Sunday, January 31, 2010

လူငယ်များတွင် ရှိသင့်ရှိထိုက်သော ဂုဏ်ရည်များ

( လူငယ်များတွင် ရှိသင့်ရှိထိုက်သော ဂုဏ်ရည်များ)

( အချိန်မှန်ခြင်း)

လူငယ်မောင်မယ်များတွင် ရှိသင့်သောဂုဏ်ရည်တရပ်မှာ အချိန်မှန်ခြင်း (Punctuality) ပင် ဖြစ်ပါသည်။ အချိန်သည် တန်ဖိုးရှိပါသည်။ အချိန်နှင့် ဒီရေသည် လူကို မစောင့်-ဟူသော စကားပုံရှိပါသည်။ အချိန်သည် မှန်မှန်ကုန်လွန်နေသည်။ လူကိုစောင့်ဆိုင်းနေမည် မဟုတ်။ မိမိလုပ်ကိုင်ဆောင်ရွက်ရန်ရှိ
သည်တို့ကို သူ့အချိန်နှင့် သူ့အခါ လုပ်ကိုင်ဆောင်ရွက်မှသာ လိုရာကိစ္စ ပြီးမြောက်နိုင်ပါသည်။

လသာတုန်း ဗိုင်းငင်၊
နေပူတုန်း စပါးလှန်း၊
မိုးရွာတုန်း ရေခံ-ဟူ၍ လူကြီးသူမတို့က အချိန်ကာလ၊ အခွင့်အလမ်းကို လက်လွတ်မခံဘဲ သူ့အချိန်နှင့်သူ၊ သူ့အခါနှင့်သူ သတိပြု ဂရုစိုက်လျက် လုပ်ကိုင်သင့်ကြောင်း အကြံဉာဏ်ပေးတိုက်တွန်းထားပါသည်။ အချိန်ရှိခိုက်တွင် လုံ့လစိုက်ရပါမည်။

နေ၀င်မှ စပါးလှန်းလျှင်၊ မိုးလွန်မှ ထွန်ချလျှင်၊ လမိုက်ရက်တွင် ဗိုင်းငင်လျှင် လိုရာကိစ္စများ မပြီးမြောက်နိုင်ပါ။ အချိန်ကို ဂရုမထား၊ အချိန်လွန်မှ လုပ်ငန်းလုပ်လျှင် အကျိုးမရှိပါ။ အချိန်မှန်ဖို့၊ အချိန်အခါကာလကို သတိထားဖို့ လွန်စွာအရေးကြီးလှပါသည်။ ကျမ်းဂန်စာပေတွင် အချိန်သည် လူကို ၀ါးမျို၏ ဟူ၍ ဆိုစမှတ်ပြုသည်ကို သတိပြုရပါမည်။ အချိန်ကို မလေးစား၊ အချိန်မှန်မှန် လုပ်ကိုင်ဆောင်ရွက်စရာ ရှိသည်တို့ကို မလုပ်ပါက အချိန်ကုန်၊ အကျိုးပျက် ဖြစ်ရတတ်ပါသည်။ စက္ကန့်မှ မိနစ်၊ မိနစ်မှ နာရီ၊ နာရီမှ ရက်၊ ရက်မှ လ၊ လမှသည် နှစ် စသည်ဖြင့် တရွေ့ရွေ့ ကုန်လွန်သွားတတ်သော အချိန်ကို သတိထားလျက် အချိန်မှန်မှန် လုပ်ရမည့်အလုပ်ကို လုပ်ဆောင်ကြရန် အရေးကြီးလှပေသည်။


ကျောင်းတက်ချိန်တွင် ကျောင်းချိန်အမီ သွားရမည်။
စာကျက်ချိန်တွင် အချိန်မှန် ကျက်ရမည်။
အစာစားချိန်၊ အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန်၊ မှန်ရမည်။ အလေ့အကျင့်လုပ်၍ အချိန်မှန်မှန် ပြုမူဆောင်ရွက်တတ်ရန် ဂရုပြုရပါမည်။

အချိန်မှန်မှန် ပြုလုပ်တတ်သော အလေ့အကျင့်မျိုးရှိအောင် သတိမူဆောင်ရွက်လျက် အချိန်၏တန်ဖိုးရှိပုံကိုလည်း သတိပြုကြရပါမည်။
ဤတွင် တိပိဋကဓရ ယော-ဆရာတော်၏ အချိန်တန်ဖိုး-ကဗျာကို လူငယ်များအတွက် ဖော်ပြလိုက်ပါသည်။

(အချိန်တန်ဖိုး-)
အချိန်တိုင်းဟာ၊ တကြိမ်သာ၊ နှစ်ခါ မပေးချေ။
မသုံးတတ်မူ၊ ဖြုန်းလေသူ၊ အပူတိုး၍နေ။
သုံးနိုင်သူကား၊ ပြုံးနိုင်ငြား၊ စွမ်းအားတိုး၍ အေးမြပေ။
အချိန်တိုင်းသိ၊ စွမ်းအားရှိ၊ သတိမြဲအောင် ကြိုးစားလေ။
အချိန်ကိုထိန်း၊ အပူငြိမ်း၊ တွက်ကိန်းကိုက်ကြစေ။
အချိန်တန်ဖိုး၊ လူ့တန်ခိုး၊ ကောင်းကျိုးစည်ပင်စေ။

( ဦးသန်းထွန်း ပါမောက္ခ-ငြိမ်း)

No comments:

Post a Comment