မိုးကုတ်ဆရာတော်ဘုရားကြီး၏ သံဝေဂ အစု...
(၁) ငါသည် မုချသေရမည်။ အချိန်ပိုင်းသာ လိုတော့သည်။
(၂) အဇ္ဇေ၀ သုဝေက။ ယနေ့လား နက်ဖြန်လား
သေနိုင်ပါသည်။(၃) ရခဲလှတဲ့ လူ့ဘ၀ကို အလွဲသုံးစား မလုပ်နဲ့။ အချိန်အလကား
မဖြုန်းနဲ့။
(၄) မမျှော်လင့်ဘဲ ဗြုန်းခနဲ နာလည်း နာနိုင်သည်။
(၅) မမျှော်လင့်ဘဲ ဗြုန်းခနဲ သေလည်း သေနိုင်သည်။
(၆) ခန္ဓာကိုယ်က မွေးကတည်းက အသေဖက် တရစပ်
ပြေးနေတယ်။
(၇) မနေ့ကထက် ယနေ့ သေဖို့ တစ်ရက် ပိုနီးသွားပြီ။
(၈) သက်တမ်းတိုတဲ့ ဘ၀လေးမှာ တရားအားမထုတ်ဘဲနှင့်
ချောင်ခိုနေရင် လူဖြစ်ရှုံးပြီမှတ်။
(၉) အသေစောက ကိုယ်ကျိုးအနည်းကြီး နည်းပြီမှတ်။
(၁၀) အပြေးမရပ်တဲ့ ခန္ဓာကိုယ် သုဿန်မရောက်ခင်
မဂ္ဂင်အလုပ် မြန်မြန်လုပ်။
(၁၂) လူပြောယုံတော့ သူများပါးစပ် လမ်းဆုံး။ ခန္ဓာပြောတာ
ယုံတော့ သံသရာ လမ်းဆုံး။
(၁၃) ရှေ့နောက်ခွဲတတ်ပါစေ။ သားရေးသမီးရေး
နောက်ထား။ ကိုယ့်ကိုယ်ကို ကယ်တင်မယ့်အရေး ရှေ့ထား။
(၁၄) ကိုယ့်ကိုယ်သနားရင် ၀ိပဿနာ လုပ်ကြ။
ကိုယ့်ကိုယ်ကို မသနားရင် သားရေးသမီးရေး စီးပွားရေး လုပ်ကြ။
(၁၅) ဘုန်းကြီးက ပြောရက်လိုက်လေ မလုပ်နဲ့။
ခင်ဗျားတို့ အဖြစ်က ဆိုးလွန်းလို့ ဖော်ပြောပြနေတာ။
(၁၆) ခင်ဗျားတို့မှာ ကိလေသာရေနစ်နေတာ
လည်ပင်းရောက်နေပြီ။ သေခါနီးတွေက သေခါဝေးတွေ အတွက် ပူမနေနဲ့။
(၁၇) ယခု သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့
ပစ္စည်းတွေနဲ့ ဒီလို မသိပြုံး ပြုံးနေသလောက် မသိပျော် ပျော်နေသလောက် သေခါနီး
အိပ်ရာညောင်စောင်း ထက်မှာ မျက်ရည်ကျရပါလိမ့်မယ်။
+++++++++++++++++++++++++++++++++++
ဖျင်းကြသူများ အပျင်းများ...
ဘေးပွဲကြုံ၊ အေးသဲတုန်၊
ကိုယ်စီကုတ်ပါလို့၊ အားထုတ်သင့်သား၊
သို့ပါကို၊ ဘယ်တော့ဘာလိုလိုနဲ့၊
နောင်ရေးကို မြှော်ခေါ်လင့်လို့၊
ဘာဝနာသီခေါင်လွင့်တယ်၊
ဖျင့်ဖင့်အများ။
(မဟာဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီး)
+++++++++++++++++++++++++++++++++++++++++++++
ဝိပဿနာအစစ် ဟူသည်ကား...
ရှိတာရှုရင် နိစ္စ
မရှိတာရှုရင် အဘာဝပညတ်
ဟုတွာ အဘာဝတ္တေန ဆိုတာ
တဇ္ဇရီပညတ်ကို ရှုခိုင်းတာ ပညတ်တစ်ဝက်ပါတယ်။
ရှိရာက မရှိရာကိုဆိုတာ သဘောကျပြီလား။
တဇ္ဇရီပညတ်ကို ရှုခိုင်းတာ။
ပျောက်ပျက်သွားတာကို မြင်ရတယ်။
အေး...
မရှိတော့ဘူး ဆိုတော့
ပုဂ္ဂိုလ်ရော၊ သတ္တ၀ါရော၊ ပရမတ်ရော
ပျောက်ပျက်သွားတယ်။
အပျက်လှန် နာမ် နာမ်ချင်း ရှုတာကိုး။
နှစ်ခုမှ မပြိုင်နိုင်ဘဲ။
ဒါဖြင့်...
ရှိရာက မရှိတာကို ရှုမှ ၀ိပဿနာ။
ရှိရာက မရှိတာကို မြင်မှ ၀ိပဿနာ။
(မိုးကုတ်ဆရာတော်ဘုရားကြီး)
++++++++++++++++++++++++++++++++++++++
လယ်တီဆရာတော်ဘုရားကြီး၏ ဆိုပိန့်မညှာ ဆုံးမစာ...
ဆိုပိန့်မညှာ စေ့စေ့နာလော့ ဂင်္ဂါသဲမျှ ပွင့်ကုန်ကြသား ဘုရားသာသနာ ခေတ်အခါဝယ်...
လူ့ရွာနတ်၌ နင်ကြုံကြိုက်လည်း အမိုက်မချွေ အလိုက်နေ၍ အခြေမကြီး အချည်းနှီးလျှင် ယီးတီးယောင်တောင် ခုတိုင်အောင်တည့်။
သန်းခေါင်လကွယ် တောအုပ်နယ်၌ ရှစ်နယ်ပတ်ကုံး အပြည့်ဖုံးသည့် မိုးလုံးတိမ်တိုက် လျှပ်မကြိုက်သား အမိုက်အပြား အင်လေးပါးထက် နင်ကားရာထောင် မကမှောင်၏။
လူ့ဘောင်လူ့ရွာ သာသနာ၌ ကြမ္မာတော်၍ ယခုတွေ့လည်း အလေ့မလွဲ အများနဲလျှင် မိုက်မြဲနှင်နှင် မိုက်စရွှင်၏ မျက်မြင်လောက ဤဘ၀ကား ဒုက္ခစင်းစင်း ချမ်းသာကင်း၏။
သေမင်းအစာ နင့်ခန္ဓာကို တဏှာဘီလူး အမှောင့်ပူး၍ အရူးပြင်ပြင် နင့်ကိုယ်ထင်၏။
နင်နှင့်မဆိုင် နင်ပိုင်မဟုတ် နင့်ရုပ်နင့်နာမ် နင့်သန္တာန်ကို နင့်ဉာဏ်မစူး အပေါ်ဖြူး၍ မူးမူးမေ့မေ့ အများလေ့ဖြင့် နေ့ရက်အပုံ လွန်ခဲ့တုံပြီ အာရုံဝတ္ထု မီးစာစုကို မှုမှုရရ
နင်အားကျလည်း ဓားပြသေမင်း သူ့တပ်နင်းက မငြင်းဆန်သာ နင့်ခန္ဓာသည် ပြာပုံအပြီး
ဖြစ်လုနီးပြီ။
ယီးတီးယားတား သေ၍သွားလည်း တရားမကြွယ် အထုပ်ငယ်လျက် အပါယ်စခန်း သွားမြဲလမ်း၌ တပန်းဟိုက်ဟိုက် တရှိုက်ငင်ငင် တငြင်ငြိုငြို ဆင်းရဲပိုလျက် ထိုထိုဘဝ
အနန္တလျှင် အစမဆုံး အများထုံးတည့် အနှုန်းမပျက် အောက်နရက်ဝယ် တစ်သက်နွယ်နွယ် အမြစ်တွယ်သို့ အပါယ်ထိုထို
ဥဒဟိုသည် နင်လိုလူမိုက် သွားလမ်းတည်း...
+++++++++++++++++++++++++++++++++++
လောကမှာ အမှီအခိုဆိုတာ ရှိရတယ်။
တပည့်ဟာ ဆရာကို မှီခိုရတယ်။
သားသမီးက မိဘကို မှီခိုရတယ်။
ဒီအတိုင်းပဲ
သံသရာသွားတဲ့အခါ
တရားအမှီအခို ရှိမှကောင်းတယ်…
(ဖြူးဆရာတော် ဘဒ္ဒန္တနရပတိ)
No comments:
Post a Comment