သားသမီးတွေကို အတွေးအခေါ်ကောင်းတဲ့လူတွေ၊ အကျင့်စာရိတ္တ ကောင်းတဲ့လူတွေ၊ နေတာ ထိုင်တာ စည်းကမ်းရှိတဲ့လူတွေ၊ ပေါင်းသင်း ဆက်ဆံရေးမှာလည်း ပြေပြေပြစ်ပြစ် ပေါင်းတတ် သင်းတတ်တဲ့ လူတွေ ဖြစ်စေချင်မှာပဲနော်၊
အဲဒီလို ဖြစ်စေချင်ရင် ကိုယ်ကိုယ်တိုင်က အတွေးအခေါ် အယူအဆ မှန်ကန်တဲ့လူ ဖြစ်ဖို့လိုတယ်။ ကိုယ်ကိုယ်တိုင်က စကားပြောတဲ့အခါမှာ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် ပြောတတ်တဲ့ အလေ့အကျင့်လေး လုပ်ထားဖို့ လိုတယ်နော်။
ကိုယ့်သားသမီးကို ကိုယ်တကယ်ချစ်တတ်တယ်ဆိုရင် ကိုယ်ကိုယ်တိုင် နေပုံထိုင်ပုံ ပြောပုံဆိုပုံ အားလုံးကို ပြင်ဖို့ လိုတယ်။ ကိုယ့်ရဲ့ နေပုံထိုင်ပုံ၊ ပြောပုံ ဆိုပုံဟာ ကိုယ့်သားသမီးရဲ့ စိတ်ဓာတ်နဲ့ အသိဉာဏ် လေးနက်မှု၊ ရင့်ကျက်မှု၊ မြင့်မြတ်မှုအတွက် အထောက်အပံ့ ဖြစ်စေရမယ်။
ကိုယ်ကိုယ်တိုင် ကိုယ်ရည်ကိုယ်သွေး ပြည့်ဝတဲ့ သူဖြစ်ပြီး ကိုယ့်ရဲ့ မျိုးဆက်ဖြစ်တဲ့ သားသမီးတွေကို ကိုယ်ရည်ကိုယ်သွေး ပြည့်ဝတဲ့သူ ဖြစ်လာဖို့ အမှတ်တမဲ့ သဘောမထားဘဲ ကိုယ့်ကိုယ်ကို လေးလေးနက်နက် တည်ဆောက်ယူသင့်တယ်။ မိဘတွေဟာ သားသမီးတွေရဲ့ ကိုယ်ရည်ကိုယ်သွေး အတွက် လက်ဦးဆရာပဲ ဖြစ်သင့်တယ်။
သားသမီးကို လိမ္မာစေချင်ရင် သူတို့ကို ကြင်နာမှု၊ ဂရုစိုက်မှုတွေ အများကြီး ပေးရမယ်။ သူ့ကိစ္စနဲ့ ပတ်သက်တာတွေအတွက် အချိန်တွေ အများကြီး ပေးရမယ်။ သားသမီးကို တကယ်ချစ်လို့ ကြီးပွားစေချင်တယ်ဆိုရင် လက်ပွန်းတတီး နေဖို့ အရေးကြီးပါတယ်။ နေ့စဉ် ဖြစ်ခဲ့သမျှ အတွေ့အကြုံတွေ ခံစားချက်တွေ၊ မျှော်လင့်ချက်တွေ ကြောက်တာတွေ၊ စိုးရိမ်တာတွေ အားငယ်တာတွေ ကျေနပ်ခဲ့တာတွေ အားလုံးကို ပြောဖို့ ဆိုဖို့ ဆွေးနွေးဖို့ အင်မတန် အရေးကြီးပါတယ်။
လူငယ်ဆိုတာ လူကြီးနဲ့ အပေါင်းအသင်းဖြစ်မှ လူကြီးဆီက ဘဝအတွေ့အကြုံတွေ အမျိုးမျိုး၊ အသိဉာဏ် အမျိုးမျိုးကို ရတယ်။ လူကြီးနဲ့ ရင်းရင်းနှီးနှီး မဆက်ဆံတဲ့ ကလေးဟာ လေးနက်တဲ့၊ ရင်ကျက်တဲ့ အသိဉာဏ်ကို မရနိုင်ဘူး။
သူများက သိပ်နိမ့်နေပီးတော့ ကိုယ်က မြင့်ချင်နေလို့ မလွယ်ဘူး။ ပတ်ဝန်းကျင်မြင့်မှ ကိုယ်လည်း မြင်မယ်။ ရေမြင့်ရင် ကြာမြင့်သလိုပဲ။ ကိုယ့်သားသမီးတွေ အဆင့်အတန်း မြင့်စေချင်ရင် ကိုယ့်သားသမီး တစ်ယောက်အတွက် ကွက်ပြီးတော့ တွေးလို့ မရဘူး။ သူနဲ့ ပေါင်းနေ သူမိတ်ဆွေတွေ အတွက်ပါ ထည့်တွေးရမယ်။
လူဆိုတာ မှားတတ်တာပဲ။ ဆရာလည်း မှားတတ်တာပဲ။ တပည့်လည်း မှားတတ်တာပဲ။ မှားခြင်းကိစ္စမှာ ဘယ်သူမှားတယ်ဆိုတာက အရေးမကြီးဘူး။ ဆရာမှားသွားရင် မှားသွားတယ်လို့ ပြောရဲရမယ်။ ဒီအတွက် ရှက်နေစရာမလိုဘူး။ ကြောက်စရာမလိုဘူး။
ဒီအချက်ကို လူကြီး နေရာရောက်နေတဲ့လူတွေ လေးလေးနက်နက် စဉ်းစားစေချင်ပါတယ်။ ဒီလို သဘောထားတွေ ရှိနေမှ လူ့ဘောင်လောကကြီး တိုးတက်မယ်။ အမှားကို ဝန်မခံရဲလို့ လိမ်နေတာ ညာနေတာ သတ္တိမရှိတဲ့ သဘောဖြစ်တယ်။ ကိုယ့်သားသမီး၊ ကိုယ့်တပည့်တွေကို မလိမ်တတ် မညာတတ်အောင် ကိုယ်က စံပြအနေနဲ့ ကိုယ်မှားသွားတယ်လို့ ဝန်ခံဖို့ လိုတယ်။
မေတ္တာကြီးမားတဲ့သူဆိုရင် သားသမီးရဲ့ အမှား၊ တပည့်ရဲ့ အမှားကို သည်းခံနိုင်ရမယ်။ ခွင့်လွှတ်နိုင်ရမယ်၊ ဆွေးနွေးပေးရမယ်။ သူ့အမှားထဲက သူ သင်ခန်းစာရပီးတော့ သူ့ဉာဏ်နဲ့ သူ သဘောပေါက်ပီး မှန်သွားအောင် အထောက်အကူ ပေးရမယ်။
လူငယ်တစ်ယောက် လောကကြီးထဲမှာ လူကြီးတစ်ယောက် ဖြစ်လာအောင်၊ လူရာဝင်လာအောင်၊ သူ့အကျိုး အများအကျိုးကို ဆောင်ရွက်နိုင်တဲ့ အရည်အချင်းရှိတဲ့ လူတစ်ယောက် ဖြစ်လာအောင် အများကြီး အားပေးဖို့လိုတယ်။
စိတ်ပညာ (psychology) မှာ ရွေးချယ်၍ အားပေးခြင်း (selective reinforcement) ဆိုတဲ့ သီအိုရီ တစ်ခုရှိတယ်။ လူမှာရှိတဲ့ ကောင်းတဲ့အချက်တွေကို ခဏခဏ အားပေးလို့ရှိရင် အသိအမှတ်ပြုလို့ရှိရင် ပိုကောင်းလာတယ်။ ပိုလုပ်ချင်လာတယ်။ မကောင်းတာကို ခဏခဏ ထောက်ပြပြီးတော့ အပြစ်တင်နေရင် ကြာရင် ဘာမှ မလုပ်တော့ဘူးတဲ့ နော်၊
တစ်ဖက်သားကို လေးစားမှုမရှိဘဲ စေတနာကောင်းတယ်ဆိုတာ မဖြစ်နိုင်ဘူး။
သားသမီးရဲ့ စရိုက် ဝါသနာ ဓာတ်ခံကို သေသေချာချာ မလေ့လာဘဲ မိဘက အတင်းအကြပ် ပုံသွင်းတာတွေ ရှိတယ်။ အဲဒီလို အခါမှာ သားသမီးမှာ တော်တော်ဒုက္ခရောက်တယ်။ တကယ်ချစ်ဆိုရင် သူ့ဝါသနာ ဘာလဲ၊ သူနဲ့ ကိုက်တာ ဘာလဲ၊ သူနဲ့ အထိုက်အတန်ဆုံးဟာ ဘာလဲ၊ သူ့အတွက် အကောင်းဆုံး ဘာဖြစ်မလဲ၊ အဲဒါကို သေသေချာချာ စဉ်းစားပေးဖို့လိုတယ်။
နောက် ကိုယ့်သားသမီး တဖြည်းဖြည်း ကြီးလာပြီဆိုရင် သူ အရွယ် ရောက်လာတာနဲ့ တပြိုင်နက် သူ့ခြေထောက်ပေါ်သူ ရပ်တည်နိုင်ရမယ်။ သူ့ဝမ်းစာ သူရှာရမယ်။ သူ့ဘဝကို သူဖန်တီးရမယ်။ အခက်အခဲတွေ ရှိပေမဲ့ သူ့ဘဝကိုသူ ကျေနပ်ရမယ်။ မိဘက ဉာဏ်ရှိရင် သူ့ကို အတင်းအကြပ် မခိုင်းဘဲနဲ့ သူ့အတွက် လိုအပ်သလောက်ကိုပဲ အထောက်အကူပေးပြီး သူ့ဘဝကို သူဖန်းတီးခွင့် ပေးမယ်ဆိုရင် အကောင်းဆုံး ဖြစ်သွားမှာပဲ။ သားသမီးရဲ့ စရိုက်နဲ့ မကိုက်တာကို အတင်းအကြပ် လုပ်ခိုင်းမယ်ဆိုရင် သူ့ဘဝပုံစံပျက်သွားမယ်။ အဲသလို ဖြစ်ကြတာများပါတယ်။ ချစ်လို့ လုပ်ပေးတာတော့ မှန်ပါတယ်။ ဒါပေမဲ့ သဘာဝကို နားမလည်ဘဲနဲ့ အတင်းအကြပ် လုပ်လို့ ဒီသားသမီးဟာ အကောင်းဆုံး ဖြစ်မလာနိုင်ဘူး။
မိဘနဲ့ သားသမီး သဘောထား အယူအဆ အတူတူ မဖြစ်နိုင်ဘူး။ ဆရာနဲ့ တပည့် သဘောထား အယူအဆ အကြိုက် အတူတူ မဖြစ်နိုင်ဘူး။ သူ့စရိုက် သူ့ဝါသနာ သူ့ဗီဇ သူ့အထုံ သူ့ပါရမီနဲ့ သူ လာကြတာပါ။ သူ့သဘောနဲ့သူ ကြီးပွားပါစေ။ သူ့သဘာဝနဲ့ သူ ကြီးပွားပါစေ။ သူဝါသနာပါတာ၊ သူသဘောကျတာ သူလုပ်ပါစေ။ ကိုယ့်သားသမီးကို ချစ်တယ်ဆိုရင် ဘယ်အချက် သူ့မှာ အားသာတယ်ဆိုတာ ကြည့်ရမယ်။ သူလုပ်ချင်နေတဲ့ ကိစ္စဟာ ဂုဏ်သိက္ခာ မထိခိုက်ဘူး။ အကျင့်စာရိတ္တ မထိခိုက်ဘူး။ ကျန်းမာရေး မထိခိုက်ဘူး။ အသက်အန္တရာယ် မဖြစ်ဘူးဆိုရင် လုပ်ပါစေ။ ခွင့်ပြုနိုင်ရမယ်နော်။ မိဘနဲ့ အကြိုက်ချင်း မတူသော်လည်းပဲ ကျေကျေနပ်နပ် ခွင့်ပြုနိုင်ရမယ်။ သူတို့ဟာ သူတို့ ကိုယ်ပိုင်အစွမ်းအစ၊ အရည်အချင်းနဲ့ ကြီးပွားတိုးတက်ပါစေ။
ချစ်တယ်ဆိုရင် သူ့ကိုဘယ်သူနဲ့မှ မနှိုင်းတာ အကောင်းဆုံးပဲ။
နှိုင်းယှဉ်ပြီးတော့ တွေးတာနဲ့ စိတ်ချမ်းသာမှုကို မရတော့ဘူး။ မြင်ရတဲ့အခါ မပျော်နိုင်တော့ဘူး။
ကိုယ့်သားသမီးကို သူတစ်ပါးသားသမီးနဲ့ နှိုင်းပြီးတော့ နင့်ထက် သူတို့က ပိုတော်တယ်လို့ ပြောလိုက်ရင် ဘယ်လိုနေမလဲ ဒီသားသမီးကို ချစ်ရာမရောက်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအတိုင်းကတော နင့်ကို ငါမချစ်နိုင်ဘူးလို့ ပြောသလို ဖြစ်နေတယ်။ ဟိုတစ်ယောက်က တော်တယ်။ သူတော်သလို နင်တော်မှ ငါနင့်ကို နှစ်သက်မယ်။ ကျေနပ်နိုင်မယ်။ လက်ခံနိုင်မယ်။ လက်ရှိ အခြေအနေအတိုင်းကတော့ မကြိုက်ဘူး။ မချစ်နိုင်ဘူး။ လက်မခံနိုင်ဘူး။ ဒီလို အဓိပ္ပါယ်ပေါက် တယ်နော်။
အဲဒီလို အဓိပ္ပါယ်ပေါက်ရင် သားသမီးစိတ်ထဲမှာ ဘယ်လိုခံစားရမလဲ။ ငါ့ကို မချစ်ဘူးလို့ ခံစားရမယ်။ အားငယ်သွားမယ်။ ပြီးတော့ ကိုယ့်မိဘက ကိုယ့်ကို သူတစ်ပါးနဲ့ နှိုင်းပြီးတော့ ရုပ်ရည်အားဖြင့်ဖြစ်စေ ပညာအရည်အချင်းအားပဲဖြစ်စေ တစ်နည်းနည်းနဲ့ ညံ့တယ်လို့ ပြောလို့ရှိရင် ဒီစကားဟာ စိတ်ထဲရောက်ပြီး စွဲသွားတဲ့အခါ ကြာရင် မိဘက မပြောတာတောာင်မှ သားသမီးစိတ်ထဲမှာ သူက ငါ့ထက်သာတယ်။ ငါက ညံ့တယ်လို့ မကြာမကြာ တွေးမိတယ်။
ဒီကလေးက ငါ့ညံ့တယ်ဆိုတဲ့ စိတ်နဲ့ သူ့ဘဝကို နေသွားတော့မှာပဲ။ အဲဒါလောက် စိတ်ဆင်းရဲစရာကောင်းတာ မရှိဘူး။ ကိုယ့်ကိုကိုယ် အထင်သေးသွားတာက အင်မတန်ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ဖြစ်တယ်။
တချို့ကပြောမှာပေါ့။ မခံချင်အောင် ပြောရင် ပိုကြိုးစားမှာပေါ့၊ ဒါကြောင့် မခံချင်အောင် ပြောတာလို့ တစ်စိတ်တစ်ဒေသကတော့ မှန်ချင်လည်း မှန်လိမ့်မယ်။ ဒါပေမဲ့ ဒီကလေးရဲ့ စိတ်ထဲမှာ မခံချင်စိတ် ဝင်သွားတယ်ပဲ ထားအုံး၊သူက ငါ့ထက်သာတယ် ငါက သူ့ထက်သာအောင် လုပ်ရမယ်ဆိုတဲ့ စိတ် ဝင်သွားရင် သူ့ဘဝတစ်ခုလုံး သူများနဲ့ နှိုင်းယှဉ်ပြီး တွေးတဲ့ စိတ်နဲ့ နေသွားတော့မှာ။ ဘယ်သူက ငါ့ထက် သာတယ်။ ငါက ဘယ်သူ့ထက် သာတယ်။ အဲဒီစိတ်မျိုးနဲ့ ဘဝကို နေရရင် ဘဝတစ်ခုလုံး အဓိပ္ပါယ်မရှိတော့ဘူး။ စိတ်မချမ်းသာတော့ဘူး။
ငါ့မိဘက ငါ့ကို တကယ်နားလည်တယ်။ ငါ့ကို တကယ်ချစ်တယ်။ ငါ့ရဲ့ ကြီးပွားမှုကို တကယ်လိုလားတယ်။ ငါ့ရဲ့ အတွေးအခေါ် အယူအဆတွေ ငါ့ရဲ့ အသိအမြင်တွေကို တန်ဖိုးထားတယ်။ လေးစားတယ်ဆိုတာ သိရင် အဲဒီသားသမီးဟာ မကောင်းတဲ့ အလုပ်ကို ဘယ်တော့မှ မလုပ်ပါဘူး။
Saturday, January 30, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment