ငယ်စိတ်ဝင်အောင် မလုပ်နိုင်ပါဘူး။
(အယ်လင်နွာရုစဗဲ့)

ဆင်ခြေသည် လိမ်ညာပြောသည်ထက် ပို၍ဆိုးဝါးသလိုပို၍ကြောက်စရာလည်းကောင်းတယ်။ အဘယ်ကြောင့်ဆိုသော် ဆင်ခြေဟာ မုသားစကားကို လုံခြုံအောင် ကာရံထားသောကြောင့်ဖြစ်တယ်။
(အလက်ဇန်းဒါးပုတ်)

အရာရာကိုမလုပ်နိုင်တဲ့အတွက် ရှက်စရာမဟုတ်။ သို့သော်မလုပ်တတ်ဘဲလုပ်ခြင်း ၊ သို့မဟုတ် ဟန်ဆောင်ခြင်းသည် ရှက်စရာကောင်းရုံတင်မက စိတ်ပျက်စရာလဲကောင်းလှတယ်။
(ပလူးတက်)

စရိုက်၌လည်းကောင်း ၊ အပြုအမှုများ၌လည်းကောင်း ၊ ဟန်၌လည်းကောင်း ၊ အရာအားလုံး၌လည်းကောင်း အဓိကအကျဆုံးအချက်မှာ ရိုးသားမှုပင်ဖြစ်သည်။
(လောင်ဖဲလ်လိုး)

ပိုက်ဆံအိတ်အတွင်း၌ ပြောင်သလင်းခါနေသည့်အချိန်၌စိတ်မှာ တင်းကျပ်နေတတ်သည်။
(ဗစ်တာဟူဂို)

ကတိပေးရာ၌ အနှေးဆုံးလူသည် လုပ်ဆောင်ရာ၌ ကတိအတိုင်း တစ်သွေမတိမ်း လုပ်ဆောင်တယ်။
(ဂျေ ၊ ဂျေ ၊ ရူးဆိုး)


ပညာရှိများနှင့်တစ်နာရီဆွေးနွေးရခြင်းသည် မိမိဘာသာစာအုပ်တစ်ရာဖတ်သည်ထက် အကျိုးများ၏။
(သိုးဆောင်းစကားပုံ)

အောင်မြင်နေသူများသည် စိတ်မညစ် စိတ်မပျက်ဘဲ ဇွဲမလျှော့သူများသာဖြစ်သည်။
(အဂ္ဂါး)

သူတစ်ပါးကို ကျကျနနသင်ကြားပေးခြင်းသည် မိမိအဖို့သင်ယူခြင်း၌ အကောင်းဆုံးဖြစ်၏။
(အင်္ဂလိပ်စကားပုံ)

စိတ်အားငယ်နေသူတို့သည် အားကိုးမှုကို အလိုရှိတတ်ကြသည်။ အခါမရွေး အားကိုးရာရှာနေတတ်ကြသည်။ သူ့ကို ဖော်ရွေစွာ ဆက်ဆံနေစေချင်သလို သူ့အလိုဆန္ဒကိုလည်းလိုက်လျောစေချင်တတ်ကြ၏။ ထိုသူများနှင့်တွေ့လျှင် အကြံဥာဏ် နှင့် အားပေးစကား ပြောဖို့ရန် ၀န်မလေးအပ်ပေ။ စကားတစ်ခွန်းပြောပေးရုံနှင့်သူ့အား မြေတောင်မြှောက်ရာ ရောက်ပေသည်။
(ဒီဖိုမင်း)

စိတ်ကို တည်ငြိမ်အောင်ထိန်းပါ။ ကြံခိုင်မှု နှင့် သည်းခံခြင်းစိတ်ဓာတ်ကို မွေးဖွားပါ။ ဒုက္ခမှန်သမျှကို သတ္တိရှိစွာ ရင်ဆိုင်ပါ။ အစွမ်းအစ တုံးခြင်း နှင့် အသိဥာဏ်ခေါင်းပါးခြင်း အတွေးအခေါ်ဟူသမျှကို လုံးဝလက်မခံပါနှင့်။
(ဒေါက်တာဝီလျံအိုစလာ)

Saturday, January 30, 2010

မာန်တက်ခြင်း (၁၆) ပါး

(၁) မာန် - မာန်တက်ခြင်း။
(၂) အတိမာန် - အလွန်မာန်တက်ခြင်း။
(၃) မာနာတိမာန် - မာနထက် အလွန် မာန်တက်ခြင်း။
(၄) ဇာတိမာန် - အမျိုးကို စွဲ၍ မာန်တက်ခြင်း။
(၅) ဂေါတ္တမာန် - အနွယ်ကို စွဲ၍ မာန်တက်ခြင်း။
(၆) အာရောဂျမာန် - ရောဂါမရှိသည်ကို မာန်တက်ခြင်း။
(၇) ယောဗနမာန် - အရွယ်ကိုစွဲ၍ မာန်တက်ခြင်း။
(၈) ဇီဝိတမာန် - အသက်ရှည်သည်ကိုစွဲ၍ မာန်တက်ခြင်း။
(၉) လာဘမာန် - လာဘ်ကို စွဲ၍ မာန်တက်ခြင်း။
(၁၀) သက္ကာရမာန် - ပူဇာသက္ကာရကို စွဲ၍ မာန်တက်ခြင်း။
(၁၁) ဂရုဂါရ၀မာန် - သူတစ်ပါးတို့ အလေးအမြတ်ပြုသည်ကို စွဲ၍ မာန်တက်ခြင်း။
(၁၂) ပုရက္ခာမာန် - ရှေ့သွားအကြီးပြုရသည်ကို မာန်တက်ခြင်း။
(၁၃) ပရိဝါရမာန် - အခြံအရံများသည်ကို စွဲ၍ မာန်တက်ခြင်း။
(၁၄) ဘောဂမာန် - စည်းစိမ်ဥစ္စာရှိသည်ကို စွဲ၍ မာန်တက်ခြင်း။
(၁၅) ၀ဏ(ဏ)မာန် - အဆင်းလှသည်ကို စွဲ၍ မာန်တက်ခြင်း။
(၁၆) သုတမာန် - အကြားအမြင်များသည်ကို စွဲ၍ မာန်တက်ခြင်း။