(တင်မောင်မြင့်-နမ္မတီး)
(ဖြေ)။ နှုတ်ခမ်းကွဲခြင်းမှာ ဆောင်းရာသီ အေး၍ ခြောက်သွေ့သောအခါ နှုတ်ခမ်းများ ခြောက်ခြင်းကြောင့်၎င်း၊ ရေသောက်နည်း၍ ကိုယ်တွင်း ရေနည်းသဖြင့်၎င်း၊ ဗိုက်တာမင် ဘီ ဓာတ်များနှင့် ဗိုက်တာမင် စီ ချို့တဲ့၍ သွေးလှည့်ပတ်မှု မကောင်းခြင်းကြောင့်၎င်း ဖြစ်နိုင်ပါသည်။ ဆောင်းအခါ၌ နှုတ်ခမ်းကွဲတတ်လျှင် အလှဆီ မှန်မှန်လိမ်းပေးနိုင်ပါသည်။ အရောင်မထွက်သော အဆီ နှုတ်ခမ်းဆိုးဆေးကိုလည်း ဆိုးပေးနိုင်ပါတယ်။ ရေများများ သောက်၍ စိမ်းလန်းလတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် အရည်ရွှမ်း အချဉ်သီးများ စားပေးပါ။
*****
( မေး)။ ဒေါက်တာရှင့် ကျွန်မသည် အသက် ၁၄-နှစ် ပြည့်ပြီး ဖြစ်သော်လည်း အရပ်မှာ ၄-ပေ ၁၀-လက်မသာ ရှိပါသည်။ အရပ်ပုခြင်းမှာ မိဘမျိုးရိုးနှင့် ဆိုင်ပါသလား အရပ်ရှည်ရန် မည်သို့ ပြုလုပ်ရမည်နည်း။
( ၀င်းပပကျော်-ရွှေတောင်မြို့)
(ဖြေ)။ အရပ်ပုခြင်း ရှည်ခြင်းမှာ မျိုးရိုးနှင့် များစွာ ဆိုင်ပါသည်။ သို့သော် မည်သူမဆို အရပ်ရှည်သင့်သလောက် ရှည်နိုင်ရန် အာဟာရဓာတ် ပြည့်ဝစွာ စားပေးရမည်။ အထူးသဖြင့် အသား၊ ငါးနှင့် နို့် ကြက်ဥကဲ့သို့ အသားဓာတ်နှင့် ထုံးဓာတ်ပါသော အစားအသောက်များကို ငယ်စဉ်ကတည်းက မှန်မှန် စားပေးရမည်။ သင့်တင့်သော ကိုယ်လက်လေ့ကျင့်ခန်းနှင့် အားကစားတခုခုကိုလည်း ပြုလုပ်ရန်လိုသည်။ အစာအာဟာရ ချို့တဲ့မှုနှင့် နာတာရှည်ရောဂါ ဖြစ်မှုများလည်း ကင်းရပါမည်။ အမျိုးသမီးများမှာ အသက် ၂၂-နှစ်၊ ၂၃-နှစ်အထိနှင့် အမျိုးသားများမှာ အသက် ၂၅-နှစ်ခန့်အထိ အရပ်ရှည်နိုင်သဖြင့် အသက် ၂၀-မကျော်မချင်း အရပ်ရှည်ရန် မျှော်လင့်နိုင်ပါသည်။
*****
(မေး)။ ဆရာခင်ဗျား လက်သည်း ခြေသည်းခွံများပါးလျှင် ရောဂါပိုးဝင်သည်ဟု ကြားဖူးပါသည်။ ဘယ်လိုရောဂါပိုးများ ၀င်ပြီး မည်သည့်ရောဂါများ ဖြစ်နိုင်သည်ကို ရှင်းပြပေးပါခင်ဗျား။
(ရဲလင်း-မြေထဲမြိဲ့)
(ဖြေ)။ လက်သည်း ခြေသည်းခွံများ ပါးခြင်းကြောင့် ရောဂါပိုး မ၀င်နိုင်ပါ။ လက်သည်းခွံ ပါးခြင်းကြောင့် အသုံးပြုသောအခါ ကျိုးလွယ် ပဲ့လွယ်ခြင်း။ နာကျင်ခြင်းများ ရှိနိုင်ပါသည်။ သို့ဖြစ်၍ ခြေသည်း လက်သည်းများ ပုံမှန် သန်မာစေရန် ဗိုက်တာမင် အေ နှင့် ဒီ များများပါသော အစိမ်းရောင်ဟင်းရွက် အ၀ါရောင် အသီးအနှံများ၊ နွားနို့၊ ကြက်ဥ စသည်တို့ကို စားပေးပါ။
*****
(မေး)။ဒေါက်တာခင်ဗျား ကျွန်တော် ယခု အသက် ၁၅-နှစ်ရှိပါပြီ။ ကျွန်တော်၏ နို့ပတ်လည်တွင် အကျိတ်ကလေးများ လိုလို၊ အဖုကလေးများလိုလို ပေါက်နေပါသည်။ နို့ကင်ဆာဖြစ်တတ်ပါသလားခင်ဗျား။ အဲဒါ ပျောက်အောင် မည်သည့်ဆေးဝါးများသုံးစွဲ၍ မည်သို့ကုသင့်ကြောင်း ဖြေကြားပေးပါ။
(မောင်အောင်မျိုးဦး-မန္တလေးမြို
(ဖြေ)။ အပျို လူပျိုပေါက်အရွယ်များ၌ နို့သီးပတ်လည်ရှိ အဆီထုတ်အကျိတ်များ ကြီးထွားလာရာ အချို့သူတို့တွင် အဖုများ၊ အကျိတ်ကလေးများ အဖြစ် မြင်တွေ့ရပါသည်။ သဘာဝပြောင်းလဲမှုဖြစ်၍ ကြာလျှင် ပျောက်သွားပါလိမ့်မယ်။ နို့ကင်ဆာမှာ ယောက်ျားများတွင် အလွန်ဖြစ်ခဲပြီး ယောက်ျား မိန်းမမဟူ ဆယ်ကျော်သက်အရွယ်များမှာ မဖြစ်သလောက်ပင် ရှားပါသည်။
*****
( မေး)။ ဦးဦးဒေါက်တာရှင့် သမီးမှာ အသက် ၁၈-နှစ် ၁၉-နှစ် ကျောင်းသူတဦး ဖြစ်ပါသည်။ ကျွန်မမှာ မျက်ရိုးကိုက်ဝေဒနာကို ခံစားနေရသည်မှာ စတုတ္ထတန်းကတည်းက ဖြစ်ပါသည်။ ဆေးမြီးတိုများဖြင့် ကုသခဲ့ရာ ထူးခြားမှုမရှိပါ။ မျက်စိအထူးကုဆရာဝန်နှင့် ပြသကြည့်ရာ မျက်မှန်တပ်ရမည်ဟု ပြောပါသည်။ သမီးမျက်မှန် မတပ်ရဲပါ။ သို့ဖြစ်၍ မျက်ရိုးကိုက်ရောဂါ ပျောက်စေရန် စားသုံးရမည့်ဆေးကို ညွှန်ကြားပေးပါ။
(စောမွန်ဘွန်-ပင့်သာ ကန့်ဘလူမြို့)
(ဖြေ)။ မျက်စိတွင်ရှိသော ချို့ယွင်းမှုကြောင့် မျက်ရိုးကိုက်သည်ဆိုလျှင် ယင်းချို့ယွင်းမှုကို ပြုပြင်ပေးမှသာ ဝေဒနာပျောက်ကင်းနိုင်ပါသည်။ သို့ဖြစ်၍ မျက်စိအထူးကုက ပြောသော မျက်မှန်ကို တပ်ရပါမည်။ မျက်မှန်တပ်ရသဖြင့် ရှက်ခြင်း ကြောက်ခြင်း မဖြစ်သင့်ပါ။ မြို့ကြီးများ၌ဆိုလျှင် အသက် ၆-နှစ် ၇-နှစ်ရွယ် မူလတန်းတက်စကလေးများပင် လိုအပ်လျှင် မျက်မှန်များ တပ်ကြပါသည်။ မျက်မှန်တပ်သင့်ပါလျက် မတပ်လျှင် ဝေဒနာပိုဆိုး၍ မျက်စိကိုလည်း ထိခိုက်နိုင်ပါသည်။
*****
(မေး)။ ဒေါက်တာရှင့် ကျွန်မမှာ မျက်ချေးများ ခဏခဏ ထွက်နေပါသည်။ အထူးသဖြင့် နံနက်အိပ်ရာထတွင် အလွန်ထွက်ပါသည်။ မျက်ချေးမထွက်အောင် မည်သည့်မျက်စဉ်းမျိုး ခပ်သင့်ပါသလဲ။
(မစိုးစိုးကျော်-ကျောက်ပန်းတော
(ဖြေ)။ မျက်ချေးထွက်ခြင်းမှာ မျက်စိအတွင်း ဖုံမှုန့်များများ အမြဲလို ၀င်ကပ်နေခြင်းကြောင့်၎င်း၊ ရောဂါပိုး တမျိုးမျိုး တွယ်ကပ်နေခြင်းကြောင့်၎င်း ဖြစ်နိုင်ပါသည်။ မျက်ချေးမထွက်စေရန် ရေချိုးတိုင်း မျက်နှာသစ်တိုင်း သန့်ရှင်းစင်ကြယ်သော ရေတွင် မျက်လုံးကို ဖွင့်ချည်ပိတ်ချည်လုပ်၍ ဆေးကြောပေးပါ။ မျက်နှာသုတ်ရာတွင်လည်း သန့်ရှင်းသော မိမိတဦးတည်းအတွက် သီးသန့်ထားသော မျက်နှာသုတ်ပုဝါကို သုံးပါ။ မျက်စဉ်းဆေးရည် အနေဖြင့် ဆာလ်ဖာစီတာမိုက် ဆေးရည် 10% သို့မဟုတ် 20% (10% or 20% Sulphacetamide Eye Drops) ကို တကြိမ်လျှင် တစက်မှ နှစ်စက်အထိ တနေ့ ၃-ကြိမ် ခတ်ပေးနိုင်ပါသည်။ မျက်လုံးထဲတွင် ရောဂါပိုး ရှိ-မရှိ သိရန် ကုရန် မျက်စိအထူးကု ဆရာဝန်နှင့်လည်း ပြသသင့်ပါသည်။
*****
(မေး) ဒေါက်တာရှင့် သမီးမှာ အလုပ်ပင်ပန်းစွာ မလုပ်ရဘဲနှင့် ချိုင်းချွေးများ ထွက်နေတတ်ပါသည်။ လမ်းလျှောက်ရင်ဖြစ်စေ၊ စက်ဘီးစီးရင်ဖြစ်စေ မိနစ်အနည်းငယ်အတွင်း ချိုင်းချွေးနံ့ ထွက်လာပါသည်။ သမီးအနေဖြင့် အင်္ကျီများကိုလည်း ခဏသာဝတ်ပြီး အမြဲလျှော်ဖွပ်ပေးရပါသည်။ ချိုင်းချွေးနံ့မထွက်အောင် မည်သို့လုပ်ရပါမည်နည်း။
(နုနုလွင်-မလှိုင်မြို့)
(ဖြေ)။ ချိုင်းချွေးနံ့ နံခြင်းမှာ ချိုင်းတွင်ရှိသော အရေပြား ကလာပ်စည်းများ ပွန်းပဲ့၍ ထွက်ခြင်း၊ အဆီအိတ်နှင့် ချွေးအိတ်များ ပိတ်၍ ယင်းတို့ထဲ၌ ပိုးမွှားများ ခိုအောင်းနေခြင်း၊ သို့ဖြင့် ကလာပ်စည်း အသေများနှင့် ဓာတ်ပြု၍ အနံ့ထွက်လာခြင်းဖြစ်သည်။ သို့ဖြစ်၍ ချိုင်းနေရာ၌ ပိုးမွှားများမရှိအောင် ရေချိုးတိုင်း ဆပ်ပြာ ကောင်းကောင်းဖြင့် သေချာစွာ တိုက်ချွတ်သန့်စင်ပါ။ ရေချိုးပြီးတိုင်း သန့်စင်သော မျက်နှာသုပ်ပုဝါဖြင့် ရေစင်အောင်သုတ်၍ ထုံးရေကြည် သို့မဟုတ်-အရက်ပျံဖြင့် ချိုင်းကိုသုတ်ပါ။ ပြီးမှ မွှေးကြိုင်စေသော ချွေးနံ့ပျောက်ဆေးတောင့် သို့မဟုတ်-ဆေးရည် တမျိုးမျိုး (Deodorant or Antipespirant) ကို သုံးပါ။ သို့မဟုတ်-ကိုယ်လိမ်းပေါင်ဒါ တခုခု လိမ်းပါ။ ရေချိုးပြီးလျှင် အ၀တ်ဟောင်းများကို ပြန်မ၀တ်ပါနဲ့။
*****
(မေး)။ ဒေါက်တာရှင့် ကျွန်မအသက် ၁၇-နှစ် ပြည့်ပြီးပါပြီ၊ အရပ်ကလည်း ၅-ပေနှင့် ၁-လက်မ ရှိပါသည်။ ကျွန်မ၏ခန္ဓာကိုယ် အချိုးအစားမှာ ရင် ၃၆-၊ ခါး-၃၀ နှင့် တင် ၃၀-လက်မ အသီးသီးရှိသဖြင့် အချိုးအစား မညီမညွတ်ဖြစ်နေပါသည်။ ခါးသေး တင်ကား၍ ခန္ဓာကိုယ် အချိုးကျ လှပစေရန် မည်သို့ပြုလုပ်ရမည်ကို အကြံပေးစေလိုပါသည်။
(ဖြေ)။ ခန္ဓာကိုယ် အချိုးကျ၍ လှပစေရန် ကာယလေ့ကျင့်ခန်း အမျိုးမျိုးကို အချိန်ယူ လေ့ကျင့်၍ အစားအသောက်ကိုလည်း ဂရုစိုက်ရွေးချယ် စားသောက်ရပါမည်။ နည်းစနစ်မှန်သော ကိုယ်ကာယ လေ့ကျင့်မှုအတွက် အားကစားနှင့် ကာယဗလဆရာ၊ ဆရာမ တဦးဦးထံတွင် သင်တန်းတက် လေ့ကျင့်ရန် လိုအပ်ပါသည်။ အစားအသောက်အနေဖြင့်မူ အဆီ အချိုများရှောင်၍ အသားငါး ဟင်သီးဟင်းရွက် များများနှင့် သစ်သီးဝလံများကို အနေတော် စားပေးရပါမည်။
*****
(မေး)။ ဒေါက်တာရှင့် ကျွန်မ၏ ခြေဖနောင့်နှင့် ခြေဖ၀ါး ဘေးတလျှောက်မှာ ခြောက်သွေ့ပြီး အက်ကွဲရာများ ပေါ်လာပါသည်။ ခြေဖနောင့်ရှိ အက်ကြောင်းများမှာ အလွန်အကြည့်ရဆိုးသဖြင့် ပျောက်ကင်းအောင် မည်သို့ ပြုလုပ်ရပါမည်နည်း။
(နွယ်နွယ်-မန္တလေးမြို့)
(ဖြေ) ရေချိုးစဉ် ခြေဖနောင့်နှင့် ခြေဖ၀ါးများကို ဆပ်ပြာဖြင့် တိုက်ပြီး ကြေးများ ကုန်အောင် ဘရပ်ရှ်ဖြင့် တိုက်ပေးပါ။ ဖြစ်နိုင်လျှင် ကြမ်း၍ မာနေသော အရေပြား နေရာကို ခပ်ကြမ်းကြမ်း တိုက်ပစ်ပါ။ ရေချိုးပြီးလျှင် ခြေထောက်များကို ခြောက်အောင်သုတ်၍ အလှဆီဖြင့် ပွတ်လိမ်းပေးပါ။ အထူးသဖြင့် အက်သောနေရာများမှာ ကြာကြာပွတ်လိမ်းပေးပါ။ အိပ်ရာဝင်ခါနီးတွင်လည်း ခြေထောက်များကို ရေနွေးနွေးဖြင့် ဆေးပြီး ခြောက်အောင်သုတ်၍ အလှဆီထပ်လိမ်းပေးပါ။
ဤသို့ ခြေထောက်သန့်ရှင်းရေးကို ဂရုစိုက်၍ အသားမာများကို တိုက်ပစ်ခြင်း၊ အလှဆီ သို့မဟုတ် အလှဆီပါသော ခြေထောက် (၀ါ) လက် လိမ်းကရင် တမျိုးမျိုးကို မှန်မှန်လိမ်းပေးခြင်းဖြင့် ခြေဖနောင့်အက်ကြောင်းများကို သက်သာစေနိုင်ပါသည်။
( ဒေါက်တာ မောင်မောင်ညို နှင့် ဒေါက်တာ နန်းဥမ္မာ )
No comments:
Post a Comment