Saturday, March 27, 2010

(ကဆုန်လပြည့်နေ့)

မြတ်စွာဘုရား ပရိနိပ္ဖာန်စံတော်မူခဲ့သည်နေ့ (ကဆုန်လပြည့်နေ့)
ကို သတိရ အမှတ်ရ၍ မြတ်စွာဘုရား၏ ကျေးဇူးတော် ဂုဏ်တော် များကို တန်ဖိုးထား
နားလည် တမ်းတ နိုင်စေရန် ရည်ရွယ်၍ မြင်းမူ မောင်နိုင်မိုး၏ ကဗျာ
တစ်ပုဒ်ကို မျှဝေလိုက်ပါတယ်။
မကြားချင်သော ထိုနေ့၊ မရောက်ချင်သော ထိုနေ့၊ မသိချင်သော ထိုနေ့ရယ်ပါ။ သို့သော် ဘုန်းတော်ရှင် မြတ်စွာဘုရားတောင်
ရှောင်လွဲ မရသော ထိုသေခြင်းတရားကို သတိရ စေချင်သော စေတနာဖြင့် မျှဝေခြင်းပါ။



ရှင်အာနန္ဒာ
ခမျာညီသား၊ဖြစ်ဘိငြား၍
ဘုရားမြတ်ရှင်၊ရွှေရုပ်သွင်ကို
မမြင်ရက်ရှာ၊ပါးမှခွါ၍
မလ္လာမင်းများ၊တည်းခိုနားရန်
ဆောက်ထားအပ်ပြီ၊ဇရပ်နီးဝယ်
စီးကျမျက်ရည်၊တထွေထွေနှင့်
ဝေဒနာခံစား၊နောင်ဘုရားအား
အားတော်ကုန်ခန်း၊ကြွေမည့်ပန်းသို့
ပင်ပန်းကြွေ့ကြွေ့၊နွမ်းသွေ့သွေ့တည့်
ယနေ့ပင်လျှင်၊နိဗ္ဖာန်ခွင်သို့
ဝင်လိမ့်ယောင်တကား။
ထိုအခါတွင် ဘုရားရှင်သည်
ခေါ်ငင်လေပါ၊အာနန္ဒာဟု
ရောက်လာထံပါး၊ ညွတ်ခစားသော်
ချစ်သား အာနန္ဒာ.........
တဏှာဟူသော၊ ထိုသဘောကြောင့်
ဖြစ်သောခန္ဒာ၊ပျက်မြဲသာတည်း
ဗြဟ္မာသိကြား၊ဘုရားသော်လည်း
ပျက်စီးမြဲပင်၊ကျိုးကြောင်းယှဉ်
သိမြင်စေငြား၊သင်တို့အားလျှင်
ဟောကြားထပ်ထပ်၊ဆုံးမအပ်ခဲ့
သည်းပွတ်ကြွေနိုး၊ပူပန်စိုးလည်း
အကျိုးမထူး၊မိန့်မြွတ်ဖူးပြီ။
ချစ်သား အာနန္ဒာ
ငါဘုရားကို၊သင်ကြည်ညို၍
ရိုသေတုပ်ပျက်၊ပြုစုအပ်ခဲ့
ချဉ်းကပ်နေ့ဆက်၊၀တ်မပျက်ဘဲ
မျက်သစ်ဒန်ပူ၊ပေးအပ်လှူခဲ့
ယူတော်မူပါ၊ သုံးတော်မူပါ
နေတော်မူပါ၊ လျောင်းတော်မူပါ
လျှောက်တင်ပါလျက်၊မေတ္တာကာယကံ
မေတ္တာဝစီကံ၊မေတ္တာမနောကံ
ပြည့်သည်မှန်သား
ကံသုံးဖြာနှင့်၊လုပ်ကျွေးသင့်သည်
သင့်ဝန်သင့်တာ၊ကျေပွန်ပါပြီ
ပညာလုံလ ကြီးမားလှသို့
ပြည့်ဝသမာဓိ၊သင့်ဝယ်ရှိသည်
နှိုင်းရှည်ဆင်ခြင်၊ဥာဏ်မြော်မြင်...ဟု
ရှင်အာနန္ဒာ၊ဖြေသာစေငြား
မြတ်တရားနှင့်
ဟောကြားတော်မူရှာသည်တကား။
ထိုမှလွန်မြောက်၊ချိန်သင့်ရောက်သော်
နောက်ပါတပည့်သား၊ သံဃာများ၌
မှာထားသင့်ရာ၊ကျင့်အပ်စွာကို
အာနန္ဒာရှင်၊သက်သေတင်လျက်
စုံလင်မိန့်မှတ်၊နာစေအပ်ကာ
သုဘဒ်ပုရပိုဇ်၊ရဟန်း၌လည်း
အမြိုက်ချမ်းသာ၊မြတ်ဓမ္မာနှင့်
ရဟန္တာရှင်မြတ်၊ဖြစ်စေအပ်ခဲ့
မြတ်ထွတ်ခေါင်ဖျား၊မြတ်ဘုးရားသည်
ဟောကြားမိန့်မှာ၊နောက်ဆုံးခါတွင်.....။
ဟန္ဒဒါနိ ဘိက္ခဝေ၊ အာမန္တယာမိ
ဝေါ၀ယဓမ္မာ ၊ သင်္ခါရာ
အပ၌မာဒေန သမ္မာဒေထ
သင်္ခါရတရားဟူသည်ကားလျှင်
ဖောက်ပြားမလွဲ၊ပျက်တတ်မြဲတည့်
စွဲမှတ်စေ့စေ့
မမေ့လျော့၊မပေါ့မလစ်
ဖြစ်တုံသတိ၊ ပြည့်စုံဘိလော့
ပစ္ဆိမစကား၊ဟောမိန့်ကြား၏
ဟောကြားပြီးက ၊မြတ်ဗုဒ္ဒလည်း
ပထမဈာန်၊ဒုတိယဈာန်
တတိယဈာန်၊စတုတ္ထဈာန်
အပြန်ပြန်လျှင်
ဈာန်တော်အဆင့်ဆင့်၊၀င့်စားလင့်လျက်
ပွင့်ဝတ်ကြွေတုံ၊ကြာပဒုံသို့
အာရုံတက်နီး၊လင်းအားကြီးဝယ်
ဖြည့်ဆည်းပါရမီ၊ကာလရှည်စွာ
ရည်မှော်အမတ၊နိဗ္ဖာန်နသို့
မြန်းကြွတော်မူသတည်း။
ထိုရော်အခါ
မဟာပထ၀ီ၊မြေသည်တုန်ဟည်း
သိမ့်သိမ့်ကြည်းလျှင်၊တောလည်းပဲ့တင်
နမိတ်တင်၏၊လူရှင်ရဟန်း
ရိုက်ငင်ပန်း၍၊မြည်တမ်းပြင်းစွာ
ငိုကြွေးပါ၏ ၊ စကြာဝဠာ
ကမ္ဘာတိုင်တစ်သောင်း
ခြိမ့်ခြိမ့်ညောင်းမျှ
အပေါင်းနတ်ဗြဟ္မာ၊စုဝေးလာ၍
မဟာပရိနိဗ္ဖာန်၊စံတော်မူလတ်
သုံးလူနတ်တို့၊ဆွတ်တမ်းဦးချ
ဖူးမြော်ကြ၏။
ဂါထာ ဂါထာ အဖြာဖြာနှင့်
ဗြာဟ္မာမင်း၊သိကြားမင်း ပူဇော်နှင်း၏
သေခြင်းတရား ဟူသည်ကားလျှင်
အားတော်ဆယ်တန်၊ဥာဏ်တော်ဆယ်ပါး
ပြည့်စုံငြားသည့်
ဘုရာသော်မှ၊ရှောင်မရသည်
မရဏတော၊ကုတောမုစ္စတိ
အစရှိသည်
သဟမ္ဖတိ ဗြဟ္မ ဆိုရွတ်ပါသို့
အနိစ္စာ သတ သင်္ခါရာ
ဥပ္ဖါဒ ၀ယ ဓမ္မိနော
ဖြစ်သာ ပျက်သော ၊သဘောမှန်စွ
သင်္ခါရတည့်
သုခအမှန်၊ပြည်နိဗ္ဖာန်သာ
ရည်သန်လိုရင်း၊သိကြားမင်းလည်း
ဆောင်နှင်းဂါထာ၊ပူဇော်ပါ၏
ရဟန္တာ အသီသီး၊ထိုနည်းတူစွာ
ဂါထာအများ၊ရွတ်ဖတ်ပွားလျက်
တရားသံဝေ၊၀ှန်လှိုက်ခြွေ၏
ဖြေရာခက်ငြား၊နတ်လူများကား
ဖားလျားဆံပြို၊ဖရိုဖရဲ
လွင့်မြောက်ကျဲလျက်၊ငိုပွဲကြီးစွ
သည်းထန်လှသည်
လပြည့်ကဆုန်ညပါတကား။ ။
(မြင်းမူ မောင်နိုင်မိုး)

No comments:

Post a Comment