Sunday, January 31, 2010

မြန်မာတို့ရဲ့ တပေါင်းလ

မြန်မာတို့ရဲ့ တပေါင်းလ

မြန်မာလများတွင် ၁၂ကြိမ်မြောက်လသည် တပေါင်းလဖြစ်လေသည်။ ပဌမလ၀က်သည် ဆောင်းရာသီစက်မှ မလွတ်သေးချေ။ ဒုတိယလ၀က်သို့ရောက်မှသာ နွေရာသီစက်သည် စတင်လေသည်။ ထို့ကြောင့် တပေါင်းလ သည် ဆောင်းတ၀က် နွေတ၀က်ဖြစ်၍ နေ့ပူလို့ ညချမ်း၊ တပေါင်းလ သရမ်း ဟု လူတို့ဆိုစမှတ် ပြုကြသည်။

၂၇လုံးသော နက္ခတ်များ စုပေါင်းထွက်ပေါ်လာခြင်းကြောင့်လည်းကောင်း၊ ထန်းရည်များ ပေါင်းစပ်ကျိုချက်သဖြင့် ထန်းပေါင်း ဟူသောစကားမှ ရွေ့လျားလာခြင်းကြောင့်လည်းကောင်း တပေါင်းလ ဟုခေါ်တွင်သည်ဟုဆိုသည်။ ဗေဒင်အလိုအားဖြင့်ကား တပေါင်းလသည် မိန်ရာသီဖြစ်၏။ မိန်ရာသီ၏ အရုပ်မှာ ငါး၂ကောင်ဖြစ်သည်။ စန်းယှဉ်နက္ခတ်ကား ဥတ္တရ ဘရဂုဏ္ဏီတည်း။ သရဖီ ကိုရာသီပန်းအဖြစ် အသိအမှတ်ပြုကြသည်။ ယင်းလတွင်မြစ်များ ချောင်းများ ရေစစ်ကာ သောင်ခုံသဲပြင်များပေါ်ထွန်းသဖြင့် သဲပုံစေတီတည်သော ရာသီပွဲများ ကျင်းပလေ့ရှိသည်။ ထိုလ၌ နေထွက်ချိန် ၆နာရီ ၁၀မိနစ်ဖြစ်၍ နေ၀င်ချိန်မှာ ၅နာရီ ၅၀မိနစ်ဖြစ်သည်။ ထို့ကြောင့် နေ့တာ အနည်းငယ်တို၍ ညတာရှည်သည်။


တပေါင်းလသည် ဆောင်ကြွင်း နွေဦးလဖြစ်သဖြင့် လောက သဘာဝအလုံးသည် သစ်ပင်များ ရွက်ဟောင်းစွန့်၍ ရွက်သစ်လွန့်ကာ အညွန့်အညှောင့်များ ပေါ်ထွက်ခြင်းဖြင့် တင့်တယ်သာယာလှပေသည်။ မြန်မာစာပေ လောကတွင် ရှေးစာဆိုများသည် တပေါင်းလကို အထူးဖွဲ့ဆိုရေးသားခဲ့ကြလေသည်။ အင်းဝခေတ် ရဟန်းစာဆိုရှင် ဥတ္တမကျော်သည် သူ၏တောလားကဗျာကြီး၌ တပေါင်း၏တင့်တယ် သာယာပုံကို လေခမြေသက်၊ ဈာန်ဝိတက်သို့၊ သစ်ရွက်ယော်ယီ၊ ဣန္ဒနီဝယ်၊ သိင်္ဂီတ၀က်၊ ဖက်၍ဆေးစုံ၊ ခြယ်သောပုံသို့၊ ရဂုံမြိုင်တွင်း၊ တောလုံးလင်းသား ဟု ချီးကျူးဖွဲ့ဆိုခဲ့၏။


ရှင်အုံးညိုကလည်း တပေါင်းလ၏ ကြည်နူးရှုချင်ဖွယ်ကောင်းပုံကို ဂါထာ၆၀ပျို့တွင် ကာဠုဒါယီအမတ် က မြတ်စွာဘုရားအား လျှောက်ထားသည့်ဟန်ဖွဲ့စပ်ဆိုထားခဲ့သည်။ ကုန်းဘောင်ခေတ် ပြဇာတ်ဆရာကြီး ဦးကြင်ဥကမူ ရှစ်ခွင်တိုင်း မှုန်မှိုင်းတဲ့ပတ်လည် သဇင်ကြွင်းငယ်နှင့် အင်ကြင်းသန္တာညွန့်ငယ်တို့ ၊ ဖူးကွန့်ကိုက်စည်။ ဘမရာ ရွှေပိတုန်းငယ်တို့၊ ချွေသုံးကြ၀တ်ရည်၊ ဆွတ်ကြည်ဘွဲ့ဖော် ကွဲ။ ယင်းသည့်နေ့ဆိုင်၊ ရသေ့သူတော်ထိုင်မှ၊ ညာဏ်မခိုင် ဈာန်ယိုင်လျောရတယ်၊ ရာသီတွင် ခါညီပြောပေပ၊ ကြော၍သာမြဲ။ ဟု တပေါင်းလ ၏ စာပန်းချီကိုသီကုံးခဲ့ပေသည်။
" တပေါင်းလဖွဲ့"


ပန်းရွှေဖီ ကြိုင်လှောက်လို့၊
ပန်းတောက်ကယ်တဲ့ သင်းချို။
ဥတ္တရာ ဘရဏ်ဂုက၊တိမ်ဘုံမှာ ရောင်ခြည်လင်းလို့၊
လမင်းသော်တာနှင့်၊တူမကွာ ထိန်ဝါလဲ့၊ထွန်းတဲ့ခါကို။
သောင်သဲငယ်မို့၊ရေညိုကရစ်မို့။
လေးညင်းငယ်လာ၊စုံဟေမာမြိုင်ထဲက
ဝမ်းဘဲ ရွှေစင်ရော်တို့၊
ဖော်ခေါ်သံ မောင်မယ်ကျူးတယ်၊
မြူးပျော်ကြလို့။


တပေါင်းလသည် မြန်မာလများ၏ တစ်ဆယ့်နှစ်လမြောက်ဖြစ်၍ တစ်နှစ်တာ၏ နောက်ဆုံးလဖြစ်သည်။ ဆောင်းကူးနွေစ သာယာလှသော လရာသီဖြစ်၍ ဖေဖော်ဝါရီလနှင့် မတ်လတွင် ကျရောက်လာသည်။ ထို့ကြောင့် နေ့ပူလို့ ညချမ်း၊တပေါင်းလသရမ်းဟု ဆိုထုံးပြုခဲ့ကြသည်။ တပေါင်းလ၏ ရာသီပွဲတော် သည် သဲပုံစေတီပွဲတော် ဖြစ်သည်။သဲများကို စုပုံ၍ စေတီအသွင်တည်ကာ သဗ္ဗညုတ မြတ်စွာဘုရားအား ရည်မှန်းထား ၍ ပူဇော်ခြင်းဖြစ်သည်။ သဲပုံစေတီပွဲတော်သည် ဗုဒ္ဒသာသနာ စတင်ထွန်းကားလာချိန်မှပင် ရှိခဲ့သော ပွဲတော်ဟု ယူဆရပေသည်။မြန်မာနိုင်ငံတွင် တပေါင်းလ သို့ရောက်သည့်အခါ မြစ်များ၊ချောင်းများ၌ ရေစစ်ကာ သဲခုံ သောင်ခုံ ဖြူဖြူဖွေးဖွေးများ ပေါ်ထွန်း လာလေ့ရှိသည်။ တောင်သူဦးကြီးတို့သည် လယ်ယာလုပ်ငန်းများမှ အနားယူချိန်လည်းဖြစ်သည်။ထိုအချိန်တွင် ရှေးမြန်မာမင်းများသည် ထိုသဲပုံစေတီပွဲကို ရာသီပွဲအဖြစ် သတ်မှတ် ကာ ရွှေနန်းတော်ကြီးမှ သည် ကျေးလက်တောရွာများ အထိ ခြိမ့်ခြိမ့်သဲ ဆင်ယင်ကျင်းပခဲ့ကြသည်။
သဲပုံစေတီပွဲတော်သည် ယခုခေတ်၌ ပျောက်ကွယ်လုနီးပါ ရှိလေပြီ။မန္တလေးစသည့် မြန်မာနိုင်ငံ အထက်ပိုင်း မြို့ရွာအနည်းငယ်၌ သာ ကျင်းပတော့သည်။ယခုအခါ သဲပုံ စေတီတော်အစား စေတီပုထိုးများ၌ ဗုဒ္ဒပူဇနိယ ပွဲတော်များကို ကျင်းပ ကြသည်။ ယင်းဘုရားပွဲတော်ကို ’တပေါင်းပွဲ ’ ဟုခေါ်ကြသည်။


Tabaung


It is the 12th Myanmar month, falling March. In ancient days it was a time for what was known as festivals of sand pagodas, in which people built sand pagodas on the sandbanks and hold festivities on the occasion. Now the practice is on the wane, except in some cities and towns in upper part of the country, but the time is still held sacred for holding of Buddha Pujayanti ceremonies, that is occasions for rededication of the pagodas.

No comments:

Post a Comment