Thursday, May 20, 2010

သာသနာ နှင့် အဆုံးအမ

ဘာသာရေးရှုထောင့်က ကြည့်လိုက်လျှင် ဗုဒ္ဓ၏ " အဆုံးအမ " မှန်သမျှကို " သာသနာ " ဟု ခေါ်ကြသည်။ သာသနာသည် ပရိယတ္တိ သာသနာ၊ ပဋိပတ္တိ သာသနာ၊ ပဋိဝေဓ သာသနာ ဟူ၍ လည်းကောင်း၊ သီလ သာသနာ၊ သမာဓိ သာသနာ၊ ပညာ သာသနာ ဟူ၍လည်းကောင်း အသီးသီး ခေါ်ကြ ပါသည်။

ဗုဒ္ဓ၏ အဆုံးအမ မှန်သမျှသည် နိဗ္ဗာန်ရောက်ကြောင်း ကောင်းမြတ်သော အဆုံးအမ ခြည်းသာဖြစ်ကြသည်။ " သာသနာ " ၏ အနက်အဓိပ္ပာယ် အပြည့်အစုံကို " နေတ္တိအဋ္ဌကထာ " တွင် " ဒိဋ္ဌဓမ္မိက သမ္ပရာယိက ယထာရဟံ သတ္တေ သာသတိ ၀ိနေတိ ဧတေနာတိ သာသနံ " ဟူ၍ ဖွင့်ပြထားသည်ကို တွေ့ရသည်။

အနက်အဓိပ္ပာယ်မှာ ..
" မျက်မှောက် အကျိုးစီးပွား၊ တမလွန် အကျိုးစီးပွား နှင့် ဘ၀သံသရာ မှ လွတ်မြောက်စေသော လောကုတ္တရာ အကျိုးစီးပွား တို့နှင့် ထိုက်သည့် အားလျော်စွာ သတ္တ၀ါတို့ကို ဆုံးမကြောင်း တရားစကား မှန်သမျှကို သာသနာ " ဟုခေါ်ကြောင်း တွေ့ရပါသည်။

ထို့ကြောင့် " သာသနာ " ဟူသော ပါဠိဝေါဟာရကို လေ့လာ သုံးသပ်ကြည့်ပါလျှင် သတ္တ၀ါဝေနေယျတို့ အတွက် မျက်မှောက် အကျိုးစီးပွား တမလွန် အကျိုးစီးပွား သာမက ဘ၀သံသရာမှ လွတ်မြောက်ကြောင်း လောကုတ္တရာ အကျိုးစီးပွားကိုလည်း ပေးစွမ်းနိုင်ကြောင်း တွေ့ရပါမည်။ အဆိုပါ အကျိုးစီးပွားများ ကင်းဆိတ်ခဲ့ပါလျှင် " သာသနာ " ဟူသော ဝေါဟာရကို မည်သည့် ဘာသာကပဲ ယူသုံးယူသုံး အဓိပ္ပာယ် လေးနက်မှု မရှိနိုင်ချေ။ အလွယ်တကူ ချေးငှားယူထားသော စကားလုံးဟုသာ ဆိုထိုက်တော့သည်။

No comments:

Post a Comment