Sunday, April 11, 2010

သတိပြုစရာ ငှက်ဖျားရောဂါ

ကမ္ဘာပေါ်မှာ အေ့စ်ရောဂါပြီးရင် လူသတ်အများဆုံးရောဂါတွေထဲထိပ်ဆုံးပြေးနေတဲ့ရောဂါကတော့ ငှက်ဖျား ရောဂါပါ။ အာဖရိကဒေသတွေမှာ မိနစ်တိုင်း ကလေးတွေကိုသတ်နေတာလည်းဒီရောဂါပါ။ ဟိုးငယ်ငယ်လေး တုန်းက ကျွန်တော်ရှမ်းပြည်မှာနေစဉ်က ငှက်ဖျားဖျားဖူးပါတယ်။ အချိန်မှန်အဖျားတက်တယ် အဖျားတက် လာရင် ချမ်းလွန်းလို့တုန်နေတာပဲ။ အဖျားကျသွား ချွေးထွက်သွားရင် သက်သာသွားရောနေရတာ။ ငှက်ဖျား ပိုးဦးနှောက်ထဲဝင်သွားလို့ သေတဲ့လူတွေရဲ့သတင်း၊ ရူးနှမ်းနှမ်းဖြစ်သွားတဲ့သတင်းတွေလည်း မကြာခဏ ကြားရပါတယ်။

အခြေခံအားဖြင့်သိထားတာကတော့ ငှက်ဖျားရောဂါပိုးကိုသယ်ဆောင်နိုင်တဲ့ အနောဖလိခြင် ကိုက်ခံရခြင်း ကြောင့်ဆိုတာပါပဲ။ကဲ ဒီရောဂါအကြောင်းကို မြန်မာနိုင်ငံဆရာဝန်များအသင်း ကထုတ်ဝေတဲ့ လက်ကမ်း ကြော်ငြာလေးကအချက်လေးက ကိုးကားပြီးပြန်ပြောပြပါရစေ။

ငှက်ဖျားရောဂါဖြစ်ပွားနိုင်သည့် အုပ်စုများ

- တောထဲတောင်ထဲတွင် အလုပ်လုပ်သူများ။

- ငှက်ဖျားဖြစ်ပွားတတ်သော ဒေသရှိလုပ်ငန်းများတွှု အလုပ်လုပ်သူများ။

- ငှက်ဖျားဖြစ်ပွားတတ်သော ဒေသရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များ။

- ငှက်ဖျားခြင်ရှိသောဒေသတွင် ညဘက်၌ခြင်ထောင်ဖြင့် မအိပ်သူများ။

ငှက်ဖျားရောဂါဖြစ်လျှင် ဘယ်လိုလက္ခဏာတွေ ခံစားရမလဲ။

-ကိုယ်ပူကြီးခြင်း၊ ချမ်းတုန်ခြင်း၊ အလွန်ချွေးထွက်ခြင်း။ ကိုယ်၊လက်၊ခြေ နာကျင်ကိုက်ခဲခြင်း။ မူးဝေခေါင်းကိုက် ခြင်း စသည်တို့ဖြစ်သည်။

ချက်ချင်း ကုသမှုမခံယူလျှင်ရောဂါပြင်းထန်ပြီး အသက်ဆုံးရှုံးနိုင်သည်။

ငှက်ဖျားရောဂါခြင်သည် ညအချိန်တွင် ကိုက်လေ့ရှိသည်။ ခြင်ထောင်နှင့် အိပ်ခြင်းဖြင့် ကာကွယ်နိုင်သည်။

- ဖျားပြီး ငှက်ဖျားရောဂါဟု ယူဆပါက ဆေးဆိုင်များမှ စပ်ဆေးဝယ်မသောက်ဘဲ ၂၄နာရီအတွင်း မြန်မာနိုင်ငံဆရာဝန်အသင်း (ငှက်ဖျားစီမံချက်ဝင်ဆေးခန်း) များနှင့် အစိုးရကျန်းမာရေးဌာနများသို့ သွားရောက် ပြသကုသမှုခံယူပါ။

- ငှက်ဖျားရောဂါဟု သံသယရှိပါက ဖော်ပြပါဆေးခန်းများတွင် အမြန်ငှက်ဖျားသွေးစစ်ကိရိယာဖြင့် သွေးစစ်ကြည့်ပါ။

- ငှက်ဖျားရောဂါရှိပါက ညွှန်ကြားချက်အတိုင်း ဆေးလုံးအရေအတွက်နှင့် ကာလကိုတိကျစွာသောက် သုံးပါ။

ငှက်ဖျားဆေးကို အညွှန်းအတိုင်း တိကျစွာသောက်သုံးခြင်းဖြင့် အမြစ်ပြတ်ကုသနိုင်သည်။

ပေါင်းစပ်ငှက်ဖျားပျောက်ဆေး။ (Coartem – artemether/lumefantrine)

ပေါင်းစပ်ငှက်ဖျားပျောက်ဆေးသည် လိုအပ်သောဆေးပမာဏကို သိပ္ပံနည်းကျ တွက်ချက်ညွှန်ကြားထားသည့် ဆေးဖြစ်၍ အညွှန်းအတိုင်း ဆေးလုံးအရေအတွက်နှင့်အချိန်ကာလပြည့်အောင်သောက်ပါ

ဆေးကိုအညွှန်းအတိုင်းတိကျစွာသောက်လျှင် ငှက်ဖျားရောဂါအမြစ်ပြတ်အောင်ကုသနိုင်ပါသည်။ တိကျစွာ မသောက်ပါက အမြစ်မပြတ်ဘဲ ရောဂါပြန်ဖြစ်နိုင်ပါသည်။ ငှက်ဖျားဆေးသည် ကြီးကျယ်သောဆိုးကျိုး လက္ခ ဏာများ မဖြစ်စေနိုင်ပါ။

တစ်ခါတစ်ရံအနည်းငယ်မူးဝေပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ၀မ်းသွားခြင်းတို့သာဖြစ်တတ်ပါသည်။ စိုးရိမ်ပြီး ဆေးရပ်ပစ်ရန် မလိုပါ။

ငှက်ဖျားရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ

ခြင်ကိုက်မခံရအောင်နေပါ။ ခြင်တစ်ခါကိုက်ရုံဖြင့်ငှက်ဖျားရောဂါရနိုင်သည်။ အထိရောက်ဆုံးနှင့် အကောင်းဆုံး ကာကွယ်နည်းမှာ ညစဉ် ဆေးစိမ်ခြင်ထောင်ဖြင့် အိပ်ခြင်းဖြစ်သည်။

ဆေးစိမ်ခြင်ထောင်ဆိုတာ ဘာလဲ။

-လူကိုအန္တရာယ်မပြုနိုင်သော ပိုးသတ်ဆေးပြား (ပါမီသရင်)ကို ဖျော်၍စိမ်ထားသည့် ခြင်ထောင်ဖြစ်သည်။

ဘာပဲဖြစ်ဖြစ်လေ ငှက်ဖျားရောဂါဟာလည်း ကျန်းမာရေးအတွက် သတိထားသင့်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ ခြင်လုံအောင်နေပါ၊ခြင်မကိုက်အောင် ခြင်ထောင်ထောင်အိပ်ပါသူငယ်ချင်းတို့ရေ။

မြန်မာနိုင်ငံအတွင်းကိုယ်သိတဲ့ နယ်စည်းမထားဆရာဝန်များအဖွဲ့ (Artsen Zonder Grenzen – AZG) ရဲ့ငှက်ဖျားနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် အတွင်းဆောင်ရွက်ချက်တစ်ချို့ကိုလည်းပြောပြချင်သေးတယ်။

ရခိုင်ပြည်နယ်အတွင်းတွင် AZG မှ ငှက်ဖျားကုသမှုအတွက် ထောက်ပံ့ကူညီမှုပေးနေသော ဆေးခန်းစုစုပေါင်း ၃၀ခန့်ရှိသည်ဟုသိရသည်။ AZG မှအဆိုပါဆေးခန်းများတွင် ငှက်ဖျားအမျိုးအစားကုသမှုအတွက် ငှက်ဖျားကု ဆေး၂မျိုးကို ပေါင်းစပ်ပေးသည့်ကုထုံးအား အကောင်အထည်ဖော်ရန် ကျန်းမာရေးဦးစီးဌာန၏ သဘော တူညီချက်ဖြင့်ဆောင်ရွက်ခဲ့သည်။ ထိုကုသမှုတွင် အစွမ်းထက်ဆေး၂မျိုးဖြစ်သော Mefloquine (25mg/kg)+ Artesunate (12mg/kg) ဆေးဖြင့်ငှက်ဖျားလူနာအား ကုသစေခဲ့သည်။ ဆေးဝါးများကို AZG မှအခမဲ့ ထောက်ပံ့ခြင်းဖြစ်ပြီး အခြေခံကျန်းမာရေးဝန်ထမ်းများအားထိုသို့ မှဆေးဖြင့်ကုသပေးမှုအတွက် လူနာထံမှ ငွေကျပ်၁၀၀ခန့်သာ ကုသစရိတ်အဖြစ်တောင်းယူပါရန် လမ်းညွှန် သတ်မှတ်ပေးခဲ့သည်။

AZG ကအခြေခံကျန်းမာရေးဝန်ထမ်းများ၏ ဆေးခန်းများသို့ ငှက်ဖျားဆေးသာလျှင်မက အဏုကြည့်မှန်ပြောင်း နှင့် ဓာတ်ခွဲခန်းအထောက်အကူပြုပစ္စည်းများ ဥပမာ – ဖန်ပြားချပ်များကိုပါ ပေးအပ်ထားခြင်းဖြစ်သည်။

AZG ကတင်းကြပ်သောစောင့်ကြပ်ကြည့်ရှုမှုစနစ်ကိုတော့ကျင့်သုံးကြောင်း၊၄င်းမှာ ဆေးခန်းသို့လာရောက်ပြသ သော လူနာများ၏ အမည်၊လိပ်စာစသည်တို့ကို မှတ်ပုံတင်စာရင်းသွင်းထားကြရမှာဖြစ်ကြောင်း ထို့နောက် AZG မှ ကြီးကြပ် သူများက ကျပန်းသဘောမျိုးဖြင့် ရွေးချယ်၍ ထိုလူနာများထံမှ တစ်ဦးထံသို့ အိမ်အထိလိုက်ကာ စစ်ဆေး မေးမြန်းကြောင်း ဆေးကုခအဖြစ်ကျပ်၁၀၀သာလျှင်တောင်းခြင်းဟုတ် မဟုတ်၊ ၄င်းပမာဏ ထက်ပို၍ ပေးခဲ့ ရခြင်းရှိမရှိစစ်ဆေး ကြောင်း၊ အကယ်၍ပိုတောင်းပါက ထိုဆေးခန်းကို နောက်ထပ်ပံ့ပိုးမှုမပြုလုပ်တော့ဘဲ ရပ်ဆိုင်းကြောင်း၊ ထိုသတ်မှတ်လမ်းညွှန်ချက်ကို လိုက်နာသည့်ဆေးခန်းများကိုသာ ဆက်လက်ထောက်ပံ့ခဲ့ ကြောင်းသိရသည်။

လူနာထံမှ သွေးဖောက်ယူပြီး အဏုကြည့်မှန်ပြောင်းအောက်တွင် စစ်ဆေးခြင်းအတွက် အဏုကြည့်မှန်ပြောင်း ဖြင့် ငှက်ဖျားပိုးရှိ၊မရှိ စမ်းသပ်စစ်ဆေးခြင်းနည်းနှင့် ၀န်ထမ်းများအား လေ့ကျင့်ပေးခြင်းကို AZG မှပြုလုပ်ပေးခဲ့ ကြောင်းလည်းပြောပြသည်။

ဆေးခန်း၃၀အနက် အချို့မှာကျန်းမာရေးဦးစီးဌာနလက်အောက်မှ နိုင်ငံတော်ပိုင်ဆေးခန်းများဖြစ်ပြီး အချို့မှာ ပုဂ္ဂလိကပိုင်ဆေးခန်းများဖြစ်သည်ဟုလည်း သိရပါသည်။

သိတာလေးတွေပြောပြပြီးပြီဆိုတော့ အေ့စ်ရောဂါကိုပဲ အာရုံစိုက်မနေဘဲ ငှက်ဖျားရောဂါဟာလည်း အသက် သေဆုံးနိုင်တဲ့ရောဂါဖြစ်ကြောင်း သူငယ်ချင်းတို့ သတိမူဖို့ သိသမျှလေးဝေမျှလိုက်ပါတယ်။ ကဲ..ခြင်ထောင် ထောင်ပြီးအိပ်ကြနော် သူငယ်ချင်းတို့..။

Ref:

- မြန်မာနိုင်ငံဆရာဝန်အသင်း ငှက်ဖျားတိုက်ဖျက်ရေးစီမံချက်မှ ထုတ်ဝေသည့် လက်ကမ်းကြော်ငြာစာစောင်။

No comments:

Post a Comment