Showing posts with label စေတီပုထိုးများ. Show all posts
Showing posts with label စေတီပုထိုးများ. Show all posts

Tuesday, May 25, 2010

စူဠာမဏိဘုရား



စူဠာမဏိ ဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်နှစ်ဆင့်ဂူဘုရားဖြစ်ပြီး အေဒီ ၁၁၈၃ တွင် နရပတိစည်သူမင်း (အေဒီ ၁၁၇၄-၁၂၁၁) တည်ခဲ့သည်။

စူဠာမဏိ ဘုရားဘွဲ့တော်မှာ (စူဠ-သျှောင်ထုံး၊ မုနိ-ဘုရား) ဟူ၍ အဓိပ္ပာယ် ရသည်။ ဘုရားအတွင်းရှိ ခရစ် ၁၅ ရာစုက ရေးထိုးထားသည့် မင်စာတွင် ဘုရားဘွဲ့တော်ကို "ဇောတမဏိ၊ ပတ္တမြား ရောင်လျံ " ဟုဖော်ပြ ထားသည်။

စူဠာမဏိ ဘုရားကျောက်စာအရ နရပတိ စည်သူမင်းသည် ၂၀ အောက်တိုဘာ ၁၁၈၃ တွင် ပုဂံအရှေ့ဘက် ခြောက်မိုင် အကွာ တုရင်းတောင်သို့ ထွက်ခွာစဉ် တောက်ပသော အရောင်ကို မြင်မိသည်။ နရပတိ စည်သူမင်းက မှူးမတ်တို့အား "ထို တောက်ပသော အရာသည် မီးလော " ဟုမေးမြန်းရာ မှူးမတ်တို့က "မီး" ဟု လျှောက်တင်ခဲ့သည်။ နရပတိ စည်သူများသည် တုရင်းတောင်မှ အပြန်တွင် ထိုတောက်ပသော အရာပေါ် ထွက်နေသည့် နေရာကို မြတ်စွာတကား ဟုဆို၍ ဂူတည်ဆောက်ရန် အရာနင်းခဲ့သည်။ ထို့နောက် ထိုနေရာတွင် လိုဏ်နှစ်ဆင့် ဂူဘုရား တည်ဆောက်ခဲ့သည်။ နရပတိ စည်သူများကြီးသည် စူဠာမဏိ ဘုရား တည်ဆောက်ပြီးစီး သောအခါ ရေစက်သွန်း အမျှဝေခဲ့သည်။ သာသနာတော် အနှစ် ၅၀၀၀ တည်တံ့ရန် ရည်ရွယ်၍ လယ်ယာမြေများလည်း လှူဒါန်းခဲ့သည်။ စူဠာမဏိ ဘုရားတွင် နံရံဆေး ပန်းချီများ၊ အင်္ဂတေ ပန်းလက်ရာများ၊ စဥ့်ကွင်းများကို လေ့လာနိုင်သည်။

စူဠာမဏိ ဘုရားတွင် ပုဂံခေတ်၊ အင်းဝခေတ် နှင့် ကုန်းဘောင်ခေတ် လက်ရာ နံရံပန်းချီများကို တွေ့ရသည်။ ဂူဘုရား မြေညီထပ် အလယ်မဏ္ဍိုင် ပတ်လည် စင်္ကြပေါင်းကူး မျက်နှာကြက်တွင် အ၀ါရင့် နှင့် အနက်ရောင် ဆေးတို့ဖြင့် ရေးဆွဲထားသည့် ပုဂံခေတ်လက်ရာ ခြူးပန်း ခြူးနွယ် နှင့် ကနုတ်ပန်းများ ရှိသည်။ မြေညီထပ် ဗုဒ္ဓရုပ်ပွား ဆင်းတုကြီး များ၏ ဘေးနှင့် စင်္ကြနံရံတွင် ကုန်းဘောင်ခေတ် လက်ရာနံရံပြည့် ရေးဆွဲထားသည့် ဗုဒ္ဓရုပ်ပွားပုံ၊ မြတ်စွာ ဘုရားဝါဆိုစဉ်များ၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားပုံ၊ ဧတဒဂ်ရ ပုဂ္ဂိုလ်များနှင့် ဗုဒ္ဓ၏တပည့် သာဝက (၈၀) တို့၏ ပုံများရှိသည်။ ဂူဘုရား အတွင်း ခေတ်အဆက်ဆက်က ရေးမှတ်ခဲ့သော နံရံကမ္ပည်း စားများရှိပြီး အချို့မှာ သင်္သကရိုက်ဘာသာ၊ အချို့မှာ ရှေးမြန်မာ အက္ခရာ တို့ဖြင့် ရေးထိုးထားသည်။

ဂူဘုရား၏ အပြင်ပတ်လည်တွင် အင်္ဂတေပန်းတော့ လက်ရာများ ဖြစ်သည့် တိုင်ဖုံးပန်းများ၊ ဘီလူး ပန်းဆွဲများ၊ ကနုတ်ပန်းများ၊ ပုလဲလုံးများ၊ ရာမလက်ညှိုးနှင့် စုလစ်မွန်းချွန် တံကဲပန်းများကို လေ့လာနိုင်သည်။ ဂူဘုရား၏ ပစ္စယာအဆင့်ဆင့် စိန်တန်းများတွင် စဥ့်ဝါနှင့် စဥ့်စိမ်းရောင် စဥ့်ကွက် စဥ့်ပန်းများဖြင့် မွမ်းမံ တန်ဆာဆင် ထားသည်။

ဦးမောင်မောင် (ဘီအေ)သမိုင်း၊ ရန်ကုန်တက္ကသိုလ် ၏ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ပုဂံစေတီပုထိုးများ

ဂူပြောက်ငယ် (မြင်းကပါ)







ဂူပြောက်ငယ် (မြင်းကပါ) သည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့် ဂူဘုရားဖြစ်ပြီး အေဒီ(၁၁၉၈) တွင် တည်ခဲ့သည်။ ဂူပြောက်ငယ် (မြင်းကပါ)သည် နားထောင်များ (ထီးလိုမင်းလို) မင်းငယ်စဉ်က စာသင်ပေးသော အကြေတလ အရှေ့ မောလညာရွာ ဇာတိမဟာထေရ် ဓမ္မရာဇဂုရု သီတင်း သုံးသွားသော ဘုရားဖြစ်သည်ဟု အဆိုရှိသည်။

ဂူပြောင်ငယ် (မြင်းကပါ) ဘုရားတွင် နံရံဆေးရေး ပန်းချီဆေးရေးပန်းချီ အင်္ဂတေ ပန်းတော့လက်ရာနှင့် ကျောက်ဆစ် ပန်းတမော့ လက်ရာများ ကို လေ့လာနိုင်သည်။ ဂူပြောက်ငယ်ဘုရား အတွင်း အ၀င်ခန်းမ၊ စင်္ကြလမ်းနှင့် တိုက်မဂူ၏ ပေါင်းကူးမျက်နှာကြက်များနှင့် နံရံများတွင် နံရံဆေးရေး ပန်းချီများရှိသည်။ တံကဲပုံ၊ ပန်းဘောင်ပုံ၊ ပန်းတောင်ပုံများနှင့် ပုဂံခေတ်ဇာတ ဂြိုဟ်နေကွက်များ ရေးဆွဲထားသည်ကို တွေ့ရသည်။ ဂူပြောက်ငယ်တွင် အေဒီ (၁၃၁၃) နှစ်ရေး ကမ္ပည်းစာ (၁၃)ကြောင်း ရှိပြီး "ကျောင်းဖြူ နန်းကျမင်း ကောင်းမှု ဖြစ်သော ပျက်စီးနေသည့် ရပ်တော်မူ ဗုဒ္ဓရုပ်ပွား ဆင်းတုကို သခင်ဖွားစောကြီးက ပြုပြင်ကြောင်း " မှတ်တမ်း ဖြစ်သည်။

ဂူပြောက်ငယ် (မြင်းကပါ)ဘုရား၏ အပြင်ဘက် မျက်နှာစာ တွင် အင်္ဂတေပန်းတော့ လက်ရာများ လေ့လာနိုင်သည်။ ဘုရားအလယ် မဏ္ဍိုင်လေး မျက်နှာရှိ ဗုဒ္ဓရုပ်ပွား ဆင်းတုတော်ကြီးများ၏ အနောက်နံရံတွင် ဖောင်းကြွဆေးချယ် အင်္ဂတေ တံကဲများ အလွန်လှပပုံကို လေ့လာနိုင်သည်။

ဂူပြောက်ငယ် (မြင်းကပါ) ဘုရား၏ အလယ်မဏ္ဍိုင် ပတ်လည်တွင် စင်္ကြလမ်းရှိပြီး စင်္ကြပတ်လမ်း၏ အပြင်နံရံရှိ မုခ်ကပ်များတွင် မူလက ဗုဒ္ဓ၀င်ခန်း ကျောက်ဆစ် ပန်းတမော့ လက်ရာများရှိသည်။ (၁၉၉၃) ခုနှစ်တွင် ဗုဒ္ဓ၀င် ခန်းကျောက်ဆစ် ရုပ်တုရှစ်ဆူကို ပုဂံရှေးဟောင်း ယဉ်ကျေးမှုပြုတိုက်သို့ ရွှေ့ပြောင်း ပြသထားသည်။

Monday, May 24, 2010

ဂူပြောက် (ဗိုလ်ချိုမိဂူပြောက်)




ဗိုလ်ချိုမိ ဂူပြောက်သည် မဟာဗောဓိပုံ ကွမ်းတောင် ပေါက်လိုဏ် နှစ်ဆင့်ဘုရားဖြစ်ပြီး ခရစ် (၁၃)ရာစုနှစ်က တည်ခဲ့သည်။ ဗြိတိသျှတို့က ၁၈၈၅ ခုနှစ်တွင် အထက် မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် မြန်မာ တိုင်းရင်းသားများက အင်္ဂလိပ်တို့အား ဆန့်ကျင် တော်လှန် တိုက်ခိုက်ခဲ့ရာ ပုဂံမှ ဗိုလ်ချိုသည် ထင်ရှားသော နယ်ချဲ့ တော်လှန်ရေး ခေါင်းဆောင် တစ်ဦး ဖြစ်သည်။ ၁၈၉၆ တွင် သီရိပစ္စယာရှိ ဂူပြောက်အတွင်း အင်္ဂလိပ်တို့က ဗိုလ်ချိုအား ဖမ်းဆီးရမိခဲ့သည့် အတွက် ဗိုလ်ချိုမိ ဂူပြောက်ဟု အမည်တွင်ခဲ့သည်။

ဗိုလ်ချိုမိဂူပြောက် ဘုရားတွင် နံရံဆေးရေး ပန်းချီများနှင့် အင်္ဂတေ ပန်းတော့လက်ရာများ ရှိသည်။ ကြက်တငို အ၀ိုင်းဈ ထောင့်ဘောင်ပန်း နှင့် စက်ဝိုင်းအတွင်းမှ ပန်းကွက်အလှများ နံရံတွင် ဘောင်ခတ် ထားသည့် သစ်ရွက်ပုံ ပန်းတန်း၊ စိန်ကွက်ပုံနံရံ ပန်းချီများနှင့် ခေတ်နှောင်းပိုင်းတွင် ရေးဆွဲထားသည့် လှေပုံများ ရှိသည်။

ဗိုလ်ချိုမိဂူပြောက်၏ မဟာဗောဓိ ကွမ်းတောင်မှ လေးထောင့်ကွက် အတွင်း ရုပ်ပုံပါသည့်အ၀ိုင်း ကွက်ပုံ ဖော်ထားသည့် အင်္ဂတေ ပန်းတော့လက်ရာများ၊ အ၀င်မုခ်မှ ရာမ လက်ညှိုးပုံ တံကဲပန်း၊ တိုင်ဖုံးပန်း၊ တိုင်အောက်ခံ အိုးမှ အင်္ဂတေပန်းနှင့် အရုပ်များ ချင်မိတ်တိုးတန်းမှ အင်္ဂတေပန်းများ ကို လေ့လာနိုင်သည်။

Sunday, May 23, 2010

လေးမျက်နှာဘုရား


လေးမျက်နှာဘုရား သည် ကွမ်းတောင်ပေါက်လိုဏ် တစ်ဆင့်ဂူဘုရား ဖြစ်ပြီး ၁၅-၁၂-၁၂၂၃ တွင် အမတ်ကြီး အနန္တသူရ နှင့် ဇနီးတို့က တည်ခဲ့သည်။

လေးမျက်နှာဘုရား ကျောက်စာအရ ၁၅-၁၂-၁၂၂၃ တွင် အမတ်ကြီး အနန္တသူရ နှင့် ဇနီးက အတိုင်းမသိသောသဒ္ဓါစိတ်ဖြင့် ကုသိုလ်ကောင်းမှု ပြုကြောင်း၊ အာမနာကန် အရပ်၌ ထန်းပင်များ စိုက်ခြင်း၊ တံတိုင်းနှစ်ထပ် ခတ်ခြင်းနှင့် တံတိုင်း အတွင်း၌ ကလသားအိုး အယောင်နှင့် တူသော တင့်တယ်စွာသော စင်္ကြထက်၌ ဂူတည်ကြောင်းသရီရဓာတ်တော်ကို ကြုတ်အဆင့်ဆင့် ထည့်ပြီး ဌာပနာကြောင်း၊ စေတီအထွတ်ကို ရွှေဖြင့် ပြုလုပ်ပြီး အထွတ်ထက်၌ရွှေထီးတင်လှူခဲ့ကြောင်း တရားနာ ပရိသတ်များအတွက် ဓမ္မသာလာ ဆောက်ခြင်း၊ သခင်ထေရ် သီတင်းသုံးရန်ကျောင်းကြီးဆောက်ခြင်း၊ သခင်အရိယာတို့ သီတင်းသုံးရန် ကျောင်းများ ဆောက်ခြင်း၊ ရေတွင်းတူးခြင်း၊ ရေကန်တူးခြင်း၊ ဥယျာဉ်စိုက်ခြင်းနှင့် အရပ်လေးမျက်နှာ မှလာသောသူများ တည်းခိုရန် တန်ဆောင်းဆောက်ခြင်း၊အုတ်ဇရပ် ဆောက်ခြင်းနှင့် ကပ္ပိယငုဋီဆောက် ခဲ့ကြောင်း၊ ၄င်းတို့ကိုယ်စား ဘုရားပြုပြင်ရန် သန့်ရှင်းရေး လုပ်ရန်နှင့်ဘုရား၌ သင်ပုတ်၊ ဆီမီး၊ ဆွမ်း၊ ပန်း မပြတ်တင်ရန် အတွက် ကျွန်များ လှူခဲ့ကြောင်း သိရှိရပါသည်။

လေးမျက်နှာဘုရား၏ အတွင်းနံရံ အောက်ပိုင်းများရှိ နံရံဆေးရေး ပန်းချီများမှာ ထုံးသုတ်လိုက်သည့် အတွက် ပျက်စီးနေပြီဖြစ်သော်လည်း အပေါ်ပိုင်းတွင် နံရံဆေးပန်းချီများ ကျန်ရှိသေးသည်။ ဂူဘုရား၏ အရှေ့အ၀င်ခန်းမ ပေါင်းကူး မျက်နှာကြက်တွင် ဗုဒ္ဓခြေတော်ရာ၊ နံရံအထက်ပိုင်းတွင် မဟောသဓာဇာတ် နံရံဆေးရေးပန်းချီ (နံရံအောက်ပိုင်းထုံးသုတ်လိုက်၍ နံရံဆေး ပန်းချီများ ပျက်စီးခဲ့ပြီ ဖြစ်သည်။) များကို ကမ္ပည်းစာနှင့် တကွ လေ့လာနိုင်သည်။ ဂူဘုရားအတွင်း ပေါင်းကူး မျက်နှာကြက်တွင် ရုပ်ပုံများပါသော စက်ဝိုင်းပုံ ပန်းခက်ပန်းနွယ်များ၊ နံရံတွင် (၅၅၀)ဇာတ်ကွက်နှင့် ကမ္ပည်းစာများ၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားများနှင့် အကြောင်းအရာ ကမ္ပည်းစာများ၊ ဗုဒ္ဓ၀င်ခန်းနှင့်ကမ္ပည်းစာများ၊ ဗုဒ္ဓရုပ်ပွားပုံများ ရှိသည်။
လေးမျက်နှာ ဂူဘုရား၏ အပြင်ဘက် မျက်နှာစာရှိ အင်္ဂတေ ပန်းတော့လက်ရာ များကို လေ့လာနိုင်သည်။

မဟာဗောဓိဘုရား




မဟာဗောဓိဘုရားသည် မဟာဗောဓိပုံ ကွမ်းတောင်ပေါက် လိုဏ်နှစ်ဆင့် ဂူဘုရား ဖြစ်ပြီး ၂၆-၃-၁၂၁၆ တွင် နားတောင်းများမင်းက တည်ခဲ့သည်။


အိန္ဒိယနိုင်ငံ ဘီဟာနယ် ဗုဒ္ဓဂါယာဒေသရှိ မြတ်စွာဘုရား သဗ္ဗညုတ ဥာဏ်စတင် ရရှိသည့် မဟာဗောဓိ ညောင်ပင်အနီးတွင် မဟောဗောဓီပုထိုး ပျက်စီး ယိုယွင်း နေသည်ကို ကြားသိရပြီး သွားရောက်ပြင်ဆင် မွမ်းမံခဲ့ရာမှ မြန်မာတို့ မဟာဗောဓိ ဘုရား ပုံသဏ္ဍာန်ကို သိရှိခဲ့သည်။ နားတောင်းများ မင်းလက်ထက်တွင် အိန္ဒိယနိုင်ငံရှိ မဟာဗောဓိဘုရား ပုံစံအတိုင်း တည်ခဲ့ခြင်း ဖြစ်ပြီး မူလက အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ ကဲ့သို့ ပုဂံမဟာဗောဓိဘုရား ပတ်ဝန်းကျင်တွင် သတ္တဌာန ဆိုင်ရာ အမှတ်အသား အဆောက်အအုံ များရှိခဲ့သည်။



မဟာဗောဓိ ဘုရားအပေါ်ထပ် လိုဏ်အရှေ့ နံရံတွင် ပထမ အင်းဝခေတ် ရေးကမ္ပည်း မင်စာ (၁၃)ကြောင်း ရှိသည်။ တိုက်မ၏ အပြင်နံရံ ကွမ်းတောင်အရှည်၏ အပြင်နံရံ များတွင် ဗုဒ္ဓဂါယာရှိ မဟာဗောဓိဘုရားကဲ့သို့ မုခ်ကပ် အချိုင့်များ ပြုလုပ်ကာ မတ်တပ်ရပ်၊ လျောင်းတော်မူ၊ ဗုဒ္ဓရုပ်ပွားတော် ပေါင်းများစွာကို ထည့်သွင်းထားသည်။


မဟာဗောဓိဘုရား အပြင်တွင် အင်္ဂတေ ပန်းတော့ လက်ရာများဖြစ်သည့် အင်္ဂတေ ပန်းတန်းများ၊ ငှက်ရုပ်၊ နတ်ရုပ်များဖြင့် တန်ဆာဆင်ထားသည်။

Saturday, May 22, 2010

ဗူးဘုရား




ဗူးဘုရားကို ခရစ်(၃) ရာစုတွင် ပျူစောထီမင်း တည်ခဲ့သည်။ ပျူစောထီး သည် ပုဂံတွင် ဒုက္ခ ပေးနေသော ကျား၊ ၀က်၊ ငှက်၊ ဗူး၊ ရှူးပျံ ရန်သူငါးပါးကို နှိမ်နင်း ပေးသဖြင့် သမုဒ္ဒရာဇ်မင်း (အေဒီ ၁၀၇-၁၅၂)က သမီးနှင့် လက်ဆက်စေပြီး အိမ်ရှေ့မင်း အဖြစ် ခန့်အပ်ခဲ့သည်။ ပျူစောထီး ပုဂံတွင် ထီးနန်းဆက်ခံ ပြီးနောက် ဗူးပင်များကို ရှင်းလင်းခဲ့ရာ အရပ်၌ ဗူးသီးပုံ သဏ္ဍာန် စေတီတည်ခဲ့သည်။

ဗူးဘုရား၏ ပုံသဏ္ဍာန်မှာ သရေခေတ္တရာ ကဲ့သို့ ထုလုံးရှည် ဓာတ်တော်ကြုတ် ပုံမျိုးဖြစ်သည်။ ဗူးဘုရား၏ အပေါ်ပိုင်းတွင် အုတ်ခုံ အ၀ိုင်းခံ၍ တည်ဆောက် ထားပြီး ဘုရားအား မြစ်ရေ တိုက်စားခြင်းမှ ကာကွယ်ရန် စိန်တောင်ပတ်လမ်း အဆင့်အဆင့် ပြုလုပ် ထားသည်။

ဗူးဘုရားသည် ဧရာဝတီ မြစ်ကမ်းတွင် တည်ထားသည့် အတွက် မြစ်ရေ တိုက်စားမှုဒဏ်ကို ခံခဲ့ရ သည် ၁၉၇၅ ပုဂံငလျင်ဒဏ် ကြောင့် စေတီတစ်ခုလုံး ဧရာဝတီ မြစ်အတွင်း ပြိုကျ ခဲ့သည်။ ယခုဖူးတွေ့ရသော ဗူးဘုရား သည် ၁၉၇၆-၇၈ ခုနှစ် အတွင်း အသစ်ပြန်လည် တည်ထား ကိုးကွယ်သည့် ဘုရားဖြစ်သည်။

နဂါးရုံဘုရား



နဂါးရုံဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူ ဘုရားဖြစ်ပြီး ခရစ် (၁၁) ရာစုနှောင်းတွင် ကျန်စစ်သားမင်း တည်ခဲ့သည်။ ကျန်စစ်သားသည် စောလူးမင်းရန်ကြောင့် မြင်းကပါရွာ အနီး ပုန်းအောင်း နေရစဉ် ဇနီးဖြစ်သူ အပယ်ရတနာက သွားရောက် တွေ့ဆုံလေ့ရှိသည်။ တစ်နေ့တွင် အပယ်ရတနာ ကျန်စစ်သားထံသွားရာ အိပ်ပျော်နေသည့် ကျန်စစ်သားကို နဂါးတစ်ကောက်က ပါးပြင်းဖြင့် မိုးနေသည်ကို တွေ့ရသည်။ ကျန်စစ်သားနိုးလာလျှင် နဂါးလည်း ပျောက်ကွယ် သွားသည်။ ထိုအကြောင်းကို အပယ်ရတနာက ကျန်စစ်သားမင်းအား ပြောပြရာ ကျန်စစ်သားက မိမိမင်းဖြစ်မည့် နိမိတ်ဟု အပယ်ရတနာအား ပြောကြားခဲ့သည်။ ကျန်စစ်သား ပုဂံထီးနန်း ရရှိပြီးနောက် ၄င်းအား နဂါးပါးပြင်မိုးထားရာ နေရာ၌ နဂါးရုံဘုရား တည်ခဲ့သည်။


နဂါးရုံဘုရားကို မိုးလျော၊ ပစ္စယာအဆင့်ဆင့်ဖြင့် တည်ဆောက်ထားပြီး ပစ္စယာအထက်တွင် ကွမ်းတောင်နှင့် အထွတ်စေတီ ပေါက်ထားသည်။ ပစ္စယာများ၌ ထောင့်စေတီများ ရှိသည်။ နဂါးရုံဘုရားတွင် နံရံများနှင့် စင်္ကြပတ်လမ်း နံရံများတွင် ဗုဒ္ဓ၀င်ခန်းများ၊ မြတ်စွာဘုရား တရားဟောခန်း နံရံဆေးရေး ပန်းချီများကို ရှေးမွန်ဘာသာ ကမ္ပည်းစာများနှင့် တကွ တွေ့ရသည်။


နဂါးရုံဘုရား၏ အ၀င်ခန်းမဆောင် နံရံမုခ်ကပ်များတွင် ဗုဒ္ဓ၀င်ခန်း ဖြစ်သည့် မယ်တော်မာယာ အိပ်မက်ခန်း၊ မြတ်စွာဘရား ရွှေခွက်မျောခန်း၊ တာဝတိံသာ နတ်ပြည်မှ ဆင်းလာခန်း၊ မြတ်စွာဘုရား တရားဟောခန်း၊ ပါလိလေယျက (ပလလည်း) တောတွင် သီတင်းသုံးခန်းနှင့် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုခန်း စသည့် ကျောက်ဆစ်ရုပ်တု များနှင့် ဂူဘုရားအတွင်းရှိ လက်ဝဲ လက်ယာ နံရံမုခ်ကပ် များတွင်လည်း သဲကျောက်ဖြင့် ထုလုပ်ထားသည့် ကြာပလ္လင်ပေါ်ရှိ ဗုဒ္ဓရုပ်ပွား ဆင်းတုများ၊ ဒီပင်္ကရာဘုရား ရှေ့မှောက်သုမေဓာ ရှင်ရသေ့ ဗျာဒိတ်ခံယူပုံ စသည့် ကျောက်ဆစ်ရုပ်တု များကို လေ့လာနိုင်သည်။

နဂါးရုံဘုရား အပြင်ဖက်နံရံတွင် တန်ဆာဆင်ထားသည့် အင်္ဂတေပန်းတော့ လက်ရာများ ဖြစ်သည့် ဘီလူးပန်းဆွဲများ အင်္ဂတေပန်း များကိုလည်း လေ့လာနိုင်သည်။ နဂါးရုံဘုရား အခြေမှ အတွင်း တံတိုင်းအထိ စဥ့်စိမ်းသုတ် အုပ်ချပ်များ ခင်းထားသည်။

Friday, May 21, 2010

ပုဂံဘုရားများ


တူရင်းတောင်စေတီတော်

တူရင်းတောင်စေတီ ကို အေဒီ ၁၀၅၉ တွင် အနော်ရထာမင်း တည်ခဲ့သည်။ အနော်ရထာမင်းသည် သီဟိုဠ် (ယခု သီရိလင်္ကာ) ဘုရင် ၀ိဇယဘာဟု(၁) ဆက်သလိုက်သော စွယ်တော်ကို ထပ်မံ ပွား၍ တူရင်းတောင်ထိပ် တွင် စေတီတည်ကာ စွယ်တော်ပွားကို ဌာပနာ ခဲ့သည်။

တူရင်းတောင်စေတီ ကို အောက်ခြေ အုတ်ခုံခံ၍ အုတ်ခုံမျက်နှာစာ တွင် ဆင်ရုပ် (၃၂)ရုပ်ကို အရပ်မျက်နှာ အလိုက် အချိုးကျ ပြုလုပ်ထားသည်။ အုတ်ခုံ အထက်တွင် ရှစ်မြှောင့် ပစ္စယာအထက်တွင် ဖောင်းရစ်နှင့် မိုးလျှောများ၊ ပုပြတ်သော ခေါင်းလောင်းပုံ၊ ခေါင်းလောင်းပုံတွင် စိန်တောင် များပါသည့် ရင်စည်း၊ သေးသွယ် ချွန်တက်သွားသည့် ဖောင်းရစ် တစ်လှည့်၊ မိုးလျှော တစ်လှည့်၊ အထွတ်၊ ကြာမှောက်၊ ရွှဲလုံး၊ ကြာလန်၊ ငှက်ပျောဖူး နှင့် ထီးတို့ဖြင့် အဆင့်ဆင့် တည်ထားသည်။

တူရင်းတောင်စေတီ ကို ခေတ်အဆက်ဆက် စေတနာရှင် များက ပြုပြင်မွမ်းမံခဲ့ကြ သဖြင့် စေတီအသစ်သဖွယ် ဖြစ်နေသည်။

ရွှေစည်းခုံစေတီ









ရွှေစည်းခုံစေတီ

ရွှေစည်းခုံစေတီကို အေဒီ(၁၀၆၀)တွင် အနော်ရထာမင်း စတင်တည်ခဲ့ပြီး အပြီးမသတ်၍ ကျန်စစ်သားမင်း အေဒီ (၁၀၈၄-၁၁၁၃)က ဆက်လက်တည်ရာ အေဒီ (၁၀၉၀) တွင် ပြီးစီး ခဲ့သည်။

အနော်ရထာမင်းသည် သရေခေတ္တရာရှိ ဒွတ္တဘောင်မင်းကြီး၏ စေတီကိုဖျက်၍ မြတ်စွာဘုရား၏ နဖူးသင်းကျစ်တော်နှင့် မြဆင်းတုတော်တို့ကို ယူဆောင်ကာ ရွှေစည်းခုံစေတီ တွင် ဌာပနာခဲ့သည်။ ထို့ပြင် အနော်ရထာမင်းသည် သီဟိုဠ် (ယခုသီရိလင်္ကာ) ဘုရင် ဝိဇယဘာဟု(၁) ဆက်သလိုက်သော စွယ်တော်ကိုလည်း ရွှေစည်းခုံ စေတီတွင် ထပ်မံ ဌာပနာ ခဲ့သည်။

ရွှေစည်းခုံစေတေီအောက်ခြေတွင် ပစ္စယံသုံးဆင့်ရှိပြီး ပစ္စယံသုံးဆင့်အထက်တွင် ရှစ်ထောင့်ကြာဝန်း ကျည်းဝန်း၊ ခေါင်းလောင်းပုံ၊ ရင်စည်း၊ သပိတ်မှောက်၊ ဖောင်းရစ် အဆင့်ဆင့်၊ ကြာမှောက်၊ ရွဲ၊ ကြာလန်၊ ပဉ္စလောဟာချရားသီး၊ ထီးအဆင့်ဆင့်ဖြင့် တည်ဆောက် ထားသည်။

ရွှေစည်းခုံစေတီတော်၏ ပစ္စယံအဆင့်ဆင့်တွင် စဥ့်စိမ်းသိတ် အုတ်ချပ်များဖြင့် ပြုလုပ်ထားသော (၅၅၀)ဇာတ်များကို ဇာတ်အမည်၊ နံပါတ်များနှင့် တကွ တွေ့ရသည်။ ရွှေစည်းခုံစေတီ၏ မျက်နှာလေးဖက်တွင် ကြေးဂူတိုက် လေးတိုက်ရှိပြီး ထိုတိုက်များထဲတွင် (၃.၉၀)မီတာ (၁.၂၈)ပေခန့် အမြင့်ရှိ ရပ်တော်မူဗုဒ္ဓရုပ်ပွားတော် ကြေးဆင်းတု (အဘယမုဒြာနှင့် ၀ရဒမုဒြာ) များရှိသည်။ ပုဂံခေတ် ကြေးသွန်း ကြေးခတ်နည်း (ပန်းတည်းပညာ)ကို လေ့လာနိုင်သည်။

ရွှေစည်းခုံစေတီတော်၏ အရှေ့ဘက်မုခ်တွင် ရှေးမွန်ဘာသာဖြင့် ရေးထိုးထားသည့် ကျန်စစ်သားမင်း အေဒီ (၁၀၈၄-၁၁၁၃) ၏ နန်းတက်အမိန့်တော် ပြန်တမ်းကျောက်စာတိုင် နှစ်တိုင်ရှိသည်။ ထိုကျောက်စာတွင် ကျန်စစ်သားမင်းသည် ဘုရားလက်ထက်၌ ဗိဿနိုးဖြစ်ခဲ့ပြီး နောင်အခါ အရိမဒ္ဒပူရပြည်တွင် တရားစောင့်သော မင်းဖြစ်လာမည်ဟု ဘုရားက ဗျာဒိတ်ပေးခဲ့ကြောင်း၊ တိုင်းသူပြည်သားတို့ကို ကြင်နာစွာ အုပ်ချုပ်မည့် အကြောင်း ရေးထိုးထားသည်။

ဟံသာဝတီ ဘုရင့်နောင်ကျော်ထင်နော်ရထာ အေဒီ(၁၅၅၀-၁၅၈၁) သည် ရွှေစည်းခုံစေတီကို ရွှေသင်္ကန်းကပ်လှူခဲ့ပြီး ထိုအကြောင်းကို (၂၃)မေ၊ (၁၅၅၇) ကလှူခဲ့သည့် (၂၁၀၀)ပိဿာ၊ (၃.၁၈)တန်ရှိ ကုသိုလ်တော် ခေါင်းလောင်းစာတွင် ဖြော်ပခဲ့သည်။

ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်း အေဒီ (၁၇၆၃-၁၇၇၆) သည် (၃၀)မေ၊ (၁၇၆၈) တွင် ရွှေစည်းခုံစေတီကို ထီးတော်တင်ပြီး ၄င်း၏အလှူဒါနကို ရေးထိုးထားသည့် မော်ကွန်း ကျောက်စာရှိသည်။

ရွှေစည်းခုံ စေတီရင်ပြင်ရှိ အုတ်ဇရပ်အတွင်းရှိ ပုဂံခေတ်က ထုလုပ်ခဲ့သည့် ဗုဒ္ဓခြေတော်ရာ၊ သစ်သားပန်းပု သိကြားရုပ်နှင့် သစ်သားပန်းပု တံခါးရွက်တို့ကို လေ့လာနိုင်သည်။

ရွှေစည်းခုံစေတီ ပန္နက်ရိုက်ရာ၌ အခြေပြုသည့် ပန္နက်သဲဂူ၊ အုတ်ဇလားဂူ တို့လည်းရှိသည်။

ရွှေစည်းခုံစေတီသည် အတွင်းအံ့ကိုးပါး၊ အပြင်အံ့ကိုးပါး နှင့်ပြည့်စုံသည်ဟု ယုံကြည်ကြသည်။

အတွင်းအံ့ကိုးပါးမှာ-

(၁) ထီးတော်သည် ကြိုးမဆိုင်းရဘဲ ခိုင်မြဲခြင်း။
(၂) စေတီ၏အရိပ်သည် တံတိုင်းအပြင်သို့ မရောက်ခြင်း။
(၃) စေတီ၏ထိပ်မှ ရွှေစက္ကူပစ်ချလျှင် အပြင်သို့မရောက်ခြင်း။
(၄) စေတီ၏ မဟာရံတံတိုင်းအတွင်း လူမည်မျှများများ ပြည့်ကျပ်မနေခြင်း။
(၅) စေတီကို ဆွမ်းဦးအောင် မတင်နိုင်ခြင်း။
(၆) စေတီ၏အမြင့်သည် အရှိထက်ပိုမြင့်သည်ဟု ထင်ရခြင်း။
(၇) စေတီ၏တစ်ဖက်မှ တီးသောစည်သံကို အခြားတစ်ဖက်မှ မကြားရခြင်း။
(၈) မဟာရံတံတိုင်းအတွင်း မိုးရေမတင်ခြင်း။
(၉)စေတီရှိ ခရေပင်တို့သည် တစ်နှစ်ပတ်လုံး ပွင့်ခြင်းတို့ဖြစ်သည်။

အပြင်အံ့ကိုးပါးမှာ-

(၁) ဧရာဝတီမြစ်ကမ်းစပ်ရေစီးအတွင်း စွယ်တော်တင်လာသည့် ဆင်ဖြူတော်ဝပ်သည့်နေရာ သောင်ဖြစ်လာခြင်း။
(၂) ထိုသဲသောင်တို့သည် ကျောက်ဖြစ်လာခြင်း။
(၃) ဧရာဝတီမြစ်ရေသည် စေတီတော်ကို ဦးခိုက်ရစ်ဝဲစီးဆင်းခြင်း။
(၄) မဟာရံတံတိုင်းသည် ရှစ်ပယ် (၁၄.၁၆)ဧက ကျယ်ဝန်းခြင်း။
(၅) စေတီတည်ရာတွင် တုရင်းတောင်မှ ကျောက်များကို ပုဂံပြည်သူတို့ လက်ဆင့်ကမ်းသယ်ခြင်း။
(၆) ကျောက်သယ်ယူသူများ အရိပ်ရရန် မန်ကျည်းပင်များ ချက်ခြင်းပေါက်ခြင်း။
(၇) ကျောက်သယ်အပြီး မန်ကျည်းပင်များ ပျောက်ခြင်း။
(၈) ရွှေစည်းခုံစေတီ အရှေ့မျက်နှာစာ လှေကားအနီးရှိ ရေမှန်အတွင်း၌ စေတီအရိပ်ထင်ခြင်း။
(၉) စေတီကို အဝေးမှကြည့်ပါက ကုန်းမြင့်ပေါ်တွင် တည်ထားသည်ဟု ထင်ရခြင်းတို့ ဖြစ်သည်။

ဝန်ခံချက် ။ ပုံတော်များကို www.ancientbagan.com မှ ရယူထားပါသည်။


လောကနန္ဒာစေတီ



လောကနန္ဒာ စေတီကို အေဒီ ၁၀၅၉ တွင် အနော်ရထာမင်း တည်ခဲ့သည်။ အနော်ရထာ မင်းသည် သီဟိုဠ်ကျွန်းမှ ဆက်သလိုက်သော စွယ်တော်ကို ထပ်မံပွား၍ လောကနန္ဒာ သင်္ဘောဆိပ်အနီး ကုန်းမြင့်တွင် လောကနန္ဒာ စေတီတည်၍ ဌာပနာ ခဲ့သည်။


လောကနန္ဒာ စေတီကို အောက်ခြေတွင် ရှစ်ထောင့် ပစ္စယာခံထားပြီး ရှစ်ထောင့် ပစ္စယာ အလယ်တွင် ပစ္စယာသုံးဆင့်နှင့် ခေါင်းလောင်းပုံ ရှည်ရှည် ဖောင်းရစ် အဆင့်ဆင့်ဖြင့် တည်ဆောက်ထားသည်။

လောကနန္ဒာ စေတီကို ခေတ်အဆက်ဆက် ပြုပြင် မွမ်းမံခဲ့သဖြင့် စေတီအသစ် ကဲ့သို့ ဖြစ်နေသည်။


လောကနန္ဒာ စေတီ အရှေ့ဘက် တန်ဆောင်း အတွင်းတွင် သဲကျောက် အမာစားဖြင့် ထုလုပ်ထားသည့် ၁.၈၃ မီတာ (၆-ပေ)ခန့် မြင့်သည့် ဗုဒ္ဓရုပ်ပွား ဆင်းတု (ဈာနမုဒြာ) ကို ဖူးမျှော်နိုင် ပါသည်။



တန့်ကြည့်တောင်

ပုဂံဒေသတွင် အနော်ရထာမင်း ၏ကောင်းမှု မြတ်စွယ်တော် လေးဆူမှာ ရွှေစည်းခုံစေတီ၊ တန့်ကြည့်တောင် စေတီ၊ လောကနန္ဒာ စေတီနှင့် တူရင်းတောင် စေတီ တို့ဖြစ်သည်။ မြတ်စွယ်တော် ၄ ဆူစလုံးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး နှင့် အလှူငွေများကို အညီအမျှ ကပ်လှူပူဇော်၍ တစ်နေ့တာ အတွင်း အပြီးဖူးမျှော် ကြိုညိုပါက လိုရာဆန္ဒပြည့်ဝ မည်ဟု ယုံကြည်ကြသည်။

တန့်ကြည့်တောင် စေတီကို အေဒီ (၁၀၅၉) တွင် အနော်ရထာမင်း တည်ခဲ့သည်။ အနော်ရထာမင်းသည် သီဟိုဠ် ၌ ဘုရင်ဝိဇယဘာဟု(၁) ဆက်သလိုက်သော စွယ်တော်ကို ထပ်မံပွား၍ တန့်ကြည့်တောင် ပေါ်ရှိ သီရိဓမ္မာသောက မင်းတည်ခဲ့သည့် စေတီကို ပြုပြင်မွမ်းမံကာ စွယ်တော်ပွားကို ဌာပနာခဲ့သည်။

တန့်ကြည့်တောင် စေတီကို အောက်ခြေတွင် ပစ္စယာ အဆင့်ဆင့်ခံ၍ သပိတ်မှောက် ခေါင်းလောင်းပုံ၊ ခေါင်းလောင်းပုံတွင် ပန်းဆွဲများ တန်ဆာဆင် ထားသည့် ရစ်စည်း၊ ဖောင်းရစ် အဆင့်ဆင့်၊ ဖောင်းရစ်များ အထက်တွင် ကြာမှောက်၊ ကြာလန်၊ ငှက်ပျောဖူး၊ ထီးတော်တို့ဖြင့် တည်ဆောက်ထားသည်။

တန့်ကြည့်တော် စေတီကို ခေတ်အဆက်ဆက် စေတနာရှင်များကပြုပြင် မွမ်းမံခဲ့သဖြင့် စေတီအသစ်သဖွယ် ဖြစ်နေသည်။