မမြဲစု (၆) ခု…
၁။ ရူပလက္ခဏာ၊ ကိုယ်ခန္ဓာ၊ များစွာဖေါက်လှဲ၊ တည်မမြဲ။
၂။ လောကီဥစ္စာ၊ ရတနာကို၊ များစွာသိမ်းဆည်း၊ နေမမြဲ။
၃။ ပုထုဇဉ်လူ၊ မောဟထူကို၊ အယူစွပ်စွဲ၊ မှတ်မမြဲ။
၎။ သူမြတ်တို့အား၊ ချစ်သနား၍၊ မြီစားမြှောက်ကဲ၊ ရာမမြဲ။
၅။ သစ်ကိုင်းခက်မြိုင်၊ ကမ်းမနိုင်၊ ပြိုယိုင်ရေထဲ၊ တည်မမြဲ။
၆။ ငါတကားဟု၊ ကြိမ်းဝါးမောင်းမဲ၊ မှတ်မမြဲ။
ဖျက်စု-ခက်စု-ခဲစု-မမြဲစု တို့ကို ကြည့်ရှု မှတ်သားတော်မူကြပါ။
ပညာသတိ၊ စိစိကြပ်ကြပ်၊ စက်လျှင်ဖြတ်သို့၊ လျှောက်ပတ်တော်လျော်၊ လူသူတော်တို့၊
တေဇော်မှန်ကင်း၊ မင်းထက်မင်းလျှင်၊ လက်ရင်းထားတော် မူလိမ့်တည်း…
(တောင်ဖီလာဆရာတော်၏ လောကသဘာဝ ဆုံးမစာ)
+++++++++++++++++++++++++++++++
လယ်တီဆရာတော်ဘုရားကြီး၏ နိဗ္ဗိန္ဒတေးထပ်…
Ø အ၀ိဇ္ဇာ ပိတ်ကာဆို့၊ မိစ္ဆာမြို့ ပြင်ပြင်၊
ဣဋ္ဌာလို့ ခင်မင်လျှင်၊ လွင့်စင်မည် မလွဲ၊
အရွတ်စု အပုပ်ကောင်ကို၊ အဟုတ်ယောင် မှားဖို့ ဖန်နဲ၊
Ø အသုဘ ရုပ်တစ္ဆေငယ်၊ မဟုတ်လေ ကိုယ်ထဲ၊
အပုပ်ရည် စိုအရွှဲဟာမို့၊ ယိုမစဲ သူ့မှာ၊
သွေး သည်ခြေ ပြည်သလိပ်တွေက၊ တည်မဆိပ် လျှမ်းပြည့်သည်သာ၊
Ø သို့ကလောက် ရွံစရာပါကို၊ လွန်တဏှာ မက်စွဲလို့၊
စက်ဝဲမှာ တပေပေ၊ မွန်းနစ်ကြပလေ၊
တဏှာဖမ်းတဲ့ အကန်းတွေမှာ၊ အပန်းမပြေ ဟိုက်မောရှာကြလေး။
Ø တဏှာပူးတဲ့ အရူးတွေမှာ၊ အမူးမပြေ မိုက်မောရှာကြလေး။
Ø တဏှာလိုက်တဲ့ အမိုက်တွေမှာ၊ အဟိုက်မပြေ ပင်ပန်းရှာကြလေး။
+++++++++++++++++++++++++++++++++++++++++++++
လယ်တီဆရာတော်ဘုရားကြီး၏
ဟံသာဝတီခရိုင်၊ ကွမ်းခြံကုန်းမြို့၊ မြို့ကွင်းကျောင်းဘုန်းကြီး တပည့်ဦးသူရိန္ဒကို သတိပေး ဆုံးမအပ်သော
သြ၀ါဒတေးထပ်
- မျက်မြင်မှာ ဉာဏ်တွဲလို့၊ အနဲနဲရှုပါ၊
- ငရဲနှင့် လူ့ရွာမှာ၊ ခုအခါ မခြား၊
- မီးသုံးရပ် ဗလောင်ဆူ၊ အကောင်ပူ သင်းတို့ ဖြစ်လား၊
- စိတ်ရတက် အညစ်ထူ၊ အပြစ်မူထွေပြား၊
- တတွေတွေ သေလို့သွားရင်လ၊ တဖွားဖွားအောက်မှာ၊
- ယမနယ် ဘုံအနှုန်း၊ အကုန်လုံး စုကြမည်သာ၊
- သို့ကလောက် လူ့ငြမ်းဟာကို၊ ရှုစမ်းပါညီလှရဲ့၊
- မှီသမျှ ဉာဏ်ကုန်မျှော်နော်၊ ရောလို့ မတော်၊
- အလိုလိုက်လို့ အငိုက်ချော်လျှင်၊
- တဟိုက်ဟော်ဟော် ညီမောရှာလိမ့်လေး။
+++++++++++++++++++++++++++++++++
သံဝေဂ၀တ္ထု (၈) ပါး...
- နုနယ်ရုပ်ဆင်း၊ ပျိုမြစ်ခြင်းကား၊ အိုမင်းနောက်ဆုံး ရှိချေ၏။
- ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊ ယိုယွင်းနောက်ဆုံး ရှိချေ၏။
- ၀ိညာဏ်ထင်လင်း၊ သက်ရှင်ခြင်းကား၊ သေခြင်းနောက်ဆုံး ရှိချေ၏။
- ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊ ကွေကွင်းနောက်ဆုံး ရှိချေ၏။
- ထက်ကြွားကြွကြွ၊ မြင့်လွန်းကလည်း၊ လျောကျနောက်ဆုံး ရှိချေ၏။
- ခုံမင်ခယ၊ ချစ်သမျှကား၊ သောကနောက်ဆုံး ရှိချေ၏။
- ပွဲလယ်ပြင်ပ၊ ချီးမွမ်းကြလည်း၊ ရှုတ်ချနောက်ဆုံး ရှိချေ၏။
- ကြည်သာရွှင်ပြ၊ ချမ်းသာလှလည်း၊ ဒုက္ခနောက်ဆုံး ရှိချေ၏။
(လယ်တီဆရာတော်ဘုရားကြီး)
မနာလိုကင်း ၀န်တိုရှင်း လက်ငင်းချမ်းသာ ကြရမည်။
(မဟာစည်ဆရာတော်ဘုရားကြီး)
ရွှေရှိတယ် ပြောပြော၊ ငွေရှိတယ် ပြောပြော…
ပစ္စုပ္ပန်မှာ အေးချမ်းတည်ငြိမ် ရင့်ကျက်စွာနဲ့ မနေတတ်ဘူးဆိုရင်
လူ့ဘ၀ဟာ ဘာကိုမှ အဓိပ္ပာယ် မရှိပါ။
(ယောဆရာတော်)
“ကိုယ့်အကျိုး မထိခိုက်တဲ့ သူတစ်ပါး အကျိုး သယ်ပိုးရမယ်” ဆိုတာက “အကုသိုလ်အလုပ် မလုပ်ဖို့” ပြောတာပါ။
“သူတစ်ပါးအကျိုး မထိခိုက်တဲ့ ကိုယ့်အကျိုး သယ်ပိုးရမယ်” ဆိုတာက “ကုသိုလ်အလုပ်
လုပ်ဖို့” ပြောတာပါ။
(အရှင်ဆန္ဒာဓိက)
++++++++++++++++++++++++++++++
“ဒါနကလည်း မပြောင်၊ သီလကလည်း အကြောင်၊ ဘာဝနာကလည်း အယောင်ဆောင်”
အဲဒီလို မဖြစ်စေနဲ့...
(လယ်တီဆရာတော်ဘုရားကြီး)
တဏှာခိုင်းတိုင်း လုပ်တာသည် အရှက်မရှိလို့။
အ၀ိဇ္ဇာတဏှာ ကိန်းလာရင် အရှက်အကြောက် မရှိတော့ဘူး။
ဒကာ၊ ဒကာမတွေ ကျွန်သဘောက် ပီပီ တဏှာခိုင်းတိုင်း လုပ်နေတာပဲ။
တဏှာခိုင်းတိုင်း လုပ်နေရင် သေရင် အပါယ်ရောက်ပြီ။
တဏှာအဖော် မလုပ်ပါနဲ့။ ဉာဏ်အဖော် လုပ်ပါ။
(မိုးကုတ်ဆရာတော်ဘုရားကြီး)
သူတော်ကောင်း ဆိုတာ
သူတော်အောင် ကိုယ်က ကောင်းပေးရတာပဲ။
သူတော်မှ ကိုယ်ကောင်းနိုင်မယ် ဆိုရင်
သူတော်ကောင်းအစစ် မဟုတ်နိုင်တော့ဘူး...
(ယောဆရာတော်)
++++++++++++++++++++++++++++++++++++++
ဟန်ကျအောင်...
ကိုယ့်ကိုယ်ကို ဟန်မကျတာ
ဟန်မကျမှန်းသိမှ
ဟန်ကျမယ်။
ဟန်မကျဘဲနဲ့ ဟန်ကျတယ်
ထင်နေရင်
နည်းနည်းလေးမှ
ဟန်မကျသေးဘူး။
(ဝေဘူဆရာတော်ဘုရားကြီး)
No comments:
Post a Comment